ကုလညီလာခံနီးလို့ NUG ရဲ့ ကြေညာချက်ထွက်လာတာလို့ စစ်ကောင်စီတုံ့ပြန်

စစ်အုပ်ချူပ်ရေးကို တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြ

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, စစ်အုပ်ချူပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြ

စက်တင်ဘာ ၇ ရက် က စပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူလူထုရဲ့ ခုခံ တွန်းလှန် စစ် စတင်ပြီလို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ယာယီ သမ္မတ ဒူဝါလရှီးလက အာဏာသိမ်း စစ်ကောင်စီ အပေါ် စစ်ကြေညာ လိုက်ပါတယ်။

ဒီတော်လှန်ရေးဟာ ပြည်သူလူထုရဲ့ တော်လှန်ရေး ဖြစ်တဲ့ အတွက် စစ်အုပ်ချူပ်ရေးကို တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြ ဆိုပြီး NUG သမ္မတက ပန်ကြား လိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေး PDF တပ်တွေ အနေနဲ့ မိမိတို့ ဒေသထဲမှာ ရှိနေတဲ့ စစ်အာဏာရှင်နဲ့ ဒေါက်တိုင်တွေကို ပစ်မှတ်ထား ထိန်းချုပ်ကြ ဆိုပြီးတော့လည်း ကြေညာချက်ထဲ ပါဝင်ပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အားလုံး အလုပ်နေရာတွေကနေ ချက်ခြင်း စွန့်ခွာကြ၊ PDF တွေ အနေနဲ့ အများပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို သတိထား ကာကွယ် စောင့်ရှောက်ကြ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထုတ်ပြန်ထားတဲ့ စစ်ဘက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေကို တသွေမတိမ်း လိုက်နာကြပါ ဆိုပြီးတော့လည်း သမ္မတ ဒူဝါလရှီးလက ညွှန်ကြားပါတယ်။

အများပြည်သူတွေ အနေနဲ့ အခုကာလမှာ မလိုအပ်ပဲ ခရီးမသွားကြဖို့နဲ့ ဆေးဝါးရိက္ခာတွေ စုဆောင်းထားကြဖို့ NUG သမ္မတက တိုက်တွန်းရင်းမှာပဲ စစ်ကောင်စီ တပ်တွေရဲ့ လှုပ်ရှားမှု သတင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေထံ အကြောင်းကြားဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို တတ်နိုင်သမျှ ကူညီကြဖို့လည်း ဆော်ဩထားတာ တွေ့ရပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ အနေနဲ့လည်း စစ်ကောင်စီ တပ်တွေကို တိုက်ခိုက်ကြဖို့၊ မိမိတို့ရဲ့ နယ်မြေတွေကို အပြည့်အဝ ထိန်းချုပ်ကြဖို့ NUG သမ္မတက ဆော်ဩထားတာ တွေ့ရပါတယ်။

အခုတော်လှန်ရေးဟာ တရားမျှတတဲ့ တော်လှန်ရေး၊ ရေရှည် ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ တော်လှန်ရေး ဖြစ်တယ်လို့လည်း သမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောဆို သွားပါတယ်။

ဗိုလ်ချုပ် ဇော်မင်းထွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, NUG ဘက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ နီးကပ်လာချိန်မှာ အခုလို ကြေညာတာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြော

စစ်ကောင်စီရဲ့ တုံ့ပြန်ချက်

NUG ရဲ့ အခု ကြေညာချက်ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ နီးကပ်လာချိန်မှာ ချိန်ကိုက် လုပ်ဆောင်ပြသမှု တစ်ရပ် ဖြစ်တယ်ဆိုပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။

ကုလ အထွေထွေညီလာခံရဲ့ အစမှာ နိုင်ငံတွေကို ကိုယ်စားပြုခွင့် စစ်ကောင်စီနဲ့ NUG အပြိုင်လျှောက်ထားလာမယ့် အပေါ် "Credentials Committee" လို့ ခေါ်တဲ့ အရည်ချင်းစစ် ကော်မတီက စိစစ် ရမယ့် ကိစ္စကို ဗိုလ်ချုပ် ဇော်မင်းထွန်း ရည်ညွှန်းတာ ဖြစ်ပါတယ်။

NUG က အခုလို ကြေညာခြင်း အားဖြင့် ကုလ အထွေထွေ ညီလာခံမှာ ဘယ်လို အားသာချက် ရမှာလဲ ဆိုတာကို ပြောဆိုတာမျိုးတော့ မတွေ့ရပါဘူး။

