ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်မှာ သေဒဏ်ချခံထားရတဲ့ ကနေဒါနိုင်ငံသားရဲ့ အယူခံရှုံး
တရုတ်ပြည်မှာ မူယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ ကနေဒါနိုင်ငံသားရဲ့ အယူခံ တင်သွင်းမှုကို တရုတ် တရားရုံးက ပယ်ချလိုက်ပါတယ်။
ရောဘတ်လွိုက် ရှဲလင်ဘာ့ဂ်ဟာ ပြစ်မှုကျုးလွန်ကြောင်း အထောက်အထား သက်သေတွေ ခိုင်လုံတဲ့အတွက် သေဒဏ်ကို အတည်ပြုလိုက်တယ်လို့ တရားရုံးက ပြောပါတယ်။
ရှဲလင်ဘာ့ဂ်ကို မူလက ထောင်၁၅နှစ် ချထားပေမယ့် ချထားတဲ့ ပြစ်ဒဏ်နည်းလွန်းတယ်ဆိုပြီး ၂၀၁၉ မှာ အယူခံ တရားရုံးက ပြောခဲ့ရာက သေဒဏ်ချမှတ်တဲ့အထိ ဖြစ်ခဲ့တာပါ။
ကနေဒါနဲ့ တရုတ်တို့ ဆက်ဆံရေး ဆိုးရွားနေချိန်မှာ အခုလို အယူခံ ပယ်ချတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံဆိုင်ရာ ကနေဒါသံအမတ် ဒေါမနစ် ဘာတန်က ပြစ်တင်ရှုတ်ချခဲ့ပြီး ဒီလို ဆုံးဖြတ်ချက်ချတာဟာ "တိုက်ဆိုင်မှု မဟုတ်ဘူး" လို့ ပြောခဲ့ပါတယ်။
ဒီတရားရုံး ဆုံးဖြတ်ချက်ချချိန်ဟာ ကနေဒါမှာ တရားရင်ဆိုင်နေရတဲ့ ဟွာဝေးကုမ္ပဏီ အမှုဆောင်အရာရှိ မန်ဝမ်ကျိုးကို အမေရိကန် လွှဲပြောင်းပေးရေး ကိစ္စရှိနေချိန်လည်း ဖြစ်ပါတယ်။
ဟွာဝေး ကုမ္ပဏီတည်ထောင်သူရဲ့ သမီး မန်ဝမ်ကျိုးဟာ အမေရိကန် ဖမ်းဝရမ်းအမိန့်နဲ့ ကနေဒါမှာ ထိန်းသိမ်းခံနေရတာ ဖြစ်ပါတယ်။
ဓားစာခံ သံတမန်နည်းလမ်းကို တရုတ်က ကျင့်သုံးနေတာလို့ အစောပိုင်းတုန်းက တရုတ်ကို ကနေဒါက စွပ်စွဲထားပေမယ့် ဒီကိစ္စနှစ်ခုကြား ဆက်စပ်မှုမရှိဘူးလို့ တရုတ်ဘက်က ငြင်းဆိုထားပါတယ်။
စပဗ်ဗာကို အမိန့်ချဖို့ရှိ
ရှဲလင်ဘာ့ဂ်ကို ၂၀၁၄ ခုနှစ်က တရုတ်ပြည်မှာ ဖမ်းဆီးခံခဲ့ရပြီး မက်သာဖက်တမင်း ၂၂၇ ကီလိုဂရမ်ကို တရုတ်ကနေ သြစတြေးလျကို မှောင်ခိုတင်သွင်းဖို့ ကြိုးစားမှုနဲ့ တရားစွဲဆိုခံခဲ့ရ ပါတယ်။
ဒါပေမယ့် ဒီစွပ်စွဲချက်ကို ရှဲလင်ဘာ့ဂ်ကငြင်းဆိုခဲ့ပြီး ကမ္ဘာလှည့်ခရီးသည်တစ်ယောက် အနေနဲ့ တရုတ်ပြည်ကို သူရောက်လာတာလို့ ပြောပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ သူ့ကို ထောင်ဒဏ် ၁၅ နှစ် အပြစ် ပေးခဲ့ပါတယ်။
