ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာအတွက် ကုလလျာထားရံပုံငွေ တစ်ဝက်တောင် မရနိုင် ဖြစ်နေ
မြန်မာနိုင်ငံထဲက ကုလသမဂ္ဂ အရေးပေါ် အကူအညီပေးရေး လုပ်ငန်းတွေ အတွက် ဘတ်ဂျက်လိုအပ်မှု ပြဿနာ အတော်လေး ကြုံတွေ့နေရတယ် ဆိုတဲ့ အချက် ထွက်ပေါ် လာပါတယ်။
အလှူရှင်တွေဆီက ရရှိထားနိုင်သမျှ ရံပုံငွေတွေဟာ လျာထားဘတ်ဂျက်ကို မပြည့်မှီပဲ အတော်လေး လျော့နည်းနေတယ်လို့ ဆိုပါတယ်။
အဲဒီ အချက်ကို မြန်မာနိုင်ငံထဲ ထားရှိတဲ့ ကုလသမဂ္ဂ အဖွဲ့ရဲ့ ခေါင်းဆောင် အင်ဒရူး ကာ့ခ်ဝုဒ်ကိုယ်တိုင် ထုတ်ဖော် ပြောလာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲ လူသားချင်း စာနာနားလည်မှု ဆိုင်ရာ အရေးပေါ် အကူအညီတွေ လုပ်ဆောင်နိုင်ဖို့ ဒေါ်လာ ၃၈၅ သန်း လိုအပ်တယ်ဆိုပြီး ကုလသမဂ္ဂက အလှူရှင် နိုင်ငံတွေကို တောင်းဆိုထားတာ ဖြစ်ပါတယ်။
အခု အောက်တိုဘာ ပထမပတ် အထိ နောက်ဆုံး ရထားတဲ့ စာရင်းဇယား အချက်အလက်တွေ အရ မြန်မာအတွက် ထူထောင် ထားနိုင်တဲ့ ရံပုံငွေ၊ တစ်နည်းအားဖြင့် အလှူရှင်နိုင်ငံတွေ ဆီက ရရှိထားနှင့်ပြီး ငွေပမာဏဟာ လျာထားငွေ ဒေါ်လာ ၃၈၅ သန်း အောက် အများကြီး လျော့နည်းနေပြီး ထက်ဝက်တောင်မှ မရှိဘူးလို့ မစ္စတာ ကာ့ခ်ဝုဒ်က ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလ ဌာနေကိုယ်စားလှယ်ရဲ့ ဖွင့်ဟမှု
မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရဲ့ လက်ရှိ ဌာနေကိုယ်စားလှယ် အင်ဒရူး ကာ့ခ်ဝုဒ်က ဗြိတိန်ရဲ့ ဩဇာကြီး သတင်းစာ Financial Times သတင်းစာနဲ့ မေးမြန်းခန်းမှာ ဖွင့်ဟ သွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကပ်ကြီး ၃ ပါး ဒဏ်ကြောင့် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ် လို့လည်း မစ္စတာ ကာ့ခ်ဝုဒ်က ထပ်လောင်း ပြောဆိုပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခဒဏ်၊ စီးပွားရေး အကျပ်အတည်းဒဏ်နဲ့ ကိုဗစ် နိုင်တင်း ဒဏ် ၃ မျိုး ပေါင်းပြီး မြန်မာနိုင်ငံဟာ ဖိစီးခံနေရတယ်လို့ မစ္စတာ ကာ့ခ်ဝုဒ်က ဆိုပါတယ်။
မြန်မာနိုင်ငံထဲ တကျော့ပြန် စစ်အာဏာသိမ်းခံရမှုနဲ့ နောက်ဆက်တွဲ ပေါ်ပေါက် လာတဲ့ အဖြစ်အပျက်တွေဟာ ကမ္ဘာရဲ့ အာရုံစိုက်မှု အချက်အခြာ နေရာမှာ ရှိခဲ့ပေမယ့်၊ အာဖဂန်နစ္စတန် နိုင်ငံ ဖြစ်ရပ် ပေါ်ပေါက်လာတဲ့ နောက်မှာတော့ မြန်မာ့အရေးဟာ လောင်းရိပ် မိသလို ဖြစ်သွားပြီး ဦးစားပေး နေရာကနေ ကျဆင်း သွားခဲ့တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။
အာဖဂန်နစ္စတန်ကို တာလီဘန်တွေက စစ်ရေးနည်းနဲ့ ပြန်လည် ထိန်းချုပ် သိမ်းပိုက်လိုက်တဲ့ နောက်ပိုင်း အခု လတ်တလော လတွေမှာ ကမ္ဘာရဲ့ ဦးစားပေး အာရုံစိုက်မှုဟာ မြန်မာနိုင်ငံဆီကနေ ရွေ့လျားသွားခဲ့တယ်လို့ ဆိုကြပါတယ်။
