တရုတ်အထူးသံ ဆွန်းကော်ရှန်းရဲ့ သီတင်းတစ်ပတ်ကျော်ကြာ နေပြည်တော် ခရီးစဥ်မှာ ဘာတွေ ထူးခြားခဲ့လဲ

တရုတ်ပြည်မကြီး အစိုးရရဲ့ အာရှရေးရာ ဆိုင်ရာ အထူးသံတမန် ဆွန်းကော်ရှန်း သြဂုတ်လ နှောင်းပိုင်းရက်တွေမှာ မြန်မာပြည်ထဲ ရှိနေခဲ့တယ်ဆိုတဲ့ အချက် ပေါ်ထွက်လာပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးတို့ အပါအဝင် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တချို့နဲ့ ဆွန်းကော်ရှန်း တွေ့ဆုံခဲ့တယ် ဆိုတာကို ဘေဂျင်း နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့် ရှိသူက အတည်ပြု ပြောဆိုထားပါတယ်။

အခုလို ဘေဂျင်း အစိုးရရဲ့ အဆင့်မြင့် ကိုယ်စားလှယ် နေပြည်တော် ခရီးစဥ် ရှိခဲ့တဲ့ အပေါ် အာဏာသိမ်း စစ်ကောင်စီဘက်က နှုတ်ဆိတ်နေခဲ့ပြီး ဘေဂျင်းဘက်က ထုတ်ဖော်ပြောမှပဲ သတင်းမီဒီယာတွေထက် ရောက်လာတာ ဖြစ်ပါတယ်။

မြန်မာအရေး ဖိအားပေးရေးလမ်းကို ဆန့်ကျင်မယ်ဆိုတဲ့ ဘေဂျင်း အစိုးရ သဘောထား

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ရာ အားပေး ထောက်ခံကြောင်း တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ဝမ်ဝန်ပင်းက ဆွန်းကော်ရှန် ခရီးစဥ် အကြောင်း ပြောရင်းမှာပဲ၊ မြန်မာအရေး မလျော်ကန်တဲ့ ပြည်ပ စွက်ဖက်မှုတွေကို ဆန့်ကျင်တယ်လို့လည်း တပါတည်း ထည့်သွင်း ပြောသွားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံထဲ လူမှုဘဝ တည်ငြိမ်ရေး ပြန်လည်ရရှိဖို့၊ တတ်နိုင်သမျှ ဆောလျင်စွာနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ပြန်လည် စတင်နိုင်ဖို့ စတာတွေကို တရုတ်နိုင်ငံ အနေနဲ့ အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အတူ လက်တွဲ ဆောင်ရွက် သွားမယ်လို့လည်း ပြောခွင့်ရ ဝမ်က ဆိုပါတယ်။

တရုတ်ပြည်ကနေ ရန်ကုန် ဆိပ်ကမ်း အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် ကားလမ်း- ရထားလမ်း ကုန်သွယ်ရေး လမ်းကြောင်းသစ် စတင် ဖွင့်လှစ် ဖော်ဆောင်နိုင်ချိန် ကာလနဲ့ တိုက်ဆိုင်ပြီး တရုတ် အထူးသံရဲ့ မြန်မာပြည် ခရီးစဥ် ရှိနေခဲ့တာ ဖြစ်ပါတယ်။

တရုတ်ပြည်ထိ ပို့မယ့် ကုန်တွေ ရန်ကုန်ဆိပ်ကမ်းကို ပင်လယ်ကူး သင်္ဘော ကွန်တိန်နာတွေနဲ့ ရောက်လာ၊ ကုန်းတွင်း ကားလမ်းကနေ ချင်းရွှေဟော် နယ်စပ်ဂိတ်ထိ ပို့ ၊ အဲဒီကနေမှ စီချွမ်မြို့တော် ချန်တူးအထိ ရထားနဲ့ တင်မယ့် လမ်းကြောင်း အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီလို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တရုတ်ဘက်က ထုတ်ဖော် ပြောထားပါတယ်။

မြန်မာနိုင်ငံထဲက စီးပွားရေး အကျိုးအမြတ်တွေ အတွက် အာဏာသိမ်း စစ်တပ်ကို နိုင်ငံတကာ မျက်နှာစာမှာ တရုတ် ပြည်မကြီး အစိုးရက အကာအကွယ် ပြုပေးထားတယ် ဆိုပြီး ဒီမိုကရေစီ အင်အားစုတွေ၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစုတွေက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားပါတယ်။

ဘေဂျင်းအစိုးရကတော့ အဲဒီ စွပ်စွဲချက်တွေ အပေါ် ငြင်းဆိုပြီး မြန်မာအရေးကို ဒေသတွင်း အဖွဲ့ဖြစ်တဲ့ အာဆီယံက ကမကထလုပ် သံခင်းတမန်ခင်းနည်းနဲ့ ဆွေးနွေး အဖြေရှာရေး လမ်းကြောင်းကို သူတို့လည်း ထောက်ခံ အားပေးတယ် ဆိုပြီး ပြောဆိုနေပါတယ်။