ဒါပေမယ့် သူပြစ်ဒဏ်ကျခံရပြီး ရက်ပိုင်းအကြာမှာ အမေရိကန်ဘက်က ထုတ်ထားတဲ့ ဖမ်းဝရမ်း အရ ဟွာဝေးကုမ္ပဏီ အဆင့်မြင့် အမှုဆောင်အရာရှိ မန်ဝမ်ကျိုးကို ကနေဒါမှာ ဖမ်းဆီးခဲ့ပါတယ်။
မန်ဝမ်ကျိုးကို ပြန်မလွှတ်ဘူးဆိုရင် မမျှော်လင့်တဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ တရုတ်ဘက်က အဲ့ဒီအချိန်တုန်းက သတိပေးထားတာ ရှိပါတယ်။
သူကျခံနေရတဲ့ ထောင် ၁၅ နှစ် ပြစ်ဒဏ်ကို ရှဲလင်ဘာ့ဂ်က အယူခံဝင်ခဲ့ပေမယ့် လျှော့ပေါ့ပေးရမယ့်အစား သူ့ကျခံနေရတဲ့ ပြစ်ဒဏ်က နည်းလွန်းတယ်ဆိုပြီး တရုတ်တရားသူကြီးတွေက သူ့ကို သေဒဏ်အထိတိုးပြီး ပြစ်ဒဏ်ချပါတယ်။
သူဟာ နိုင်ငံတကာမူးယစ်မှောင်ခိုမှုထဲမှာ ထဲထဲဝင်ဝင်ပတ်သက်ခဲ့တယ်လို့ သူ့အမှု စစ်ဆေးစဥ်မှာ တရုတ် တရားသူကြီးတွေက ပြောပါတယ်။
တရားရုံးမှာ သက်သေအထောက်အထား အသစ်တွေ မတင်သွင်းနိုင်တဲ့ အတွက် ပြစ်ဒဏ်တိုး မချသင့်ဘူးလို့ ရှဲလင်ဘာ့ဂ်ရဲ့ ရှေ့နေ ကျန်းတုန်ရှိုက ရိုက်တာသတင်းဌာနကို အဲ့ဒီတုန်းက ပြောခဲ့ ပါတယ်။
ရှဲလင်ဘာ့ဂ်အမှုအပြင် တခြားကနေဒါနိုင်ငံသားတစ်ယောက်အမှုကိုလည်း ဒီတစ်ပတ်ထဲမှာ တရုတ်တရားရုံးက အမိန့်ချဖို့ရှိပါတယ်။
မိုက်ကယ်စပဗ်ဗာကို သူလျှိုလုပ်တယ်လို့ စွပ်စွဲပြီး ကနေဒါနိုင်ငံသား သံတမန်ဟောင်း မိုက်ကယ် ကိုဗရစ်နဲ့ အတူ ပြီးခဲ့တဲ့ ၂ နှစ်က ဖမ်းဆီးခဲ့ပါတယ်။ သူတို့ဖမ်းခံရတဲ့ အချိန်က ကနေဒါမှာ မန်ဝမ်ကျိုး ထိမ်းသိမ်းခံရတာနဲ့ ရက်ပိုင်းပဲ ကွာပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက မိုက်ကယ်စပဗ်ဗာကို တရုတ်နိုင်ငံမြောက်ပိုင်း တန်းတုန်းမြို့မှာ ၂နာရီ ကြာတရားရုံးတင် စစ်ဆေးခဲ့ပြီး ဘာအမိန့်မှမချဘဲ အဆုံးသတ်ခဲ့ပါတယ်။
ဒီကိစ္စကိုကိုင်တွယ်ဖို့ တရုတ်ပြည်ကိုလွှတ်ခံရတဲ့သူအပါအဝင် ကနေဒါ သံအမတ်တွေကို တရားရုံး ထဲဝင်ခွင့် မပေးခဲ့ပါဘူး။
အပြင်လူတွေ မပါဘဲ ရုံးပိတ် တရားစီရင်တဲ့ကိစ္စက လုံးဝ လက်ခံနိုင်စရာမရှိဘူးလို့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးကလည်း အဲ့ဒီတုန်းက ပြောခဲ့တာရှိပါတယ်။