ဆူဒန်မှာ အာဏာသိမ်းပြီး အရပ်သားခေါင်းဆောင် တွေအဖမ်းခံရ

ဖမ်းဆီးမှုလုပ်တာတွေကို မကျေနပ်တဲ့ ဆန္ဒပြသမားတွေ မြို့တော်ခါတွမ်မှာ လမ်းပိတ်ဆို့မှုတွေ လုပ်နေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဖမ်းဆီးမှုလုပ်တာတွေကို မကျေနပ်တဲ့ ဆန္ဒပြသမားတွေ မြို့တော်ခါတွမ်မှာ လမ်းပိတ်ဆို့မှုတွေ လုပ်နေ

ဆူဒန်စစ်တပ်က အရပ်ဘက်အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းလိုက်သလို နိုင်ငံရေးခေါင်းဆောင် တွေကိုလည်းဖမ်းဆီးပြီး နိုင်ငံကို အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။

အရပ်သားခေါင်းဆောင်တွေနဲ့ ပူးတွဲဖွဲ့ထားတဲ့ အုပ်ချုပ်ရေးကောင်စီမှာပါတဲ့ ဗိုလ်ချုပ်ကြီး အာဘ်ဒယ်လ် ဖာတာဘာရန်က အာဏာသိမ်းရတာ နိုင်ငံရေး ခွက်စောင်းခုတ်မှုတွေကြောင့်လို့ အပြစ်ပုံချပါတယ်။

အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ မြို့တော်ခါတွမ်က လမ်းတွေပေါ်ထွက်လာကြပြီး သေနတ်သံတွေလည်း ကြားရတယ်လို့ သတင်းတွေမှာတွေ့ရပါတယ်။

အာဏာသိမ်းခံရတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ဆူဒန်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကာလ အစိုးရအဖွဲ့နဲ့ အခြားအရပ်သားခေါင်းဆောင်တွေ အဖမ်းခံထားရပါတယ်။

အဖမ်းခံခဲ့ ရတဲ့ သူတွေထဲမှာ ဝန်ကြီးချုပ် အက်ဗ်ဒါလာဟမ်ဒေါ့ခ် လည်းပါဝင်တယ်လို့ သိရပြီး ဘယ်ကမှန်းမသိတဲ့ စစ်သားတွေက သူ့ကို အိမ်အကျယ်ချုပ်ချထားတာပါ။

စစ်အာဏာသိမ်းတာဆန့်ကျင်တဲ့ ဒီမိုကရေစီထောက်ခံတဲ့ သူတွေကလည်း ဆူဒန်မြို့တော် ခါတွမ် မြို့က လမ်းတွေပေါ်မှာ ဆန္ဒပြနေကြပါတယ်။

သက်တမ်းရှည် အာဏာရှင် အိုမာအယ်လ်ဘာရှီယားကို လွန်ခဲ့တဲ့ ၂နှစ်က ဖြုတ်ချခဲ့ပြီးနောက် စစ်တပ်နဲ့ အရပ်သားခေါင်းဆောင်တွေ အာဏာခွဲဝေအုပ်ချုပ်ခဲ့ကြပြီး အသွင်ကူးပြောင်းရေးကာလ အစိုးရတစ်ရပ်ကို ထူထောင်ခဲ့ကြပါတယ်။

အာဖရိကမြောက်ပိုင်းနိုင်ငံ ဆူဒန်မြို့တော်က ဗီဒီယိုမှတ်တမ်းတွေထဲမှာ ဆန္ဒပြသမားတွေ စစ်ဌာနချုပ်စခန်းတွေနားကို ရောက်လာကြပြီး စစ်သားတွေကလည်း စောင့်ကြည့်တွေ တာကိုတွေ့ရပါတယ်။

အာဏာသိမ်းတာနဲ့ပတ်သက်လို့ အခုထိ စစ်တပ်ဘက်က ဘာမှ ထုတ်ပြောတာမရှိသေးသလို အရုဏ်မတက်ခင် မနက်အစောပိုင်းကလုပ်ခဲ့တဲ့ ဖမ်းဆီးမှုရဲ့နောက်ကွယ်မှာ ဘယ်သူကြိုးကိုင်နေတယ်ဆိုတာကို လည်း အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ထိန်းသိမ်းခံနေရတဲ့သူတွေကို စစ်တပ်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က လာခေါ်သွားတာဖြစ်ပြီး သူတို့ကို ဘယ်မှာဖမ်းထားတယ်ဆိုတာမသိရသေးဘူးလို့ ဆူဒန် ပြန်ကြားရေးဌာနက ဆိုရှယ်မီဒီယာပေါ်မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

အဲ့ဒီကြေညာချက်ထဲမှာ အွမ်ဒါမန်မြို့က အစိုးရအသံလွှင့်ရုံဌာနချုပ်ကိုလည်း စစ်တပ်က ဝင်စီးနင်း သိမ်းပိုက်ထားတယ်လို့ အစိုးရပြန်ကြားရေးဌာနက ပြောထားပါတယ်။

ပြီးတော့ ဝန်ကြီးချုပ် အက်ဗ်ဒါလာဟမ်ဒေါ့ခ်ကို အာဏာသိမ်းတာကို ထောက်ခံဖို့ ဖိအားပေးခဲ့ပေမယ့် လက်မခံခဲ့သလို စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို လုပ်ဖို့ သူက တိုက်တွန်းတယ်လို့ ကြေငြာချက်ထဲမှာ ရေးထားပါတယ်။