ကုလက ဆော်ဩထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အသုံးငွေ ပမာဏ ပြည့်မီအောင် မရနိုင် ဖြစ်နေရတာဟာ ကမ္ဘာ့မျက်နှာစာမှာ အာဖဂန်နစ္စတန် အရေး ထိပ်တန်း ရောက်လာ တာကလည်း တကြောင်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။
လူ ၃ သန်း ကို အရေးပေါ် အကူအညီပေးဖို့ လိုအပ်နေ
လက်တွေ့ မြန်မာနိုင်ငံထဲ ကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေကတော့ လျော့သွားတာမျိုးမဟုတ်ပဲ အထက်မှာ ပြောခဲ့သလို ကပ်ဘေး ၃ ခု ရဲ့ ဒဏ်ကို စုပေါင်း ခံနေရတယ်လို့ ကုလဌာနေကိုယ်စားလှယ် မစ္စတာ ကာ့ခ်ဝုဒ်က ထောက်ပြပါတယ်။
"ဒီနှစ်ထဲမှာ လူတွေ နောက်ထပ် သိန်းနဲ့ချီပြီး အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးရပါတယ်။ စစ်ရေး ပဋိပက္ခကြောင့်ရော ကိုဗစ်နိုင်တင်းဒဏ်ကြောင့်ပါ အလုပ်အကိုင် နေရာတွေ၊ အခွင့်အရေးတွေ ဆုံးရှုံး သွားကြရတဲ့ အတွက် ဆင်းရဲမွဲတေမှု လိုင်းအောက်ကို နောက်ထပ် သန်းပေါင်းများစွာ ကျရောက်လာပါတယ်။
အခြေခံ ကုန်ပစ္စည်း စျေးနှုန်းတွေ မြင့်တက်လာပြီး၊ နေ့စဥ် စားဖို့သောက်ဖို့ အတွက်ရော၊ ကျန်းမာရေး အတွက် လိုအပ်တဲ့ ဆေးဝါးတွေ အတွက်ပါ မတတ်နိုင်တော့တဲ့ သူတွေ အဆမတန် များလာပါတယ်" လို့ မစ္စတာ ကာ့ခ်ဝုဒ်က ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်တွေစွန့်ခွာ ထွက်ပြေးကြရသူတွေ အနည်းဆုံး နှစ်သိန်းတစ်သောင်းငါးထောင် ၂၁၅၀၀၀ ရှိပါတယ်။
အထွေထွေ အကျပ်အတည်းတွေကြောင့် အရေးပေါ် အကူအညီတွေ ပေးဖို့ လိုအပ်တဲ့ အရေအတွက်ဟာ မြန်မာနိုင်ငံထဲ စစ်အာဏာသိမ်းမှု မတိုင်ခင် လူဦးရေ ၁ သန်း ရှိတယ်လို့ ကုလ အေဂျင်စီ အဖွဲ့တွေက သတ်မှတ်ထားပါတယ်။
အခု အခါမှာတော့ နောက်ထပ် ၂ သန်း တိုးပြီး လူ ၃ သန်းစာကို အရေးပေါ် အကူအညီတွေ ပေးဖို့ လိုနေတယ်လို့ ကုလသမဂ္ဂက နိုင်ငံတကာ အလှူရှင်တွေကို ဆော်ဩနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲ စာနာမှု အကူအညီတွေ ပေးတဲ့ လုပ်ငန်းတွေဟာ အာဏာသိမ်း စစ်တပ် အတွက် နိုင်ငံရေး အရ အသုံးချစရာ ဖြစ်သွားမယ့် အပေါ် တချို့ အလှူရှင် နိုင်ငံတွေ အနေနဲ့ စိုးရိမ်နေကြလား ဆိုတဲ့ တွက်ဆမှုတွေကို မစ္စတာ ကာ့ခ်ဝုဒ်က ပယ်ချပါတယ်။
"အဲဒီလို စိုးရိမ်ချက် ရှိနေကြလို့ ရံပုံငွေတွေ ပြည့်မှီအောင် မထူထောင်နိုင် ဖြစ်နေတာလို့ ကျွန်တော် မထင်ပါဘူး။ စာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေကို ကုလ အေဂျင်စီ အဖွဲ့တွေနဲ့ အတူ မြန်မာနိုင်ငံထဲက INGO တွေ၊ အရပ်ဖက်အဖွဲ့တွေလို ကုလနဲ့မိတ်ဖက် အဖွဲ့အစည်းတွေက တိုက်ရိုက် ကိုင်တွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ အကောင်အထည် ဖော်မှု နည်းနာဟန်ပန်တွေဟာ ကျွန်တော်တို့ ကိုင်စွဲတဲ့ မူဝါဒတွေကနေ သွေဖီမှု မရှိပါဘူး။ သွေဖီနိုင်တယ်လို့ အလှူရှင်တွေဘက်ကလည်း စိုးရိမ် မနေပါဘူး" ဆိုပြီး မစ္စတာ ကာ့ခ်ဝုဒ်က ဆိုပါတယ်။