နောက်တစ်ချက် အနေနဲ့ ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံတဝန်းမှာ တည်ငြိမ်မှုကို လိုလားတဲ့ ပြည်သူတွေရဲ့ ပူးပေါင်း ကူညီမှုနဲ့ PDF တပ်ဖွဲ့ဝင်တွေကို ဖော်ထုတ် ဖမ်းဆီးတာ၊ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းတာတွေ လုပ်နိုင်တာကြောင့် NUG ဘက်က အရှိန်ပြန်မြှင့် လိုတဲ့အတွက် အခုလို ကြေညာတာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ကိုဗစ် နိုင်တင်း ကပ်ရောဂါ ထိန်းချုပ်ကိုင်တွယ်ရေးနဲ့ ကာကွယ်ဆေးထိုးရေး ကိစ္စကို စစ်ကောင်စီက လုပ်ဆောင်နေတာကို နှောင့်ယှက် ဖျက်စီးဖို့ NUG က လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆို ပါတယ်။

အစားအစာနဲ့ ဆေးဝါးတွေ စုထားကြဖို့ NUG ရဲ့ တိုက်တွန်းမှု အပေါ် ပြည်သူလူထု ကြောက်လန့် အောင် ပြောဆိုမှု အဖြစ် စစ်ကောင်စီ ပြောခွင့်ရက ဝေဖန်ရင်းမှာပဲ အခြေခံ စားနပ်ရိက္ခာတွေ ပြတ်လပ်သွားဖို့ မရှိဘူးလို့လည်း အာမခံ ပြောကြားပါတယ်။

KNU

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, "KNU ဟာ စစ်ရေးနဲ့ ပတ်သက်ပြီး ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ကတည်းက 'ဒီ-ဒေး' D- Day လို့ပဲ ပြောရမယ်" -ပဒိုကွယ်ထူးဝင်း

ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ သုံးသပ်ချက်

NUG ရဲ့ ကြေညာချက်ဟာ "တိုက်ပွဲခေါ်သံ" "စစ်ခေါ်သံ" ဆိုတဲ့ သဘော ရှိတယ် ဆိုပြီး ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ ဒုတိယ ဥက္ကဌ ပဒိုကွယ်ထူးဝင်းက ဘီဘီစီကို ပြောပါတယ်။

စိတ်ဓာတ် မြှင့်တင်စေလိုတဲ့ သဘောနဲ့ NUG က အခုလို ကြေညာတာလည်း ဖြစ်နိုင်တယ်လို့ စောကွယ်ထူးဝင်းက ဆိုပါတယ်။

NUG အနေနဲ့ ဘယ်အတိုင်းအတာ အထိ လုပ်ဆောင်နိုင်မလဲ ဆိုတာ ဘယ်လောက် အတိုင်းအတာ အထိ ပြင်ဆင်ထားနှင့်ပြီလဲ၊ အသင့် ရှိနေပြီလဲ ဆိုတဲ့ အပေါ် မူတည်လိမ့်မယ်လို့လည်း KNU ရဲ့ ထိပ်တန်းခေါင်းဆောင်က ပြောပါတယ်။

NUG ရဲ့ ကြေညာချက်ထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုလည်း စစ်ကောင်စီ တပ်တွေကို တိုက်ခိုက်ဖို့ ဆော်ဩထားတာ ပါဝင်တဲ့ အပေါ် ပဒိုကွယ်ထူးဝင်းက "KNU ဟာ စစ်ရေးနဲ့ ပတ်သက်ပြီး ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ကတည်းက 'ဒီ-ဒေး' D- Day လို့ပဲ ပြောရမယ်" လို့ ဆိုပါတယ်။

NUG ရဲ့ အခုလို ကြေညာချက် မထွက်ခင်ကတည်းက စစ်ကောင်စီ အပေါ် တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ လက်နက်ကိုင် တိုက်ခိုက် တွန်းလှန်ကြဖို့ ကြေညာလာမယ့်နေ့ကို D- Day ဆိုပြီး ရည်ညွှန်း ခေါ်ဆို နေခဲ့ကြတာ ဖြစ်ပါတယ်။ အခုလို စက်တင်ဘာ ၇ ရက် နေ့ မှာ ကြေညာချက် ထွက်လာတဲ့ အခါမှာလည်း NUG က D-Day ကြေညာပြီ ဆိုပြီး ရည်ညွှန်း ပြောနေကြပါတယ်။

