ဖမ်းဆီးမှု ပစ်ခတ်မှု အသတ်ခံရမှုတွေ ဆက်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်း

ဓာတ်ပုံ ရင်းမြစ်, cj
စစ်ကိုင်းအတွင်းမြို့နယ်အချို့မှာ စစ်ကြောင်းတွေက ဒေသခံအချို့ကို ပီဒီအက်ဖ်အဖွဲ့ဝင်တွေဆိုပြီး ဖမ်းဆီးမှု ပစ်ခတ်မှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က ခင်ဦး၊ မြောင် အပါအဝင် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေထဲမှာ စစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်တာတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ပါတယ်။
ခင်ဦး ပီဒီအက်ဖ်ကတော့ စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ကတည်းက စပြီး ခင်ဦးမြို့ အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးပြီး ဖမ်းဆီးတာတွေရှိလို့ အဲ့ဒီဘက်ကျေးရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။
မုံရွာမြို့မှာလည်း ကျောက္ကာမြောက်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ သူ့အကိုတို့ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ပစ်သတ်ခံခဲ့ရပြီး သူတို့ကို ဒီမနက်၉နာရီ လောက်က အမည်မသိ လက်နက်ကိုင်လူအချို့က လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cj
ခင်ဦးမြို့နယ်ထဲက ပျဉ်ထောင်အပါအဝင် ရွာအချို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ပီဒီအက်ဖ် အဖွဲ့ဝင်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့သူတွေ အများအပြား ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီထဲမှာ ပြန်လည် လွတ်မြောက်လာသူတွေရှိသလို၊ မလွတ်သေးသူတွေလည်းရှိပြီး သေဆုံးသူတွေလည်း ရှိတယ်လို့ဆိုပါတယ်။ အောက်တိုဘာလ ၁၆ရက်နေ့ မနက်ပိုင်းမှာအသက် ၃၉နှစ်အရွယ် ကိုမျိုးဆွေဆိုသူကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းခေါ်သွားပြီး ဒီကနေ့မနက်ပိုင်း ပျဉ်ထောင်ရွာတောင်ဘက်တံတားအနီး သေဆုံးလျှက် တွေ့ရှိခဲ့တယ်လို့ သူမိသားစုဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့ မနက်က သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ ကျောက္ကာမြောက်ရွာက အုပ်ချုပ်ရေးမှူးနဲ ပတ်သက်ပြီး စစ်ကောင်စီဘက်က ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဖို့ပြင်နေတာတွေ့ရတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
စစ်ကားတွေ ရဲတွေ ဆိုင်ကယ်တွေ အောက်တိုဘာလ ၁၇ ရက်နေ့ ည ၈ နာရီလောက်မှာ မုံရွာကနေ ကျောက္ကာရွာဘက်ကို ထွက်သွားတာတွေ့ရတယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ မြို့နယ်အလိုက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ ဖြစ်စဥ်အချို့ကို သတင်းထုတ်ပြန်သလို ဖြစ်စဥ်အချို့ကိုတော့ သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, cj
