အာဆီယံ အထူးသံ မြန်မာကို လာဖို့ ဆက်ပြီး ကြန့်ကြာနေရင် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာနိုင်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခု အောက်တိုဘာလ နှောင်းပိုင်း ကျင်းပဖို့ စီစဥ်ထားတဲ့ အာဆီယံ ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ အာဏာသိမ်း စစ်ကောင်စီရဲ့ ဥက္ကဋ္ဌကို ချန်ထားတာမျိုး ဖြစ်လာနိုင်တယ် ဆိုပြီး မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆာအီဖူဒင် အဗ္ဗဒူလာက သတိပေး ပြောကြားပါတယ်။
မြန်မာပြည်ဆိုင်ရာ အာဆီယံ အထူးသံတမန် ဒါတို အီရာဝန် ယူဆွဖ်နဲ့ကြား မြန်မာအာဏာသိမ်း စစ်ကောင်စီက လုံလောက်အောင် ပူးပေါင်း ဆောင်ရွက်မှုမျိုး မရှိဘူးလို့ မလေးနိုင်ငံခြားရေး ဝန်ကြီးက ဝေဖန် ပြောဆိုပါတယ်။
တိုးတက်မှုတွေ ဖြစ်မလာဘဲ အဲဒီလိုသာ ပူးပေါင်းဆောင်ရွက်မှု လုပ်ဖို့ ပျက်ကွက်နေမယ်ဆိုရင် အောက်တိုဘာ ၂၆ ကနေ ၂၈ အထိ ကျင်းပဖို့ စီစဥ်ထားတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ပါဝင်ခွင့် မပေးဘဲ ချန်ထားတာမျိုး အာဆီယံဘက်က ပြုလုပ်လာကောင်း လာလိမ့်မယ် ဆိုပြီး မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောတာ ဖြစ်ပါတယ်။
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အောက်တိုဘာ ၄ ရက်နေ့မှာ အစည်းအဝေး လုပ်ခဲ့ကြောင်း ဆာအီဖူဒင် အဗ္ဗဒူလာက တွစ်တာကနေ တဆင့် အများပြည်သူကို အသိပေး ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဆာအီဖူဒင် အဗ္ဗဒူလာ
မြန်မာ အာဏာသိမ်း စစ်ကောင်စီဘက်က ပျက်ကွက်နေမှုတွေကို အာဆီယံဘက်က စိတ်ပျက်နေကြောင်း အဲဒီ အစည်းအဝေးမှာ သူ ပြောဆိုခဲ့တယ်လို့ ဆာအီဖူဒင်က သူ့ရဲ့ တွစ်တာမှာ ရေးသားပါတယ်။
မြန်မာ အာဏာသိမ်း စစ်ကောင်စီ ဘက်က လက်ခံ သဘောတူမှုနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး ၂ အီရာဝန် ယူစွဖ်ကို မြန်မာဆိုင်ရာ အထူးသံတမန် အဖြစ် အာဆီယံက ခန့်အပ်ထားပါတယ်။
အာဆီယံ အထူသံတမန် တာဝန်နဲ့ မြန်မာနိုင်ငံကို သွားရောက်နိုင်ရေးနဲ့ ပတ်သက်ပြီး အီရာဝန်ယူစွဖ် အနေနဲ့ မြန်မာ အာဏာသိမ်း စစ်ကောင်စီနဲ့ကြား ညှိနှိုင်း နေရဆဲ ဖြစ်တယ်လို့ သံတမန် သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အားလုံးနဲ့ တွေ့ခွင့်ရရေးကို ကြိုးစား နေတယ်လို့ ဒါတို အီရာဝန် ယူစွဖ်က ပြီးခဲ့တဲ့လတုန်းက ထုတ်ဖော် ပြောဆို ထားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် အရလည်း အာရ၀မ် ယူဆွဖ် ခရီးစဥ် အသေးစိတ်ကို နှစ်ဖက် ညှိနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ ဘုံသဘော တူညီချက်တွေ အကောင်အထည် ဖော်နိုင်ရေးကို စစ်ကောင်စီက ပူးပေါင်း ဆောင်ရွက် နေတယ်လို့လည်း ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာလကုန်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံအနေနဲ့ ကြိုဆိုထားပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အာဆီယံရဲ့ အကူအညီတွေလည်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
အာဆီယံရဲ့ အကူအညီတွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက တာ၀န်ယူ ဆောင်ရွက်နေတယ်လို့ ဆိုပေမဲ့ ဘယ်သူတွေကို ဘယ်လိုပုံစံမျိုးနဲ့ ထောက်ပံ့ ကူညီပေးနေသလဲဆိုတဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။
ဧပြီလနှောင်းပိုင်းမှာ ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို မထိခိုက်ဘဲ ပြည်တွင်း တည်ဆဲဥပဒေတွေနဲ့ အညီ တတ်နိုင်သမျှ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
အီရာဝန်ယူစွဖ် ခရီးစဥ် ဖြစ်မြောက်လာဖို့ အချိန်ကြန့်ကြာ နေရတာဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရတဲ့ အရွေးကောက်ခံ ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရရေး ကိစ္စက အဓိက ဖြစ်နိုင်တယ်လို့ အကဲခတ်တချို့က ဆိုပါတယ်။
ဖမ်းဆီးခံထားရပြီး အာဏာသိမ်း စစ်တပ်ရဲ့ ပုဒ်မ အမျိုးမျိုးတပ် စွပ်စွဲ ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အီရာဝန် ယူစွပ်ဖ်ကို ပေးတွေ့တာမျိုး စစ်ကောင်စီဘက်က ခွင့်ပြုလာဖွယ် လက်ရှိ အနေအထားအရတော့ မရှိဘူး ဆိုတဲ့ သုံးသပ်မှုတွေ ရှိပါတယ်။
ဒါ့အပြင်၊ စစ်ကောင်စီဘက်ကလည်း သူတို့ ခွင့်ပြုမှာ မဟုတ်ကြောင်း အခုရက်ပိုင်းမှာပဲ ပြောဆိုတာမျိုး လုပ်လာပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ကို တရားရင်ဆိုင်နေရတဲ့ သူတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာတွေ ခွင့်ပြုဖို့ အခက်အခဲရှိတယ်လို့ စစ်ကောင်စီဘက်က ပြည်တွင်း သတင်းမီဒီယာတွေကို တုံ့ပြန် ဖြေကြားတာမျိုး ပြုလုပ်ပါတယ်။
တရား၀င်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ပဲ ခွင့်ပြုပေးမယ်လို့ ဆိုပေမယ့် အသေးစိတ် အချက်အလက်တွေကို ပြောတာမျိုးတော့ မရှိပါဘူး။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ အဂတိလိုက်စားမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေအပါအ၀င် အမှုပေါင်း ၁၁ မှုနဲ့ စစ်ကောင်စီဘက်က လက်ရှိမှာ တရားစွဲထားပါတယ်။









