အာဖဂန်နစ္စတန် - တာလီဘန်ဝိုင်းထားတဲ့ မြို့ကို စွန့်ခွာဖို့ အရပ်သားတွေကို ဆော်သြ

အာဖဂန်နစ္စတန်စစ်တပ်ရဲ့ စစ်ဆင်ရေးတွေ မလုပ်ဆောင်ခင် တာလီဘန်တွေရဲ့ အဝိုင်းခံနေရတဲ့ မြို့က လူထုကို မြို့ ကနေ အမြန်စွန့်ခွာကြဖို့ တိုက်တွန်းနေပါတယ်။
အာဖဂန်နစ္စတန်တောင်ပိုင်း ဟာမန်ခရိုင်ရဲ့ မြို့တော် လာရှ်ကာဂါမြို့က မြို့ခံတွေ မြို့ကနေ အမြန်စွန့်ခွာကြဖို့ တိုက်တွန်းနေရတယ်လို့ တာလီဘန်တွေနဲ့ တိုက်နေတဲ့ တိုက်ပွဲကို ခေါင်းဆောင်နေတဲ့ အစိုးရတပ် ဗိုလ်ချုပ်ကြီး ဆာမီဆဒတ်က ပြောလိုက်ပါတယ်။
မနေ့က လာရှ်ကာဂါမြို့ထဲက ပြင်းထန်တဲ့တိုက်ပွဲမှာ အနည်းဆုံး အရပ်သား ၄၀ သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
လက်ရှိသတင်းတွေအရ မြို့ရဲ့နေရာအများစုကို တာလီဘန်တွေက သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။
ဒါပေမယ့် တိုက်ပွဲက ဆက်ဖြစ်နေပြီး ဒီမြို့ကိုတော့ တာလီဘန်တွေလက်ထဲ ကျမသွားစေရဘူးလို့ အစိုးရတပ်တွေက ပြောထားပါတယ်။
"တာလီဘန်တွေကို တစ်ယောက်မကျန် သုတ်သင်သွားပါမယ်"လို့ မြို့ခံတွေကို ဗိုလ်ချုပ်ကြီး ဆဒက်က ပြောပါတယ်။
"ခင်ဗျားတို့နေနေတဲ့ အိမ်ကနေ စွန့်ခွာရတာ အရမ်းခက်ခဲမယ်ဆိုတာသိပါတယ်။ ကျွန်တော်တို့လည်း အဲ့ဒီကိစ္စကိုလုပ်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ရတာပါ။ ခင်ဗျားတို့ ရက်ပိုင်း နေရာပြောင်းရွှေ့ပေးရတာအတွက် ကျွန်တော်တို့ကို ခွင့်လွှတ် ပါ" လို့ သူက ပြောပါတယ်။
အစိုးရတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေ လက်လွှတ်ခဲ့ရပေမယ့် တာလီဘန်တွေဟာ နောက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ဆက်ထိန်းထားနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ဘီဘီစီကို အစောပိုင်းမှာ သူက ပြောထားပါတယ်။
ဟာမန်ခရိုင်ထဲက တာလီဘန်တွေရဲ့ တိုက်ခိုက်မှုဟာ အာဖဂန်နိုင်ငံ တလွှားမှာ ဖြစ်ပွားနေတဲ့ အဓိက ထိုးစစ်ဆင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်၊
အာဖဂန်နိုင်ငံထဲမှာ နှစ်၂၀ ကြာ စစ်ဆင်ရေးတွေ လုပ်ခဲ့တဲ့ အမေရိကန် တပ်ဖွဲ့တွေ ပြီးခဲ့တဲ့ လပိုင်းတွေက စပြီး ထွက်ခွာသွားကြတဲ့အလားတူ တစ်ချိန်တည်းမှာပဲ တာလီ ဘန်တပ်တွေကလည်း နယ်မြေ သိမ်းပိုက်မှု တွေ အလျင်အမြန် လုပ် လာကြပါတယ်။