အချိန်ယူပြီး တွေ့သင့်သူ အားလုံးနဲ့ တွေ့ဆုံခဲ့

"မစ္စတာ ဆွန်းကော်ရှန်း တွေ့ခဲ့တဲ့ သူတွေထဲ အစိုးရ အဖွဲ့ရုံး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်လည်းပါဝင်တယ်။ ဆွေးနွေးခဲ့ကြတာတွေထဲ မြန်မာအရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည် ဖော်ဆောင်ရေး၊ ကိုဗစ် ထိန်းချုပ်ရေးမှာ တရုတ်အစိုးရရဲ့ ကူညီနေမှု စတာတွေ ပါဝင်တယ်" လို့ စစ်ကောင်စီ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက နောက်ပိုင်း ဘီဘီစီကို အတည်ပြု ပါတယ်။

ဆွန်ကော်ရှန်းရဲ့ ခရီးစဥ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ဘီဘီစီကို ဖြေဆိုတဲ့ အထဲ မြန်မာနိုင်ငံထဲ စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ ကိစ္စတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်နဲ့ ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်နိုင်ဖို့ ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆွန်းဟာ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဥ်ထဲ တရုတ်အစိုးရကို ကိုယ်စားပြုပြီး ထဲထဲဝင်ဝင် ပါဝင်လာခဲ့တာကို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်း တွေ့မြင် နေခဲ့ရပါတယ်။

အထူးသဖြင့် မြောက်ပိုင်းအခြေစိုက်အဖွဲ့တွေနဲ့ ယူနန်ထဲမှာရော မြန်မာဘက်ခြမ်းမှာပါ ထိတွေ့ ပြောဆို ဆွေးနွေးမှုတွေ လုပ်နေခဲ့သူ ဖြစ်ပါတယ်။

ဆွန်းကော်ရှန်းရဲ့ ဩဂုတ်လ နှောင်းပိုင်း ခရီးစဥ်ကို အာဏာသိမ်း စစ်ကောင်စီက ဘာ့ကြောင့် အထူးတလည် နှုတ်ဆိတ်တာမျိုး ပြုမူခဲ့တာလည်း ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဆွန်းကော်ရှန်းရဲ့ နေပြည်တော် ခရီးစဥ်မှာ စစ်ကောင်စီ အသိုင်းအဝိုင်းရဲ့ ပြင်ပ ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား အင်အားစု တို့ကို ကိုယ်စားပြုသူတွေနဲ့ သီးခြားစီ တွေ့ဆုံတာမျိုး ရှိခဲ့လား ဆိုတာလည်း မရှင်းလင်းပါဘူး။

ဆွန်ကော်ရှန်းဟာ အခုတစ်ခေါက် မြန်မာခရီးစဥ်မှာ သီတင်းတစ်ပတ်ကျော် အကြာ ဩဂုတ်လ ၂၁ ကနေ ၂၈ အထိ ၈ရက် အချိန်ယူ နေထိုင်ခဲ့တာ ဘာ့ကြောင့်လဲ ဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ ဗိုလ်ချုပ် ဇော်မင်းထွန်းက "အဓိကကတော့ အချိန်ယူ ဆွေးနွေးတာပါပဲ၊ တွေ့ဆုံသင့်တဲ့သူတွေ အကုန်လုံးနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်" ဆိုပြီး တုန့်ပြန် ဖြေဆိုပါတယ်။

ဆွန်းကော်ရှန်းရဲ့ အစဥ်အဆက် တာဝန်တစ်ခု ဖြစ်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကို အကူအညီ ပြုပေးနိုင်ရေး ကိစ္စကို အခုတစ်ခေါက် ခရီးစဥ် မြန်မာ စစ်ဘက် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးရာမှာ ပါဝင်တ​ယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ဘီဘီစီကို ဖြေကြားချက်တွေအရ သိရပါတယ်။

ဆွန်းကော်ရှန်းနဲ့ ဆွေးနွေးတယ် ဆိုတဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်တွေဟာ ပြည်တွင်းမှာ လက်ရှိ ပေါ်ပေါက်နေတဲ့ ဗုံးခွဲမှု၊ တိုက်ခိုက်မှုတွေလို ဖြစ်ရပ်တွေထက် စာရင် အီးအေအိုလို့ အင်္ဂလိပ်လို အတိုကောက် ခေါ်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ကြားက ငြိမ်းချမ်းရေး ဖြစ်စဥ်ကို အဓိက ဆိုလိုတဲ့ အကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဆွန်းကော်ရှန်း တွေ့ခဲ့သူတွေထဲပါတဲ့ ဗိုလ်ချုပ်ကြီး ရာပြည့်ဟာ မြန်မာစစ်တပ်ဘက်က လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို အဓိက ဦးဆောင်နေသူ တစ်ယောက် ဖြစ်ပါတယ်။

ဆွန်ကော်ရှန်းနဲ့ ဆွေးနွေးခဲ့ခြင်းရဲ့ ရလာဒ်တွေ အနေနဲ့ ဘာရှိလဲ ဆိုတာကိုတော့ တရုတ်အကူအညီနဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို အီအေးအို နယ်မြေတွေ၊ စစ်ဘေးရှောင် အိုင်ဒီပီ စခန်းတွေထဲမှာ ထိုးပေးရေးကိစ္စတွေကို အောင်အောင်မြင်မြင် ဆွေးနွေးနိုင်ခဲ့တယ်လို့ ဥပမာပေးပြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ဖြေဆိုပါတယ်။