ပဒိုကွယ်ထူးဝင်းကလည်း အဲဒီအပေါ် မူတည်ပြီး ကရင့်တော်လှန်ရေး စတင်ခဲ့တဲ့ သမိုင်းနေ့ရက်နဲ့ ယှဥ်တွဲ ပြောဆိုတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေကို တိုက်ခိုက်သွားမှာလား ဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ "KNU အနေနဲ့ အလုံးစုံ စစ်ရေးကို သွားမယ်ဆိုတဲ့ အတိုင်းအတာမျိုး မရှိဘူး၊ ဒါပေမယ့် အဆုံးစွန် ကိုယ့်ကိုယ့်ကိုယ် ကာကွယ်ရေး ဆိုတဲ့ အပိုင်းတော့ ရှိတယ်လို့" ပဒိုကွယ်ထူးဝင်းက ဖြေဆိုပါတယ်။

"နိုင်ငံရေးနည်းနဲ့ ပြဿနာကို ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပဲ၊ အချိန်ယူရမယ်၊ ပေးဆပ်မှုတွေ အများကြီး ရှိလိမ့်မယ်" လို့လည်း ပဒိုကွယ်ထူးဝင်းက ဆိုပါတယ်။

"လက်ရှိ အချိန်မှာ အာဆီယံရဲ့ အထူးသံတမန်က အပစ်ရပ်ဖို့ တောင်းဆိုထားချိန်၊ NUG က စစ်ကြေညာလာတဲ့ သဘော ဖြစ်နေတယ်။ အများကြီး စဥ်းစားရလိမ့်မယ်" လို့လည်း ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

ဗီဒီယို ပုံစာ, အာဆီယံရဲ့ ၄ လ အပစ်ရပ်တောင်းဆိုမှုအပေါ် တိုင်းရင်းသားတွေရဲ့ အမြင်

ကုလမှာ မြန်မာကို ကိုယ်စားပြုခွင့်ရရေး အပေါ် NUG ကြေညာချက် ရိုက်ခတ် လာနိုင်သလား

NUG ရဲ့ စက်တင်ဘာ ၇ ရက် စစ်ရေး ကြေညာချက်ဟာ ကုလ အထွေထွေ ညီလာခံ နီးလာချိန် ဆောင်ရွက်မှု အဖြစ် စစ်ကောင်စီ ပြောခွင့်ရက ပုံဖော် ပြောဆိုတဲ့ အတွက် တကယ်ပဲ စစ်ရေး ကြေညာချက်ဟာ ကုလမှာ နိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ အထောက်အကူ ဖြစ်စေမှာလား ဆိုတာ မေးခွန်း ထွက်လာစေပါတယ်။

ကုလ အရည်ချင်းစစ်ကော်မတီအတွင်း ဆန်းစစ်ခံကြရတဲ့အခါ စစ်ကောင်စီရဲ့ အားသာချက်ဟာ နယ်မြေတွေကို ချုပ်ကိုင်ပြီး အာဏာကို လက်တွေ့ ကျင့်သုံး နိုင်တဲ့ အချက်၊ NUG ရဲ့ အားသာချက်ဟာ ဒီမိုကရက်တစ်မူဘောင်တွေနဲ့ ကိုက်ညီပြီး ရွေးကောက်ပွဲကတဆင့် တရားဝင်မှုကို ဆက်ခံထားနိုင်တဲ့ အချက် ဆိုပြီး ပြည်တွင်း ပြည်ပ ပညာရှင်တွေ၊ ကုလအရေး ကျွမ်းကျင်သူတွေက ဘီဘီစီကို ပြောကြပါတယ်။

ကမ္ဘာ့ ငြိမ်းချမ်းရေးကို မထိခိုက် စေရမယ့် အချက်၊ လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို စောင့်ရှောက် ကာကွယ်ပေးရမယ့် အချက်တွေကို ကိုင်စွဲပြီး ကော်မတီ အဖွဲ့ဝင် နိုင်ငံတွေက ဆန်းစစ်ပေးရမယ့် တာဝန် ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

လက်ရှိမှာတော့ အဲဒီ အခြေခံ စံတွေနဲ့ အာဏာသိမ်း စစ်ကောင်စီဟာ မကိုက်ညီတဲ့ အတွက် Defacto လို့ ခေါ်တဲ့ လက်တွေ့ နယ်မြေ ထိန်းချုပ် အာဏာကျင့်သုံး နိုင်တာနဲ့တင် တရားဝင် အစိုးရ အဖြစ် နိုင်ငံတကာ မိသားစုက အသိအမှတ်ပြုဖို့ ခက်နိုင်တယ် ဆိုပြီး ဖက်ဒရယ် ဥပဒေရေးရာ အကယ်ဒမီ ကျောင်းအုပ်ကြီးလည်းဖြစ်၊ ဥပဒေ အထောက်အကူပြု ကွန်ရက် ထူထောင်သူ ဦးအောင်ထူးက သုံးသပ်ပါတယ်။