ဟာမန်ခရိုင်ဟာ အရင်တုန်းက အမေရိကန်တပ်တွေနဲ့ ဗြိတိသျှတပ်တွေရဲ့ အရေးကြီးဆုံးနေရာဖြစ်ခဲ့ပြီး အာဖဂန်အစိုးရအတွက်လည်း တာလီဘန်တွေရဲ့ရန်က ကာကွယ်ဖို့ အရေးပါတဲ့နေရာ ဖြစ်ပါတယ်။
တကယ်လို့ လာရှ်ကာဂါမြို့သာ တာလီဘန်တွေလက်ထဲကျသွားမယ်ဆိုရင် ၂၀၁၆တုန်းက ခွန်ဒု့ဇ်မြို့ ခဏသိမ်းယူခဲ့ပြီးနောက်ပိုင်း ပထဆုံး သူတို့ လက်ထဲကိုရောက် သွားမယ့် ခရိုင်မြို့တစ်မြို့ ဖြစ်လာပါမယ်။
'လမ်းတွေပေါ်က အလောင်းတွေ'
တာလီဘန်တွေရဲ့ ကြီးမားတဲ့ ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် လာရှ်ကာဂါမြို့ဟာ အမေရိကန်နဲ့ အာဖဂန် အစိုးရရဲ့ လေကြောင်းပစ်မှတ်ဖြစ်လာနေပြီး မြို့သားတွေလည်း အထိတ်တလန့် ဖြစ်နေရပါတယ်။
"တာလီဘန်တွေက ကျွန်တော်တို့ကို သနားငဲ့ညှာမှာ မဟုတ်သလို အစိုးရဘက်ကလည်း ဗုံးကြဲတာ ရပ်မှာ မဟုတ်ပါဘူး။ လူသေအလောင်းတွေလည်း လမ်းပေါ်မှာ တွေ့နေရတယ်။ အဲ့ဒီသူတွေက အရပ်သားတွေလား တာလီဘန်တွေလား ဆိုတာ သူတို့မသိဘူး" လို့ မြို့ခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
"ဘယ်ကို ပြေးရမှန်းကို မသိတော့ပါဘူး။ မြို့ရဲ့နေရာတိုင်းမှာက တိုက်ပွဲဖြစ်နေတာ"လို့ တခြားတစ်ယောက်ကလည်း ပြောပါတယ်။

တာလီဘန်တွေရဲ့ မြေပြင်ကတိုက်ခိုက်မှုနဲ့ အာဖဂန်အစိုးရရဲ့ လေကြောင်းက ပြန်လည်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ "အရမ်းထိခိုက်နာကျင်နေရတယ်" လို့ အာဖဂန်နစ္စတန်က ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့ Unama ကလည်း ပြောနေ ပါတယ်။
ဒါကြောင့် မြို့ပြဧရိယာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ ကိစ္စအပါအဝင် အရပ်သားတွေ အတွက် ကာကွယ်မှုတွေပိုလုပ်ပေးဖို့ တောင်းဆိုထားတယ်လို့ Unamaအဖွဲ့က ပြောပါတယ်။
ဒါဇင်တွေချီတဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရပြီး ထောင်နဲ့ချီတဲ့ လူတွေ နေရာပြောင်းရွှေ့နေကြရတယ်လို့လည်း Unamaအဖွဲ့က ပြော ပါတယ်။
ပြီးတော့ "တိုက်ပွဲတွေကလည်း နေရာတိုင်းလိုလိုမှာဖြစ်နေတဲ့" အတွက် စိတ် ပူပန်ထိခိုက်မှုတွေ ဖြစ်နေရသလို ထောက်ပံ့ရေးပစ္စည်းတွေ ပြတ်လာနေပြီလို့ လာရှ်ကာဂါမြို့ထဲက ဆရာဝန်တွေကလည်း ပြောနေတာရှိပါတယ်။
