ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မန္တလေးခရိုင်မှာ ဇူလိုင် ၅ ရက်ကစပြီး ကျောင်းတွေယာယီပြန်ပိတ်၊ စားသောက်ဆိုင်တွေ ပါဆယ်စနစ်ပဲရောင်းချရမယ်
မန္တလေးခရိုင်က မြို့နယ် ၇ ခုမှာရှိတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ဇူလိုင် ၅ ရက်ကစပြီး ဆိုင်ထိုင်စနစ်မရောင်းချဘဲ ပါဆယ်စနစ်နဲ့ရောင်းဖို့ ရပ်ကျေးတွေကနေ ဇူလိုင် ၄ ရက်နေ့မှာ စာရွက်တွေ လာပေးတယ်လို့ ဆိုင်ပိုင်ရှင်တချို့က ဘီဘီစီကိုပြောပါတယ်။
" ရပ်ကွက်ရုံးက ဆိုင်တွေကိုလာပေးတာ။ လက်မှတ်ပါ ထိုးပေးရသေးတယ်။ ပါဆယ်စနစ်ရောင်းဖို့ရာပေါ့။ အရင်လိုပါပဲ။ မနက်ဖြန် ပါဆယ်စရောင်းမှာပါ။ အားလုံးမဟုတ်ဘဲ တချို့ဆိုင်တွေ မရောက်ဘူးလို့ သိရတယ်"လို့ ချမ်းအေးသာစံမြို့နယ်က အစားသောက်နဲ့ လက်ဖက်ရည်ဆိုင်ရှင်တစ်ဦးကပြောပါတယ်။
ချမ်းမြသာစည်မြို့နယ်က လက်ဖက်ရည်ဆိုင်ရှင် တစ်ဦးကလည်း ကိုဗစ်စည်းကမ်းနဲ့အညီ ဆိုင်တွေဖွင့် ထားတာဖြစ်လို့ အခုလိုကန့်သတ်ချက်တွေဟာ စီးပွါးရေးအတွက် အထောက်ကူမဖြစ်ဘူးလို့ မှတ်ချက်ပေးပြောဆိုပါတယ်။
ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်ခဲ့စဉ်က ၂၀၂၀ ဇွန်လပိုင်းလောက်မှာ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ပါဆယ်စနစ်ကနေ ကိုဗစ်စည်းကမ်းနဲ့အညီ ဆိုင်ထိုင်စားဖွင့်လှစ်ခွင့်ပြုခဲ့တာပါ။
ရန်ကုန်မြို့မှာလည်း ဗိုလ်တထောင် ၊အင်းစိန် ၊ ဒဂုံအပါအဝင် မြို့နယ်အချို့မှာ လက်ဖက်ရည်ဆိုင်တွေကို ပါဆယ်စနစ်ပဲရောင်းချရမယ်လို့ မနေ့က ဇူလိုင် ၄ ရက်နေ့က စည်ပင်ဌာနကနေ ဆိုင်တွေကို လာရောက်ပြောဆိုခဲ့တယ်လို့ ပိုင်ရှင်အချို့က ဘီဘီစီကိုပြောပါတယ်။
၂၀၂၀ ဒီဇင်ဘာလမှာ မန္တလေးမြို့က မြို့နယ်တွေကို အိမ်တွင်းနေရေး(stay at home)သတ်မှတ်ခဲ့ပါတယ်။ အခုနှစ် ဇူလိုင်၂ရက်နေ့မှာလည်း ကိုဗစ်-၁၉ အတည်ပြုလူနာများလာလို့ ဆိုကာ မန္တလေးခရိုင်ကို အိမ်တွင်းနေရေး ထပ်မံ သတ်မှတ်ခဲ့ပါတယ်။
ဇူလိုင်လအတွင်းမှာ ကိုဗစ်ဓာတ်ခွဲ အတည်ပြုလူနာ နေ့စဉ်များလာကာ ပြင်ဦးလွင်မြို့နယ်ကိုပါ stay at home ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် မန္တလေးခရိုင်က မြို့နယ်အပါဝင် ပြင်ဦးလွင်မြို့နယ်တွေမှာ ဖွင့်လှစ်သင်ကြားနေတဲ့ အခြေခံပညာ ကျောင်းတွေကို ဇူလိုင် ၅ရက်ကစပြီး ၁၆ရက်နေ့ထိ ယာယီပိတ်ဖို့ ခရိုင်ပညာရေးမှူးက ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။