စစ်ကောင်စီ လုပ်ရပ်ဟာ အာဆီယံအဖွဲ့ရဲ့ တရားဝင်မှုကိုပါ ထိခိုက်စေတယ်လို့ ဝေဖန်

ဓာတ်ပုံ ရင်းမြစ်, CINCDS
အခု အောက်တိုဘာလ နှောင်းပိုင်း အာဆီယံ ထိပ်သီး အစည်းအဝေး ပြုလုပ်တဲ့ အခါ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ထည့်သွင်း ဖိတ်ကြားတာ မလုပ်ပဲ ချန်ထားခဲ့ဖို့ ကျန်တဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေထံ တိုက်တွန်းထားတဲ့ အိတ်ဖွင့် ပေးစာတစ်စောင်ကို "လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ" အဖွဲ့ APHR ကနေ ထုတ်ပြန်လာပါတယ်။
အဲဒီ စာကို မြန်မာ အရပ်ဖက် အဖွဲ့တွေ၊ ဒေသတွင်း အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ စုစုပေါင်း ၅၂ ဖွဲ့ ကလည်း လက်မှတ် ရေးထိုးထားတာ တွေ့ရပါတယ်။
မြန်မာပြည်သူတွေ အပေါ် ကျူးလွန်တဲ့ စစ်တပ်ရဲ့ ပြင်းထန်ဆိုးရွားတဲ့ ရက်စက်မှုတွေကို အဆုံးသတ်နိုင်အောင် အာဆီယံ အနေနဲ့ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချမှတ် လုပ်ဆောင်ဖို့ စာထဲမှာ တိုက်တွန်းထားပါတယ်။
အာဆီယံဟာ ဘယ်လောက် ယုံကြည်ကိုးစားဖွယ် ကောင်းတဲ့ အဖွဲ့အစည်း အသိုင်းအဝိုင်းလဲ ဆိုတာဟာ မြန်မာအရေးနဲ့ ပတ်သက်ပြီး ဘယ်လို ပြုမူသလဲ ဆိုတဲ့ အပေါ် လုံးလုံးလျားလျား မူတည်နေပြီလို့လည်း အဲဒီ စာထဲမှာ ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဘာ့ကြောင့် အစည်းအဝေးတက်ခွင့် မပေးသင့်ဘူးလို့ ပြောရတာလဲ
မြန်မာအရေးနဲ့ ပတ်သက်ပြီး ရရှိထားတဲ့ အာဆီယံ ဘုံ သဘောတူမှု ၅ ချက်ကို အာဏာသိမ်း စစ်တပ်က လျစ်လျူရှု မျက်ကွက်ပြုနေတာ ထင်ရှားလှပြီး၊ လက်တွေ့ အကောင်အထည် ဖော်ဆောင်ရေးမှာ အာဆီယံ အဖွဲ့နဲ့ အတူ ပူးပေါင်း လုပ်ဆောင်ဖို့ ဆက်လက် ငြင်းဆန် နေတယ်လို့ စာထဲမှာ စွပ်စွဲ ပြစ်တင်ထားပါတယ်။
အဲဒီလို အာဆီယံ ခေါင်းဆောင်တွေ အားလုံးကြား ရယူထားတဲ့ သဘောတူမှုတွေ အပေါ် မြန်မာ စစ်တပ်ဘက်က လေးစားလိုက်နာဖို့ ပျက်ကွက် နေတာကြောင့် မြန်မာ စစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီး အစည်းအဝေးကို ဖိတ်သင့်ရဲ့လား ဆိုပြီး အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးတွေက လောလောလတ်လတ် မှာပဲ မေးခွန်းထုတ် မှတ်ချက်ပြုခဲ့တဲ့ အပေါ် ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။
မြန်မာ အာဏာသိမ်း စစ်တပ်ရဲ့ အပြုအမူဟာ အာဆီယံ အဖွဲ့ကြီး ဖွဲ့စည်းထားရှိ ရတဲ့ အခြေခံ အကြောင်းကိုပါ လာပြီး ထိခိုက်စေတယ်၊ သေးသိမ်စေတယ်လို့လည်း လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ APHR က တဆင့် ထုတ်ပြန်တဲ့ အဲဒီစာထဲ ထောက်ပြ ဝေဖန်ထားပါတယ်။