အခု အခါမှာတော့ ကုလသမဂ္ဂ အပါအဝင် အမေရိကန်၊ ဗြိတိန်၊ အီးယူ၊ ရုရှား၊ တရုတ် အားလုံးက ထောက်ခံမှု ပေးနေတဲ့ အာဆီယံ ကြားဝင် ဖြေရှင်းရေး လမ်းကြောင်းမှာ အာဆီယံ အထူးသံက စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ဝင်နိုင်ဖို့ မြန်မာပြည်ထဲ အပစ်ရပ်ကြဖို့ တောင်းဆို ထားချိန် ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီတောင်းဆိုမှုကို စစ်ကောင်စီက မငြင်းဘူးလို့လည်း အာဆီယံ အထူးသံကပဲ နိုင်ငံတကာ သတင်း မီဒီယာထက် လောလောလတ်လတ်မှာပဲ ပြောဆို ထားပါတယ်။

ဒီတော့ NUG က အခုလို တိုက်ပွဲခေါ်လိုက်တာဟာ နိုင်ငံတကာ မိသားစုက ဝိုင်းဝန်း တွန်းအားပေး နေတဲ့ လမ်းကြောင်းနဲ့ မကိုက်ညီပဲ ဖြစ်နေလား ဆိုတဲ့ မေးခွန်းမျိုးလည်း ရှိလာစေပါတယ်။

လက်ရှိ NUG/CRPH တို့ရဲ့ အန္တိမ နိုင်ငံရေး ရည်မှန်းချက်ဟာ စစ်အာဏာရှင် အမြစ်ဖြုတ်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်တဲ့ အတွက် အဲဒါတွေဟာ နိုင်ငံတကာက ဖန်တီး ပေးလို့ ရတဲ့ ကိစ္စတွေ မဟုတ်ဘူး၊ မြန်မာပြည်သူတွေ ကိုယ်တိုင် ဖန်တီး တည်ဆောက်ယူရမှာမျိုး ဖြစ်တယ်လို့ အရင် အဝေးရောက် ညွန့်ပေါင်း အစိုးရ NCGUB ရဲ့ ကက်ဘိနက် အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီး တစ်ဦး အနေနဲ့ ကုလအပါအဝင် နိုင်ငံတကာ မျက်နှာစာမှာ ထိုးဖောက် လှုပ်ရှားခဲ့သူ ဦးဘိုလှတင့်က ဘီဘီစီကို ပြောပါတယ်။

ကုလမှာ မြန်မာကို ကိုယ်စားပြုခွင့်ကို NUG ရဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းပဲ ဆက်ပြီး ရရှိသွားမယ် ဆိုဦးတော့ စစ်အာဏာရှင် စနစ် အမြစ်ဖြတ်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ဒီမိုကရေစီ အင်အားစုတွေ ဆက်လက် လှုပ်ရှား ကြိုးစား ရုန်းကန်ရမှာ ဖြစ်တယ်လို့ ဦးဘိုလှတင့်က ပြောတာ ဖြစ်ပါတယ်။

တကယ်လို့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ဟာ ကုလဆိုင်ရာ မြန်မာ သံ နေရာကို ရရှိ ခဲ့ရင်လည်း စစ်ကောင်စီ အနေနဲ့ နိုင်ငံတကာရဲ့ ဆုံးဖြတ်ချက်၊ တောင်းဆိုချက်တွေ အပေါ် ပူးပေါင်း လိုက်နာ ဆောင်ရွက်ရမယ့် တာဝန်တွေ ရှိလာလိမ့်မယ်လို့လည်း ဦးဘိုလှတင့်က သုံးသပ်ထားပါတယ်။

NUG

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, NUG ရဲ့ D-Day ကြေညာချက်နဲ့ မဆိုင်ပဲ တိုက်ပွဲ ဖြစ်တာလို့ ပဒိုကွယ်ထူးဝင်း ပြော

NUG ကြေညာချက် ထွက်လာတဲ့နေ့ လက်တွေ့ မြေပြင် တိုက်ပွဲ အခြေအနေ

စက်တင်ဘာ ၇ ရက်နေ့ ရရှိထားတဲ့ သတင်းတွေ အရ KNU တပ်မဟာ ၄ ထိန်းချုပ်မြေ မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲမှာ KNU နဲ့ စစ်ကောင်စီကြား နှစ်ဘက် ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

