ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်ကိုရီးယားနဲ့ အရေးပေါ် ဆက်သွယ် ရေးလမ်းကြောင်း မြောက်ကိုရီးယား ဘက်က ပြန်ဖွင့်
နယ်စပ်ကိုဖြတ်ပြီး တောင်ကိုရီးယားနဲ့ ချိတ်စက်ထားတဲ့ အရေးပေါ် ဆက်သွယ် ရေးဖုန်းလိုင်း တွေကို မြောက်ကိုရီးယားဘက်က ပြန်ဖွင့်လိုက်ပါတယ်။
ငြိမ်းချမ်းရေးရဖို့ အတွက် တောင်ကိုရီးယားနဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ဖို့ ဆန္ဒရှိတယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ထုတ်ပြောလိုက်ပြီး ရက်ပိုင်းအကြာမှာ အခုကိစ္စဖြစ်လာတာပါ။
ဒါပေမဲ့ သူတို့ နှစ်နိုင်ငံကြားက ဆက်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်တဲ့ကိစ္စဟာ တောင်ကို ရီးယား အာဏာပိုင်တွေရဲ့ သဘောထားပေါ်မူတည်တယ်လို့ မြောက်ကိုရီးယားဘက်က ပြောထား တာလည်းရှိပါတယ်။
မြောက်ကိုရီးယားဟာ မကြာခင်ရက်ပိုင်းအတွင်းက ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်လုပ်ခဲ့ပြီး လက်နက်တိုးချဲ့မှုတွေလျော့ချဖို့ အစီအစဥ်မရှိသေးဘူးဆိုတာပြတဲ့အနေနဲ့ တစ်လမပြည့်သေးတဲ့ အချိန်အတွင်းမှာဘဲ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှု ၄ကြိမ်လုပ်ခဲ့ပါတယ်။
သြဂုတ်လနောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ ဒီနေ့ တနင်္လာနေ့က နှစ်နိုင်ငံကိုယ်စားလှယ်တွေ ကြား ပထမဆုံးအနေနဲ့ အပြန်အလှန်ဖုန်းပြောခဲ့ကြတယ်လို့ တောင်ကိုရီးယားအစိုးရ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက အတည်ပြုပါတယ်။
တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ဆက်သွယ်ရေးလမ်းကြောင်းပြန်ပွင့်သွားတာဟာ နှစ်နိုင်ငံကြား ဆက်ဆံရေး ပြန်လည်တည်ထောင်ဖို့ အခြေခံအုတ်မြစ်ပြန်တိုးတက်လာပြီလို့ တောင်ကိုရီးယား အစိုးရက သဘောထားတယ်လို့ အဲ့ဒီဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
တောင်နဲ့မြောက်နှစ်နိုင်ငံကြားက အရေးပေါ်ဆက်သွယ်ရေး လမ်းကြောင်းဟာ ပြတ်သွားလိုက် ပြန်ဆက်လိုက်ဖြစ်နေတာ အကြိမ်ကြိမ်ရှိပါပြီ။
နှစ်နိုင်ငံ ဆက်ဆံရေးတွေ တိုးတက်လာဖို့ ရည်ရွယ်ချက်နဲ့ ဆောက်ထားတဲ့ တောင်နဲ့ မြောက်ကိုရီးယား နယ်စပ်ရုံးကိုလည်း နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ပျက်သွားပြီးနောက် မြောက်ကိုရီးယားဘက်က ၂၀၂၀ခုနှစ်ထဲမှာ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။
စစ်ဘက်ဆက်သွယ်ရေးလမ်းကြောင်းတွေနဲ့ ခေါင်းဆောင်တွေအကြား အရေးပေါ် ဆက်သွယ်ရေးလမ်းကြောင်းတွေအပါအဝင် တောင်ကိုရီးယားနဲ့ ဆက်သွယ်ရေး လမ်းကြောင်းအားလုံးကိုမြောက်ကိုရီးယားဘက်က အဲ့ဒီနှစ်ထဲမှာပဲ ဖြတ်ပစ်ခဲ့ပါတယ်။
အဲ့ဒီကနေ ဒီနှစ်သြဂုတ်လမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေ ခဏပြန်ပွင့်လာပေမဲ့ တောင်ကိုရီးယားနဲ့ အမေရိကန် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေလုပ်ပြီးနောက်မှာတော့ ပြန်ပိတ်သွားခဲ့ပါတယ်။
၁၉၅၃ခုနှစ် ကိုရီးယားစစ်ပွဲ အဆုံးသတ်သွားပြီးနောက်ပိုင်း ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုမှ မရသေးတာကြောင့် မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားနှစ်နိုင်ငံဟာ စစ်ဖြစ်နေဆဲ နိုင်ငံတွေလို့ ပြောလို့ရပါတယ်။
တောင်ကိုရီးယားဘက်က စစ်ရေးလှုပ်ရှားမှုတွေ စံနူန်းနှစ်မျိုးနဲ့လုပ်နေတယ်လို့ မြောက်ကိုရီးယား ဘက်က ဆက်တိုက် စွပ်စွဲနေပါတယ်။
မြောက်ကိုရီးယားက ရန်စလာရန် ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရေငုပ်သင်္ဘောကနေ ပစ်နိုင်တဲ့ ပထဆုံး ပဲ့ထိန်းဒုံးကျည်တစ်စင်းကို တောင်ကိုရီးယားက မကြာခင်က စမ်းသပ် ခဲ့ပါတယ်။
နျုကလီးယားလက်နက်တွေ စွန့်လွှတ်ဖို့ မြောက်ကိုရီးယားကို အမေရိကန်ကတောင်းဆိုနေသလို သမ္မတဂျိုးဘိုင်ဒန်အစိုးရအဖွဲ့နဲ့ မြောက်ကိုရီးယားရဲ့ဆက်ဆံရေးကလည်း အဖုအထစ်တွေရှိနေပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားကို တွေ့ရတာကတော့ ကိုယ်ပိုင်ကာကွယ်ရေး အကြောင်းပြချက် လက်နက်အသစ်တွေစမ်းသပ်ဖို့ ကိစ္စကို ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားပုံရပါတယ်။