စစ်တွေက မွတ်ဆလင်ရွှေ့ပြောင်းစခန်းတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ရှိ

စစ်တွေက မွတ်ဆလင်ရွှေ့ပြောင်းစခန်းတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, CJ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ မွတ်ဆလင် IDP စခန်းတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေထိုးပေးသွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက အတည်ပြုပြောကြားပါတယ်။

လက်ရှိမှာတော့ စစ်တွေမြို့နယ်အတွင်းမှာ ရှိတဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းတွေက အသက် ၆၅ နှစ်အထက် ရှိသူတွေ ဦးစားပေးအနေနဲ့ ထိုးခွင့်ရကြမှာဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နေ့က စာရင်းကောက်ယူမှုတွေပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သက္ကေပြင် IDP စခန်းတာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သက္ကေပြင် IDP စခန်းမှာ အသက် ၆၅ နှစ်ရှိသူ ၁၀၀ ခန့်ရှိပြီး စစ်တွေမြို့နယ်အတွင်းက ကျန်တဲ့စခန်းတွေမှာလည်း အခုလိုမျိုးစာရင်းကောက်ယူထားပြီးဖြစ်ပေမယ့် ဘယ်နေ့ထိုးပေးမယ်ဆိုတာကို မသိရသေးဘူးလို့ အဲ့ဒီစခန်းတာဝန်ရှိသူက ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ကူးစက်မှုတွေလျော့စေဖို့အတွက် ကာကွယ်ဆေးတွေကို ထိုးပေးလျက်ရှိနေပြီး လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း မြို့ပေါ်ရပ်ကွက်တွေမှာ အသက် ၆၅ နှစ် အထက်ရှိသူတွေကို ထိုးပေးနေပါတယ်။

IDP စခန်းတွေမှာ ဘယ်နေ့ထိုးဖြစ်မယ်ဆိုတာ လောလောဆယ်မပြောနိုင်သေးဘူးလို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေမြင့်မားနေပြီး သေဆုံးသူတွေလည်း များပြားနေသလို တားဆီးကာကွယ်ရေးလု့ပ်ငန်းတွေကိုလည်း ပုံစံမျိုးစုံနဲ့ဆောင်ရွက်နေပေမယ့် ကူးစက်ခံရမှုတွေက ဆက်လက်မြင့်တက်နေပါသေးတယ်။

စစ်တွေက မွတ်ဆလင်ရွှေ့ပြောင်းစခန်းတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, CJ

အခုလို ကိုဗစ်-၁၉ ကူးစက်ခံရမှုတွေ မြင့်တက်နေတဲ့ကာလမှာ IDP စခန်းအတွင်းနေထိုင်သူတွေအနေနဲ့ ကာကွယ်ဆေး ထိုးခွင့်ရရှိမှာကို မွတ်ဆလင်လူထုအနေနဲ့ ကြိုဆိုတယ်လို့ သက္ကေပြင်စခန်းတာဝန်ရှိသူက ပြောပါတယ်။

"ကျွန်တော်တို့ကြိုဆိုတယ်၊ ဒီကိုဗစ်-၁၉ ရောဂါများများဖြစ်လာနေတဲ့အချိန်မှာ ဒီဆေးက ကျွန်တော်တို့အတွက် တော်တော်လေးကိုတန်ဖိုးရှိတဲ့ဆေးပါ။ လာပြီးတော့ထိုးပေးရင်တော့ ကျွန်တော်တို့လူထုအတွက် အားသာချက်တစ်ခုရှိမှာပေါ့လေ"လို့ သက္ကေပြင် IDP စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဒုတိယလှိုင်းကူးစက်မှုကို အပြင်းအထန်ခံခဲ့ရတဲ့ ၂၀၂၀ နှစ်အကုန်ပိုင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို စတင်ထိုးနှံပေးခဲ့ပြီး အခုစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တတိယလှိုင်း မစတင်ခင်နဲ့ တတိယလှိုင်း ပြင်းထန်နေတဲ့အချိန်တွေမှာ ကာကွယ်ဆေးတွေကိုထိုးပေးနေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကာကွယ်ဆေးထိုးပေးနေတာ သုံးကြိမ်အထိရှိ နေပြီဖြစ်ပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ IDP စခန်းတွေမှာနေထိုင်တဲ့ မွတ်ဆလင်တွေအနေနဲ့ ထိုးခွင့်မရရှိသေးကြသလို ရခိုင်စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေလည်း ထိုးခွင့်မရရှိသေးဘူးလို့ သိရပါတယ်။