ဗြိတိသျှတပ်ဖွဲ့တွေ အတွက် သူ အလုပ်လုပ်ခဲ့တဲ့အတွက် အခုတော့ သူ့ဘဝဟာ တာလီ ဘန်တွေရဲ့ ခြိမ်းခြောက်အောက်မှုအောက်ကို ရောက်လာနေပြီလို့ မြို့ထဲမှာနေနေတဲ့ အာဖဂန် စကားပြန် တစ်ယောက်ကလည်း အခုလို ပြောပါတယ်။
"တာလီဘန်တွေရဲ့ သိမ်းပိုက်မှုကြောင့် မနေ့က ကျွန်တော့်အိမ်ကို စွန့်ခွာခဲ့ရပြီ။ အဲ့ဒီမှာသူတို့နေနေကြပြီး ကျွန်တော့်အကြောင်းကို လိုက်စုံစမ်းနေကြတယ်။ နောက်ထပ်ဘာဖြစ်လာမလဲဆိုတာ ကျွန်တော်တို့မသိဘူး။ ဒါပေမယ့် နေတိုးအဖွဲ့ အတွက် အလုပ်လုပ်ပေးခဲ့တဲ့သူတွေကို တစ်အိမ်ပြီးတစ်အိမ် လိုက်ရှာနေကြတယ်။"
တာလီဘန်တွေကို အခြားအစ္စလာမ်မစ်အဖွဲ့တွေက အထောက်အပံ့ပေးနေတာတွေ ရှိပြီး ၊ သူတို့သိမ်းပိုက်မှုတွေဟာ အာဖဂန်နစ္စတန်တင်မက အခြားနိုင်ငံတွေအတွက်ပါ အန္တရယ်ရှိတယ်လို့ ဗိုလ်ချုပ်ကြီး ဆဒတ်က သတိပေးပါတယ်။
"အစွန်းရောက် အကြမ်းဖက် အုပ်စုလေးတွေ ခေါင်းထောင်လာပြီး ဥရောပနဲ့ အမေရိကက မြို့တွေကို ဖြန့်ကြက်မှုတွေ လုပ်လာလိမ့်မယ်။ပြီးတော့ တစ်ကမ္ဘာလုံး လုံခြုံရေးကို ဆိုးရွားတဲ့အကျိုးဆက်တွေအထိ ဖြစ်လာမယ်။ ဒီစစ်ပွဲက အာဖဂန်က စစ်ပွဲတစ်ပွဲပဲ လို့ပြောလို့ မရပါဘူး။ လွတ်လပ်မှုနဲ့ အကြွင်းမဲ့ အာဏာရှင်ဝါဒကြားက စစ်ပွဲတစ်ပွဲပါ။"
အခြားနေရာတွေမှာကော ဘယ်လိုအခြေအနေရှိလဲ
လာကာဂါမြို့ဟာ စစ်ပွဲနဲ့ရင်ဆိုင်နေရတဲ့ ခရိုင်မြို့တော်သုံးခုထဲက တစ်ခု ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်ရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ ကန်ဒါဟာမြို့ဟာလည်း တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး တနင်္ဂနွေနေ့က မြို့ရဲ့ လေဆိပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တာ ခံခဲ့ရပါတယ်။
ကန်ဒါဟာမြို့ကိုသာ တာလီဘန်တွေသိမ်းပိုက်နိုင်လိုက်ရင် သူတို့အတွက် အောင်ပွဲကြီးတစ်ခု ဖြစ်လာမှာဖြစ်ပြီး နိုင်ငံတောင်ပိုင်းကိုပါ ထိန်းချုပ်ခွင့်ရသွားမှာ ဖြစ်ပါတယ်။
အဲ့ဒီမှာ လွန်ခဲ့တဲ့သုံးရက်အတွင်း အရပ်သား ၅ ဦး သေဆုံးပြီး ၄၂ဦး ဒဏ်ရာရခဲ့တယ်လို့ Unama အဖွဲ့က ပြောထားပါတယ်။
အဝိုင်းခံထားရတဲ့ ၃ မြို့ရဲ့ တတိယမြို့ကတော့ နိုင်ငံအနောက်ပိုင်းက ဟီရတ် မြို့ဖြစ်ပြီး အဲ့ဒီမှာ အစိုးရ အထူးတပ်ဖွဲ့တွေက စစ်သွေးကြွတွေကို ရင်ဆိုင် တိုက်ခိုက်နေရပါတယ်။