ဒါ့အပြင် စစ်ကိုင်းတိုင်း မုံရွာ ယာကြီး ကလေးဝလမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ပျူစောထီးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေရှိနေပြီး ခရီးသည်တင်ကားနဲ့ ကုန်ကားတွေ သွားလာလို့မရကြာင်း မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေတယ်လို့လည်း ကလေးမြို့ခံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ကလေး မုံရွာ မန္တလေးကို လမ်းမကောင်းတဲ့ မဟာမြိုင်တောတွင်းက တစ်ဆင့် တန့်ဆည် ရေဦး မုံရွာ လမ်းကို သုံးပြီး သွားလာနေရကြောင်း သူတို့ကပြောပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့ ညနေ (၄)နာရီခန့်က မင်းကင်းမြို့နယ် ပန်းဆက် ကျေးရွာမှာ စစ်ကောင်စီနဲ့ ပျူစောထီးလို့ ယူဆရတဲ့ စစ်အင်အား (၄၀) ခန့် ချင်းတွင်းမြစ်ဘေးက မောက္ကတော်ရွာဘက်ကူးကာ ညအိပ်ကြကြောင်းသိရလို့ အနီးအနားက ရွာသူ ရွာသားများအားလုံး ကြောက်လန့် ပြီးထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ မင်းကင်းမြို့ခံတွေက ပြောပါတယ်၊
မောက္ကတော်ရွာဘက် စစ်ကောင်စီတပ်တွေ လာတာနဲ့ ဆက်စပ်ပြီး သင်တောအုပ်စုကျေးရွာ ၅ရွာက ရွာသူ ရွာသားတွေလည်း ကြောက်ပြီး တိမ်းရှောင်နေကြတယ်လို့ သူတို့က ဆိုပါတယ်။
စစ်ကိုင်းမြို့မှာလည်း ပြီးခဲတဲ့ အောက်တိုဘာ ၁၆ရက်နေ့ ည ၈နာရီကျော်မှာ စစ်ကိုင်းမြို့ အရေးပေါ်ကယ်ဆယ်ရေး (SERT) ပရဟိတ အဖွဲ့ရဲ့ ဦးဆောင်သူ ကိုရှိုင်းကို ကို ဖမ်းဆီးဖို့ စစ်ကောင်စီက အင်အား ၃၀ ဝန်းကျင်နဲ့ လာရောက် ဖမ်းဆီးရင်း နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပေမယ့် ကိုရှိုင်းကို ကို မတွေ့လို့ ငွေကြေး ဆယ်သိန်း ကျော်နဲ့ ဆိုင်ကယ်တစ်စီးကို ယူဆောင်သွားတယ်လို့ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ကိုရှိုင်းကိုက ဘီဘီစီကို ပြောပါတယ်။
ဒီလိုပြောဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက် သတင်းထုတ်ပြန်တာမရှိသေးသလို သီခြား အတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, cj
စစ်ကိုင်းတိုင်းအတွင်းက ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးဘက်ကိုတော့ ဆက်သွယ်ပေမယ့် ဖုန်းလိုင်း အခက်အခဲကြောင့် လက်ရှိအချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။ ဒီပဲယင်း၊ မြောင်၊ ခင်ဦးအပါအဝင် မြို့နယ်အချို့မှာ တော့ စစ်ကောင်စီက အင်အားတိုးတာတွေရှိပေမယ့် ဒီရက်ပိုင်း ပစ်ခတ်တာတွေမရှိဘဲ ငြိမ်သက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတစ်ခုဖြစ်တဲ့ ကလေး - ဂန့်ဂေါလမ်းပိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဆက်တိုက်ဆိုသလို၊ ပစ်ခတ်မှုတွေ၊ ရွာမီးလောင်မှုတွေ ဖြစ်ခဲ့ပေမယ့် ပစ်ခတ်မှုတွေလည်းမရှိတာ ရက်သတ္တပတ်ကြာအထိ ရှိလာတယ်လို့ အဲ့ဒီဒေသခံတွေထံက ဆက်သွယ် သိရှိရပါတယ်။
ဒါပေမဲ့ ကလေး - ဂန့်ဂေါလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေဘက်က ပစ်ခတ်တာတွေ မီးရှို့တာရှိခဲ့လို့ ခရီးသွားလာမူတွေ မရှိသေးဘူးလို့သိရပါတယ်၊
စစ်ကိုင်းတိုင်းကတစ်ဆင့် စစ်ကြောင်းတွေက ဒေသအခေါ်တောင်ပေါ်လို့ဆိုတဲ့ ချင်းပြည်နယ် မင်းတပ်၊ မတူပီနဲ့ ဖလမ်းဘက်ကို အားဖြည့်ကာ တိုက်ခိုက်မှုတွေရှိနေတယ်လို့ဒေသခံ အများစုပြောဆိုချက်အရ သိရပါတယ်။