ပုလောမြို့နယ်ထဲက ပိန္နဲတောင် ရွာအနီးမှာ ဖြစ်ကြတာလို့ ဆိုပါတယ်။ စစ်ကောင်စီ အင်အား ၁၅၀ ဝန်းကျင်ဟာ စစ်ကြောင်း နှစ်ခု ခွဲပြီး ဝင်လာတာကနေ တိုက်ပွဲ စတင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တခါ၊ ထားဝယ်ဒေသ သရက်ချောင်း မြို့နယ်ထဲမှာလည်း ဒေသကာကွယ်ရေး တပ် PDF နဲ့ စစ်ကောင်စီ တပ်ဖွဲ့ကြား တိုက်ပွဲငယ်တစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ထားဝယ်ဒေသ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် အနောက်ဘက်ကမ်းကို စစ်ကြောင်း ထိုးဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို PDF ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

တပ်မဟာ ၄ နယ်မြေထဲ တိုက်ပွဲ ရှိတာနဲ့ ပတ်သက်ပြီး ပဒိုကွယ်ထူးဝင်းက "အဲဒါဟာ NUG ရဲ့ D-Day ကြေညာချက်နဲ့ မဆိုင်ပဲ ပုလောမြို့နယ် အရှေ့ခြမ်းမှာ KNU/KNLA တပ်ရင်း ၇ တပ်စွဲထားပြီး အဲဒီနယ်ထဲ ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ကြား တိုက်ပွဲ ဖြစ်ခဲ့တာ" လို့ ဆိုပါတယ်။

ကယားမှာလည်း တိုက်ပွဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကယားမှာလည်း တိုက်ပွဲဖြစ်

တခါ၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ထဲမှာ ဆိုရင်လည်း အစူးချောင်း ကျေးနယ်အုပ်စု နယ်မြေတွေထဲ စစ်ကောင်စီ ခမရ (၄၀၅) က စစ်ကြောင်း ၂ ကြောင်းဟာ စက်တင်ဘာ ၆ ရက် ည သန်းခေါင်းကျော်လောက်က စပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ဒေသခံတွေ စိုးရိမ် ထိတ်လန့်ခဲ့ရတယ် ဆိုပြီး KNU ဘက်က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

မြို့ပေါ် အခြေအနေတွေကို ကြည့်ရင်လည်း အတည်ပြုထားနိုင်သလောက် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်နယ်ထဲက ကံသာရွာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စစ်ကောင်စီခန့် ရွာအုပ်ချုပ်ရေးမှူးရဲ့ နေအိမ် ဗုံးခွဲ တိုက်ခိုက် ခံထားရတဲ့ အတွက် ရွာထဲကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မကြာခဏ ဝင်ရောက် ရှာဖွေ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့ကြောင့် ရွာသူရွာသားတွေဟာ ဘေးလွတ်ရာ တိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တွေ့နေခဲ့ရပြီး စစ်ကောင်စီဘက်ကလည်း အင်အားသုံး ဖြိုခွင်းတာတွေ အဆက်မပြတ် ရှိနေခဲ့တဲ့ မုံရွာ မြို့မှာလည်း NUG ကြေညာချက် ထွက်လာပြီးနေ့မှာ စျေးထဲ အခြေခံ စားကုန်တွေကို မနက်ပိုင်း တိုးဝှေ့ဝယ်တာမျိုးတွေ ဖြစ်ခဲ့ပြီး စျေးဆိုင်တွေ မွန်းမတည့်ခင်မှာပဲ စောစောစီးစီး ပိတ်သွားတာ တွေ့ရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ မွန်းလွဲပိုင်းမှာတော့ မုံရွာကမ်းနားလမ်းကနေ ပေါက်ကွဲသံ တချို့ ထွက်လာတယ်လို့ ကနဦး သတင်းတွေ ရထားပါတယ်။

စက်တင်ဘာ ၇ရက် မွန်းလွဲပိုင်းမှာတော့ ကယားရဲ့ လွိုင်ကော်နဲ့ ဒီမော့ဆိုမြို့ကြားက ဒေါပိုးစီ ကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ လက်နက်ကိုင် အဖွဲ့တွေ တိုက်ပွဲ ဖြစ်လာနေတယ် ဆိုတဲ့ သတင်းတွေ ရထားပါတယ်။

ဗီဒီယို ပုံစာ, စစ်ကောင်စီရဲ့ တန့်ဆည်မြို့က ရှာဖွေစီးနင်းမှုတွေ