အာဆီယံ အဖွဲ့ကြီး ဖွဲ့စည်း ထားရှိရတဲ့ အခြေခံ အကြောင်း ဆိုပြီး ပြောဆိုရာမှာ အရှေ့တောင်အာရှ ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆောင်ကြဉ်း ထိန်းသိမ်းရာမှာ အဓိက တာဝန်ယူ လုပ်ဆောင်ဖို့ ဖြစ်တယ် ဆိုတဲ့ အချက်ကို ဒီ စာထဲမှာ ထောက်ပြထားတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အာဆီယံ သဘောတူမှုကို မြန်မာ စစ်တပ်ဘက်က လုံးဝ အလေးမမူပဲ ဖြစ်နေတာကို ဒီအတိုင်းပဲ ကြည့်နေမယ် ဆိုရင် အာဆီယံ အဖွဲ့ ဆိုပြီး ဖွဲ့ထားတာ ဘာမှ အဓိပ္ပာယ်မရှိ ဖြစ်သွားမယ်၊ အသင်းရဲ့ အခန်းကဏ္ဍကို မှေးမှိန်သေးသိမ် စေတယ် ဆိုပြီး ဝေဖန်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UN Myanmar
ဒါ့အပြင် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ အထွေထွေ အကျပ်အတညည်းတွေကြောင့် (ကုလသမဂ္ဂရဲ့ စာရင်းအရ) လူ ၃ သန်း အရေးပေါ် ကူညီကယ်ဆယ်ရေး လိုအပ်နေပြီး၊ အဲဒီလို လိုအပ်နေတာကိုပဲ အာဏာသိမ်း စစ်တပ်က လက်နက် သဖွယ် အသုံးချနေတယ် လို့လည်း ပြစ်တင် ပြောဆို ထားပါတယ်။
လက်နက်သဖွယ် အသုံးပြုတယ်လို့ ဆိုရာမှာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေ သယ်ဆောင် ဖြန့်ဝေမှုတွေကို ပိတ်ပင်တာ၊ ကူးသန်းသွားလာခွင့် အကန့်အသတ်တွေ ချမှတ်တာ၊ ကယ်ဆယ်ရေး ပစ္စည်းတွေကို သိမ်းယူ ဖျက်စီးတာ၊ ပရဟိတဝန်ထမ်းတွေ အပါအဝင် အရပ်သားတွေကို ရန်မူတိုက်ခိုက်တာ စတဲ့ လုပ်ရပ်တွေကို ရည်ညွှန်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အရပ်ဖက် အဖွဲ့ ၅၂ ဖွဲ့ရဲ့ လက်မှတ်တွေနဲ့ ဒီ အိတ်ဖွင့်ပေးစာကို ထုတ်ပြန်တဲ့ APHR အဖွဲ့ဟာ အာဆီယံ နိုင်ငံတွေက လက်ရှိ ပါလီမန် အမတ်တွေ၊ အမတ် အဖြစ် ဆောင်ရွက် ခဲ့ဖူးသူတွေနဲ့ စုပေါင်းပြီး ၂၀၁၃ ခုနှစ်က စလို့ ဖွဲ့ထားတာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ ဒေသတလွှား ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မြှင့်တင်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဥက္ကဌ အဖြစ် ဦးဆောင်နေသူကတော့ လက်ရှိ မလေးရှားပါလီမန် အမတ် ချားလ်စ် ဆန်တီယာဂို ဖြစ်ပြီး၊ သူဟာ မလေးရှား ဒီမိုကရက်တစ် အက်ရှင် ပါတီ ကိုယ်စားပြု သက်တမ်း ၃ ကြိမ် ဆက် ရွေးကောက်တင်မြှောက် ခံထားရသူ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စာကို ဘယ်သူတွေထံ လိပ်မူထားလဲ
အခု ထုတ်ပြန်တဲ့ အိတ်ဖွင့် ပေးစာကို မြန်မာက အပ၊ ကျန် အာဆီယံ အဖွဲ့ဝင် ၉ နိုင်ငံရဲ့ ခေါင်းဆောင်တွေထံ လိပ်မူထားတာ တွေ့ရပါတယ်။
အဓိကကတော့ လာမယ့် အောက်တိုဘာလ နောက်ဆုံး သီတင်းပတ်ထဲ အွန်လိုင်းကနေ တဆင့် အာဆီယံ ထိပ်သီး ညီလာခံ ပြုလုပ်တဲ့ အခါ၊ ကမကထလုပ် ဦးဆောင် ကျင်းပပေးရမယ့် လက်ရှိ အာဆီယံ လက်ရှိ အလှည့်ကျ ဥက္ကဌ ဘရူနိုင်း နိုင်ငံ ဘုရင် လည်းဖြစ်၊ အစိုးရ အဖွဲ့ အကြီးအကဲလည်း ဖြစ်တဲ့ ဆူလ်တန် ဟာဆန်နယ် ဘိုလ်ကီယာကို ထိပ်ဆုံးမှာ လိပ်မူထားပါတယ်။
ဒါ့အပြင် အာဆီယံရဲ့ အဓိက မိတ်ဖက်နိုင်ငံတွေ၊ ဆွေးနွေးဘက် နိုင်ငံ ၁၀ နိုင်ငံက အာဆီယံရေးရာ သံတမန်တွေကိုလည်း လိပ်မူထားပါတယ်။