အင်တာနက်လိုင်းတွေကကျနေသလို စစ်တပ်နဲ့ သူတို့ရဲ့ အရံတပ်ဖွဲ့တွေလည်း မြို့တော်ထဲမှာ တပ်ဖြန့် ထားတယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်၊ ခါတွမ်လေဆိပ်ကို ပိတ်ထားပြီး နိုင်ငံတကာလေကြောင်းလိုင်းတွေ ပျံသန်းတာကိုလည်း ရပ်ဆိုင်းထားပါတယ်၊

ဘယ်လို စစ်အာဏာသိမ်းမှုမျိုးကိုမဆို ခုခံတွန်းလှန်ကြဖို့ ဆူဒန်ရဲ့ အဓိက ဒီမိုကရေစီထောက်ခံတဲ့ အဖွဲ့က တောင်းဆိုထားပါတယ်။

၂၀၁၉ ခုနှစ်မှာ လမ်းပေါ်ဆန္ဒပြပွဲတွေ လနဲ့ချီဖြစ်ခဲ့ပြီး သမ္မတ ဘာရှားကို ဖြုတ်ချခဲ့ကြသလို အဲ့ဒီနောက်ပိုင်းမှာလည်း စစ်တပ်နဲ့ အသွင်ကူးပြောင်းရေး အရပ်သားအဖွဲ့တွေ ဆူဒန်နိုင်ငံကို ပူးတွဲ အုပ်ချုပ်ခဲ့ကြတာပါ။

စစ်တပ်နဲ့ အရပ်သားညွှန်ပေါင်းအဖွဲ့ လွတ်လပ်ရေးနဲ့ အသွင်ကူးပြောင်းအဖွဲ့ (FFC)တို့ အာဏာကိုမျှဝေ ညှိနှိုင်းအုပ်ချုပ်ခဲ့ဖို့ သဘောတူခဲ့ကြပြီး အချုပ်အခြာအာဏပိုင်အဖြစ် ကြေညာခဲ့တာပါ။

သူတို့ ၂ ဖွဲ ပူးပေါင်းပြီး ရွေးကောက်ပွဲတွေကျင်းပဖို့နဲ့ အရပ်သားအုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းဖို့ ရည်ရွယ်ချက်နဲ့ နောက်ထပ်တစ်နှစ်ဆက်ပြီး ပူးတွဲ အုပ်ချုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ စစ်တပ်အတွင်းမှာလည်းအစိတ်အပိုင်းတွေကွဲခဲ့သလို ပြိုင်ဖက် နိုင်ငံရေးအဖွဲ့ တွေကြားမှာ လည်း သဘောတူညီချက်တွေချဖို့ အမြဲတမ်းလိုလို အငြင်းပွားမှုတွေ ဖြစ်ခဲ့တာပါ။

ဖြုတ်ချခံခဲ့ရတဲ့ သမ္မတဟောင်း ဘာရှားကို ထောက်ခံသူတွေရဲ့ မအောင်မြင်တဲ့ စက်တင်ဘာလ အာဏာသိမ်းမှု နောက်ပိုင်းမှာလည်း စစ်တပ်နဲ့ အရပ်သားအဖွဲ့တွေကြားက ဆက်ဆံရေးတွေ ပိုတင်းမာ လာခဲ့ပါတယ်။

ဆူဒန်ရဲ့ ဒီမိုကရေစီစနစ်အကူးအပြောင်းကို လက်မခံတဲ့ အဖွဲ့တွေကလည်း မြို့တော်ခါတွမ်မှာ ဒီလထဲမှာ လမ်းပေါ်တက်ဆန္ဒပြခဲ့ကြပြီး စစ်တပ်က အာဏာပြန်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲ့ဒီဆန္ဒပြပွဲဟာ အာဏာကို ပြန်လည်ရယူဖို့ စစ်တပ်ဘက်ကကြိုးစား စီစဥ်မှုတစ်ရပ်လို့ ဒီမိုက‌ရေစီထောက်ခံတဲ့ အဖွဲ့တွေက ပြောကြ ပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကလည်း ထောင်ပေါင်းများစွာသော လူတွေ ခါတွမ်မြို့မှာ အသွင်ကူး ပြောင်းရေးအစိုးရကို ထောက်ခံဆန္ဒပြခဲ့ကြပါတယ်။

ကြားဖြတ်အစိုးရ ကိုထောက်ခံတဲ့ ဆန္ဒပြပွဲတွေ လတ်တလောလတွေအတွင်းမှာ ဖြစ်ပွားခဲ့သလို တစ်ဖက်မှာလည်း တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေက အကျပ်အတည်းတွေဆိုက်ခဲ့ပါတယ်။

၁၉၅၆ခုနှစ်က လွတ်လပ်ရေးရခဲ့တဲ့ ဆူဒန်နိုင်ငံဟာ လွတ်လပ်‌ရေးရပြီးကတည်းက တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်တစ်ခုရဖို့ ကြိုးစားရုန်းကန်နေရပြီး အာဏာသိမ်းမှုတွေနဲ့ အာဏာသိမ်းဖို့ ကြိုးစားမှုတွေလည်း မကြာခဏဖြစ်ခဲ့ပါတယ်။