ဒုက္ခသည်စခန်းတွေမှာ လူတွေထောင်နဲ့ချီပြီး အစုလိုက်အပြုံလိုက် နေထိုင်နေကြရသလို လတ်တလောမှာလည်း အကူအညီအထောက်အပံ့တွေ ရရှိမှုနည်းပါးလာနေပြီး သူတို့ရဲ့စားဝတ်နေရေးကိစ္စတွေဖုံလုံရေးအတွက် နေ့စဉ် ရုန်းကန်နေကြရတာကြောင့် မွတ်ဆလင် IDP တွေရော ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်တွေကိုပါ ဦးစားပေးအနေနဲ့ ဆေးထိုးပေးဖို့စဉ်းစားသင့်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုမှုတွေလည်း ရှိနေကြပါတယ်။

စစ်တွေက မွတ်ဆလင်ရွှေ့ပြောင်းစခန်းတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, CJ

အဲ့ဒီဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေကို ရောဂါကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သွားလာတာတွေကို တင်းကျပ်ထားပြီး သက်ဆိုင်ရာ စခန်းကော်မတီတွေရဲ့ ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်ခွင့် မပြုတဲ့အခြေအနေထိ ဆောင်ရွက်ထားရှိတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

လက်ရှိမှာ ကာကွယ်ဆေးတွေထိုးပေးနေပြီး ရခိုင်ပြည်နယ်အတွက် ရရှိထားတဲ့ ကာကွယ်ဆေးအတွက်နဲ့ အသက် ၆၅ နှစ်အထက် ဆေးထိုးခွင့်ရရှိသူအရေအတွက်က ပိုမိုများပြားနေတေဲ့အတွက် ဆေးလုံလောက်မှုမရှိပေမယ့် ပြည်နယ်ကောင်စီ အနေနဲ့တော့ လူတန်းစားမခွဲခြားဘဲ အားလုံးထိုးခွင့်ရရှိအောင် ဆောင်ရွက်ထားတယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ဘီဘီစီကို ပြောပါတယ်။

"IDP က အသက် ၆၅ နှစ်အထက်ရှိတဲ့သူတွေလည်း အကျုံးဝင်တယ်ပေါ့။ ဆိုတော့ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေ စာရင်းကောက်ယူပြီး ထိုးတော့ထိုးမှာပေါ့။ အကုန်တော့မဖြစ်နိုင်ဘူးလေနော်။ ထိုးဖို့ဆန္ဒရှိသူတွေကို စာရင်းကောက်တာတွေ တော့ရှိတယ်။ ဘယ်နေ့ထိုးပေးမယ် လူဘယ်လောက် ထိုးခွင့်ရမယ်ဆိုတာတော့ ကျွန်တော်တို့မသိဘူး"လို့ ဦးလှသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွက် အခုတတိယအသုတ်ကာကွယ်ဆေးရရှိမှုက လူဦးရေ ကိုးသောင်းငါးထောင်စာအတွက် ရရှိထားပြီး ရခိုင်ပြည်နယ်အတွင်း အသက် ၆၅ နှစ်အထက် ဆေးထိုးရမယ့်လူဦးရေးက တစ်သိန်းခွဲအထက်ထိရှိနေတာကြောင့် လက်ရှိရှိနေတဲ့ဆေးအရေးအတွက်နဲ့ လုံလောက်မှုမရှိတာကြောင့် အားလုံးကိုအဆင်ပြေအောင် မထိုးပေးနိုင်သေးဘူးလို့ သိရပါတယ်။

အခု ၆၅ နှစ်အထက်ရှိသူတွေထဲက ကောက်ယူရရှိထားတဲ့စာရင်းတွေထဲမှာ ပါသူတွေကို ထိုးပေးပြီးရင် မထိုးရသေးတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ထပ်မံထိုးပေးသွားမယ်လို့ သိရပါတယ်။

မွတ်ဆလင် IDP စခန်းတွေမှာ အသက် ၆၅ နှစ်အထက်ရှိသူတွေကို ကာကွယ်ဆေးထိုးပေးဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက စာရင်းကောက်ယူတာတွေပြုလုပ်နေပေမယ့် မွတ်ဆလင်ကျေးရွာတွေမှာတော့ စာရင်းကောက်ယူတာတွေ မကြားဘူးလို့ မွတ်ဆလင်အသိုင်းအဝန်းက ပြောပါတယ်။

ဒါ့အပြင် ရခိုင် စစ်ဘေးရှောင်စခန်းတွေမှာရှိနေတဲ့ အသက် ၆၅ နှစ်အထက်ရှိသူတွေကို မနေ့က စတင်ပြီးတော့ ကာကွယ်ဆေးထိုးပေးနေပြီဖြစ်ပြီး စစ်ဘေးရှောင်စခန်းတွေဟာ သွားလာရေးခက်ခဲတဲ့အတွက် ဆေးထိုးဖို့ ဆန္ဒရှိသူတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်တွေက ဆေးထိုးတဲ့စုရပ်နေရာတွေကို သွားလာဖို့အတွက်လည်း ကားတွေ စီစဉ်ပေးသွားမယ်လို့ ဦးလှသိန်းက ပြောပါတယ်။