အာဆီယံရဲ့ ဆွေးနွေးဘက် ၁၀ နိုင်ငံကတော့ ... ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ အီးယူ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနဲ့ အမေရိကန်တို့ပဲ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ရပ်တည်ချက်
အာဆီယံ သဘောတူညီချပ် ၅ ရပ်ဟာ အာဆီယံ နိုင်ငံ ခေါင်းဆောင်တွေရဲ့ အစည်းအဝေး ကနေ ထွက်ပေါ်လာတာ ဖြစ်တယ် ဆိုတဲ့ အချက်ကို စစ်ကောင်စီက အသိအမှတ်ပြု ပြောဆို လေ့ရှိပါတယ်။ သဘောတူညီချက် ထွက်ခဲ့ရာ ဂျကာတာမြို့ အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင် ရှိနေခဲ့ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာကို ကိုယ်စားပြုတဲ့ တရားဝင်မှု တနည်းအားဖြင့် ဒေသတွင်းနဲ့ နိုင်ငံတကာ အလယ် တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုမှုကို လိုချင်တယ်၊ ဒါ့ကြောင့် အဲဒီ သဘောတူမှု ၅ ချက်ဟာ စစ်ကောင်စီ ဥက္ကဌ ကိုယ်တိုင် မြန်မာပြည်ကို ကိုယ်စားပြု သဘောတူထားတဲ့ အချက်တွေ အဖြစ် အသိအမှတ်ပြု လက်ခံတာ ဖြစ်တယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။
ဒီသဘောတူမှုပါ အချက် တစ်ခု ဖြစ်တဲ့ မြန်မာအရေး အာဆီယံ အထူးသံ ခန့်ထားရေး မှာလည်း မြန်မာအရေး အာဆီယံ ဥက္ကဌရဲ့ အထူးကိုယ် စားလှယ် အဖြစ် ဒါတို အီရာဝန် ယူဆွဖ် ကို ခန့်ဖို့ စစ်ကောင်စီက သဘောတူ လက်ခံခဲ့ကြောင်း ပြောလေ့ ရှိပါတယ်။
ဩဂုတ်လဆန်း ကတည်းက အထူးသံ ခန့်ထားခဲ့ပေမယ့် အခုလို ၂ လ ကျော် လာချိန် အထိ ဒါတို အီရာဝန် ယူဆွဖ် မြန်မာပြည် ခရီးစဥ် အထမြောက်လာဖို့ ဖြစ်မလာ သေးတဲ့ အပေါ် အခုလို အာဆီယံ အဖွဲ့တွင်းမှာပါ စစ်ကောင်စီ အပေါ် ဝေဖန် လာနေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
စစ်ကောင်စီရဲ့ ရပ်တည်မှုကတော့ အာဆီယံ ဘုံ သဘောထားဟာ သူတို့ ကိုယ်တိုင် သဘောတူထားတဲ့ အချက်တွေ ဖြစ်တာမှန်တယ်၊ အကောင်အထည် ဖော်တဲ့အခါ စစ်ကောင်စီ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဥ် မူဘောင်တွေ၊ ပြည်တွင်းက ဥပဒေတွေကို မထိခိုက်စေပဲ ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောပါတယ်။
အထူးသံ လာရောက်ဖို့ ကြန့်ကြာနေတာ၊ ညှိမရ ဖြစ်နေတာကလည်း အီရာဝန် ယူဆွဖ်ဘက်က ထိန်းသိမ်းခံ ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံလိုပြီး စစ်ကောင်စီက ဒါဟာ ပြည်တွင်း ဥပဒေတွေနဲ့ မညီဘူး ဆိုပြီး မလိုက်လျောနိုင်တာ ဖြစ်ပါတယ်။
တရားရင်ဆိုင် နေတဲ့ သူတွေနဲ့ တွေ့ခွင့် ပေးဖို့ မဖြစ်နိုင်တဲ့ သဘော စစ်ကောင်စီက ပြောထားပါတယ်။ ဒါပေမယ့် အထူးသံ လာရောက်ရေး ကိစ္စကို ဆက်လက် ညှိနေတယ်၊ လာဖြစ်မယ်ဆိုရင် အာဆီယံ အစည်းအဝေး မတိုင်ခင် ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။









