ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပေါက်ကွဲမှုနဲ့ လုယက်မှုတွေ ဆက်တိုက်ကြုံနေရတဲ့ မန္တလေး
စစ်ကောင်စီတပ်တွေရဲ့ ညပိုင်းဖမ်းဆီးမှုတွေနဲ့အတူ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်နေတဲ့ မန္တလေးမြို့မှာ နို၀င်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှာလည်း မြို့တောင်ဘက်အစွန်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလကုန်ပိုင်းကစပြီး ပေါက်ကွဲမှုတွေ နေ့စဥ်ဆိုသလို ဖြစ်နေပြီး စစ်တပ်နဲ့ ဆက်စပ်နေတဲ့ အဆောက်အအုံတွေ၊ နေရာတွေမှာ အဖြစ်များတယ်လို့ မန္တလေး ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။
"အခုလပိုင်းမှာ နေ့စဥ်ဆိုသလို ဖြစ်နေတယ်။ မနက်မဖြစ်ရင် ညဖြစ်၊ ညမဖြစ်ရင် မနက်ဖြစ်တာပဲ။ ရပ်ကွက်ရုံးတွေ ကွဲတာ များတယ်။ မနေ့ကဆို ရပ်ကွက်ရုံး အပစ်ခံရတယ်။ ၁၇ ကျောင်းထဲလည်း ပေါက်တယ်။ အများဆုံးကတော့ ရပ်ကွက်ရုံးတွေ၊ တပ်စွဲထားတဲ့ နေရာတွေ အများဆုံး ဖြစ်တယ်" လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတွေဘက်က အရပ်သားတွေကို ညပိုင်းအချိန်မတော် လှည့်လည် ဖမ်းဆီးတာတွေ ဆက်တိုက်ရှိနေပါတယ်။
စိန်ပန်းရပ်ကွက်၊ မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာတွေဘက်မှာ လူငယ်တချို့ကို စစ်ကောင်စီက ပိုက်စိပ်တိုက် ရှာဖွေ ဖမ်းဆီးတာတွေ ရှိနေသလို လူမှုကူညီရေးအသင်းသားတချို့ကိုလဲ အကြောင်းပြချက်မရှိ ဖမ်းဆီးခံနေရတယ်လို့ လူမှုကယ်ဆယ်ရေး အသင်းတစ်ခု တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အပြင်ထွက်သူနည်းလာပြီး မြို့ထဲတွေမှာပါ လုယက်မှုတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်မှာနေတဲ့ ဒေသခံတစ်ဦးကတော့ "လုယက်မှုတွေက မနက်ခင်းပိုင်းဖြစ်တာများတယ်။ မနက်ခင်းပိုင်း စျေးထွက်တဲ့ အသိတစ်ယောက် အလုခံရတယ်။ ဓားနဲ့ခုတ်တာ၊ ဆိုင်ကယ်လုကြတာ၊ အဖွဲ့လိုက်တဲ့။ အဓိက ကတော့ မနက်စောစော ၅ နာရီခွဲ ၆ နာရီလောက်မှာ စျေးသွားတဲ့သူတွေ လုတာတွေ ခံရတယ်။ ဖမ်းမိတာတော့ မကြားရသေးဘူး" လို့ ဆိုပါတယ်။
လုယက်မှုကို ကိုယ်တွေ့မြင်ခဲ့ရသူတယောက်ကလည်း " အခုရက်ပိုင်း လုယက်မှု အတော်များလာတယ်။ မြို့ထဲတွေထိ အတင့်ရဲလာတယ်။ မနေ့ကဆိုရင် ကျွန်တော့်ရှေ့တင်ပဲ ဖြစ်တယ်။ လမ်း ၉၀ ၃၅ လမ်းမှာ ဖြစ်တယ်။ ဆိုင်ကယ်လုတာလေ။ ညပိုင်းမှာတော့ အပြင်ထွက်မှုတွေ သိပ်မရှိတော့ဘဲ ညနေ ၆ နာရီကျော်လောက်ဆို မန္တလေးမြို့ကြီးက တိတ်ဆိတ်သွားတာပဲ။ ညပိုင်းမှာ ကိုယ့်ကိုယ်ကိုယ်လည်း လုံခြုံရေး မရှိတော့သလို လမ်းမတန်းတွေမှာလည်း လုံခြုံရေး မရှိတော့ဘူး" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဘက်က လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတဲ့ကြားက မန္တလေးမြို့မှာ အခုအချိန်ထိ စစ်အာဏာသိမ်းမှု ဆန့်ကျင်သပိတ်မှောက်မှုတွေ ဆက်တိုက်ရှိနေဆဲ ဖြစ်ပါတယ်။
နေ့စဥ်ရက်ဆက် ပေါက်ကွဲမှုတွေကြောင့် မြို့ရဲ့ လမ်းမကြီးနဲ့ ရပ်ကွက်လမ်းထိပ်တွေအပါဝင် စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေမှာ စစ်ကား၊ ရဲကား၊ အရပ်ဝတ်တွေနဲ့ နေ့စဉ် လှည့်ပတ်နေတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး မြို့တွင်းတိုက်ပွဲလို့ ဆိုနိုင်မယ့် ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား အပြန်အလှန်တိုက်ခိုက်မှုတခုလည်း ဇွန်လ၂၂ ရက်နေ့တုန်းက မန္တလေးမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။