သောကြာနေ့က ကုလသမဂ္ဂ ခြံဝင်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း အစိုးရတပ်တွေ ဘက်က တစ်ချို့နေရာတွေ ပြန်သိမ်းပိုက်နိုင်ခဲ့တာ ရှိပါတယ်။
အစိုးရတပ်တွေ အနိုင်ရတာကို ထောက်ခံတဲ့အနေနဲ့ ဟီရတ်မြို့က လမ်းပေါ်မှာနဲ့ အိမ်အမိုး တွေပေါ်ကနေ "Allahu akbar ဘုရားသခင်က ကြီးမြတ်တယ်" လို့အော်ဟစ် အားပေး နေကြတာကို လှုမှုကွန်ရက်ပေါ်က ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။
တာလီဘန်တွေ နယ်မြေတွေပိုသိမ်းလာတာကို အစိုးရတပ်တွေက ခက်ခက်ခဲခဲ ကာကွယ်နေရပြီး အမေရိကန်တွေ နိုင်ငံတွင်းက ရုတ်တရက် ထွက်သွားတာကြောင့် အခုလို တိုက်ခိုက်မှုတွေ တိုးလာတာဆိုပြီး သမ္မတ အာရှက်ဖ်ဂါနီက အပြစ်တင်နေပါတယ်။
"သူတို့တပ်တွေ ရုတ်တရက်ထွက်သွားဖို ဆုံးဖြတ်ခဲ့တာကြောင့် လက်ရှိအခြေအနေတွေဖြစ်လာတာ"လို့ တနင်္လာနေ့က လွှတ်တော်မှာ ပြောခဲ့ပါတယ်။
ပြီးတော့ တပ်တွေ ရုပ်သိမ်းသွားရင် နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်လာမယ်လို့ အမေရိကန်အစိုးရကို သူ သတိပေးခဲ့တဲ့ အကြောင်း မစ္စတာဂါနီက ပြောခဲ့ပါသေးတယ်။
အမေရိကန်တပ်ဖွဲ့တွေ အားလုံးနီးပါး ရုပ်သိမ်းသွားပေမယ့်လည်း အာဖဂန်အစိုးရတပ်တွေကို အကူအညီပေးတဲ့ အနေနဲ့ လေကြောင်းထိုး စစ်ဆင်ပေးတာတွေတော့ ဆက်လုပ်နေပါသေးတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေတိုးလာတာကြောင့် အမေရိကန်တပ်ဖွဲ့တွေနဲ့ လက်တွဲ အလုပ်လုပ်ခဲ့တဲ့ အာဖဂန်ဒုက္ခသည်ထောင်နဲ့ချီကို အမေရိကန်နိုင်ငံကို ခေါ်ယူမယ်လို့ အမေရိကန်သမ္မတ ဘိုင်ဒန်ရဲ့ရုံးက တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ပါကစ္စတန်နယ်စပ်နားက မြို့တမြို့ ကို ဝင်သိမ်းပိုက်တုန်းက အရပ်သားတွေ အများကြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ တာလီဘန်တွေကို အမေရိကန်နဲ့ ယူကေက စွပ်စွဲထားပါတယ်။
တာလီဘန်တွေရဲ့ "အလွန် ထိတ်လန့်စရာကောင်းတဲ့"ရက်စက်တဲ့ သတင်းတွေ သူသိရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကလည်း ပြောပါတယ်။
တာလီဘန်တွေက လက်စားချေ သတ်ဖြတ်တယ်ဆိုတဲ့ ဗီဒီယိုတွေ ထွက်လာပါတယ်။ အဲဒီ စပင်ဘိုလ်ဒက်မြို့က ထွက်လာတဲ့ ကြောက်စရာကောင်းတဲ့ ဗီဒီယိုတွေနဲ့ ပတ်သက်ပြီး တာလီဘန်တွေ ဘက်ကတော့ သူတို့ မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။









