စစ်ဘေးနဲ့ကိုဗစ်ကပ်ဘေးကြားက ကရင်နီစစ်ရှောင်ပြည်သူတွေ

ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာဖြစ်နေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်ရတဲ့ကျေးရွာတွေပိုများလာသလို စစ်ရှောင်ပြည်သူတွေလည်း သိန်းချီရှိနေတဲ့အခြေအနေမှာ ကိုဗစ်ရောဂါကူးစက်မှုတွေလည်းမြင့်တက်လာတယ်လို့ကရင်နီလူမှုအဖွဲ့အစည်းတွေကထုတ်ပြန်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာတော့ ကရင်နီပြည်နယ်အတွင်းကိုဗစ်ရောဂါကူးစက်မှုကို အတိုင်းအတာ တစ်ခုထိထိန်းချုပ်နိုင်ခဲ့ပေမယ့် စက်တင်ဘာလထဲနှစ်ဖက်တိုက်ပွဲတွေပြန်စချိန်မှာတော့ စစ်ဘေးတိမ်းရှောင်မှုတွေကြား ကိုဗစ်ရောဂါ တကျော့ပြန်လည်မြင့်တက်လာတာဖြစ်တယ်လို့ ကရင်နီနယ်ထဲက ကိုဗစ်စင်တာတာဝန်ခံတွေကပြောပါတယ်။

''စက်တင်ဘာလကစပြီး ကိုဗစ် ဖြစ်နှုန်းတက်လာတယ်။ တိုက်ပွဲတွေ စဖြစ်တော့ အကုန် စုပြေးရတယ်။ ဒီလထဲမှာလည်း ထပ်ပြီးကူးစက်နှုန်းမြင့်ဦးမယ်။စစ်ရှောင်စခန်း တစ်ခုကိုတနေ့က စစ်လိုက်တာဆိုရင် ၆၈ ယောက် တပြိုင်တည်းတွေ့တယ်။ ဒီရက် ပိုင်းလည်း တနေ့ကို ၁၀ ယောက် လောက်ဆက်တွေ့နေတယ်။ထိန်းလို့ရတဲ့အဆင့်တော့ရှိမှာ မဟုတ်ဘူး။ ကာကွယ်ဆေး လက်လှမ်း မမီနိုင်ဘူး။သေဆုံး တာ၊ အောက်ဆီဂျင်ကျတာတွေ မဖြစ်အောင်ကြိုးစားနေရတယ်''နွေဦးဂုရုလေးများကိုဗစ်စင်တာ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၇ရက်မှာတော့ ကိုဗစ်စင်တာမှာ ကိုဗစ်လူနာ စုစုပေါင်းအယောက် ၅၀ ရှိနေပြီးဒါဟာစင်တာဖွင့်လှစ်တဲ့ကာလတလျှောက်လူနာအရေအတွက်အများဆုံးတပြိုင်တည်းကုသပေးရတဲ့အခြေအနေဖြစ်တယ်လို့စင်တာတာဝန်ခံကဆက်ပြောပါတယ်။

ကိုဗစ်လူနာတွေထဲမှာတော့ အသက်အငယ်ဆုံး ၁လခွဲအရွယ်ရှိတဲ့ ကလေးငယ်တစ်ဦးအပါအဝင် အသက် ၁၀နှစ်အောက်ကလေးငယ် တွေလည်းပါဝင်နေတယ်လို့ နွေဦးဂုရုလေးများကို ဗစ်စင်တာကတာဝန်ခံကပြောပါတယ်။

လက်ရှိဒီးမောဆိုအရှေ့ဘက်အခြမ်းမှာဆိုရင် စစ်ရှောင်ပြည်သူတွေရဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ အတွက်နဲ့ကိုဗစ်ရောဂါအတွက် နွေဦးဂုရုလေးများ အဖွဲ့ကဖွင့်လှစ်ပေး ထားတဲ့ ကိုဗစ်စင်တာတစ်ခုသာရှိပြီး ဝန်နဲ့အားမမျှတဲ့လိုအပ်ချက်တွေလည်း ရှိနေတယ်လို့အဖွဲ့ ကပြောပါတယ်။

" ဒီးမောဆို အရှေ့ဘက်အခြမ်းမှာ ကျွန်တော်တို့ဖွင့်ထားတဲ့ကိုဗစ်စင်တာတစ်ခုပဲရှိတယ်။ စစ်ရှောင်ပြည်သူတွေအတွက်ကိုရော တခြားရွာတွေကကျန်းမာရေးစောင့်ရှောင့်မှုတွေ အတွက်ကိုရောလုပ်ပေးနေရပေမယ့် ဆရာဝန်မရှိဘူး။ သူနာပြုဆရာ ၆ယောက် ကိုဗစ်အတွက် ၃ယောက်၊တခြားကျန်းမာရေးစောင့်ရှောက်မှုအတွက် ၃ ယောက်ခွဲလုပ်ပေးနေရတယ်။ လိုအပ်တဲ့ဆေးဝါးကုသမှုတွေအတွက် ဆရာဝန် ၂ယောက်ကို အင်တာနက်ကနေဆက်သွယ်ပြီး ပုံတွေပို့ပေး၊ ကုသပေး အဲ့ဒီလိုပုံစံနဲ့လုပ်နေရတယ် ''လို့ နွေဦးဂုရုလေးများအဖွဲ့က တာဝန်ရှိသူ ကပြောပါတယ်။

ဒါ့အပြင်ကိုဗစ်စင်တာမှာအသုံးပြုဖို့ဆေးဝါးလိုအပ်ချက်၊ PPE လိုအပ်ချက်တွေနဲ့ အောက်ဆီဂျင်လိုအပ်ချက်တွေအတွက် အခက်အခဲတွေဖြစ်နေပြီးဆေးဝါး သယ်ယူမှုလမ်းကြောင်း တွေမှာလည်း စစ်ကောင်စီဘက်က ဖမ်းဆီးမှုတွေရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိကရင်နီပြည်နယ်အတွင်းမှာတော့ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေး တပ်တွေကြားကတိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၁ သိန်း ၃သောင်းကျော်ရှိနေပြီဖြစ်ပြီး စစ်ရှောင်စခန်းတချို့မှာလည်း ရိက္ခာပြတ်လပ်မှုတွေ ရင်ဆိုင်ရတော့မယ့်အကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့တွေကပြောဆိုထားပါတယ်။