ဖိတ်စာသွားဖိတ်တဲ့ သတို့သား သေနတ်ကျည်မှန်ပြီး သေဆုံး

မန္တလေးတိုင်းဒေသကြီး၊စဥ့်ကူးမြို့နယ်မှာ ဇွန်လ ၂၀ ရက် ည ၉နာရီဝန်းကျင်က လက်ပန်လှကျေးရွာအုပ်စုနေထိုင်သူ အသက်၂၀ ဝန်းကျင် ကိုကျော်ကျော်မျိုးဆိုသူ အမျိုးသားတစ်ဦး သေနတ်ကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ကိုကျော်ကျော်မျိုးနဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ စစ်ကောင်စီတပ်စွဲထားရာ လက်ပန်လှ အထက ကျောင်းအနီး ဖြတ်သွားစဉ် သေနတ်နဲ့ လှမ်းပစ်ခတ်ခံရပြီး ကျည်ထိမှန် သေဆုံးခဲ့ရတာလို့ မျက်မြင်တွေ့သူအချို့က ပြောပါတယ်။

" ဖြစ်တာက ည ၈နာရီ ၅၀ လောက်မှာ။ ကျွန်မအကိုက အဲနားကအဆောက်အအုံတစ်ခုရဲ့ အပေါ်ထပ်ကနေ ချောင်းကြည့်ပြီး မြင်လိုက်ရတာ။ ဆိုင်ကယ်ဖြတ်သွားတာကို ဒီတိုင်းပစ်လိုက်တာ။ သေနတ်သံလေးချက်လို့ ပြောတယ်။ တစ်ယောက်ကတော့ ဖြစ်ဖြစ်ချင်း သေသွားတာဖြစ်မယ်၊ ဆွဲသွားတယ်၊ သွေးတွေကိုတော့ သဲနဲ့ဖုံးသွားတယ် " လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြန်ပြောပြပါတယ် ။

သူတို့ဟာ မင်္ဂလာဆောင်ဖိတ်စာ ဝေအပြီး အပြန်မှာ အခုလို အပစ်ခံရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

အလားတူ ‌မော်လမြိုင်မြို့မှာလည်းဇွန်လ ၂၀ ရက်နေ့ညက စစ်တပ်နဲ့ ရဲတို့ စစ်ဆေးရေးလုပ်နေစဥ်မှာ ဆိုင်ကယ်ရပ်မပေးတဲ့ လူငယ်နှစ်ဦး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

လက်ပန်လှ ပစ်ခတ်မှုကြောင့်သေဆုံးခဲ့ရသူ ကိုကျော်ကျော်မျိုးဟာ စဥ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအုပ်စုနေထိုင်သူ ဖြစ်ပြီး လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ မင်္ဂလာဆောင်မှာဖြစ်လို့ ဖိတ်စာသွားပို့ရင်း အပြန်မှာပစ်ခတ်ခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ် ။

လက်ရှိမှာ သေဆုံးသူရုပ်အလောင်းကို ပြန်ရထားပြီး မင်္ဂလာဆောင်မှာ ဝတ်မယ့်သတို့သားဝတ်စုံကို ရုပ်အလောင်းမှာပဲ လွှမ်းထားလိုက်ရပြီလို့လည်း ဒေသခံကပြောပြပါတယ်။

ကိုကျော်ကျော်မျိုးနဲ့အတူ ပါသွားသူ အမျိုးသားကိုတော့ စစ်ကောင်စီတပ်တွေက ဇွန် ၂၁ ရက် မနက်ပိုင်း အထိ ပြန်မလွှတ်ပေးသေးဘူးလို့လည်း သိရပါတယ်။

ဖြည့်စွက်ချက် (ဇွန်လ ၂၁ ရက်နေ့ ည ၉ နာရီ)

ဇွန်လ ၂၁ ရက် နေ့ ည ၈ နာရီ စစ်ကောင်စီ မြန်မာ့ရုပ်သံက သတင်းထုတ်ပြန်ရာမှာတော့ စဥ့်ကူး လက်ပန်လှ ကျေးရွာ မန္တလေး မိုးကုတ်လမ်းပေါ်က အထက ကျောင်းမှာ တပ်ဖွဲ့ဝင်တွေကို သေဆုံးသူ ကျော်မျိုးနဲ့ တစ်ဦးဟာ ဇွန်လ ၂၀ ရက် နေ့ ည ၉နာ ရီခန့်ကလာရောက် ဆဲဆိုထွက်ပြေးသွားခဲ့ပြီး ည ၁၀ နာရီ ၄၅ မိနစ်မှာ ကျောင်းအနီး ပြန်လည်ရောက်ရှိလာလို့ စစ်ဆေးစဥ်မှာ သေနတ်ကိုလုယူလို့ ခြောက်လှန့်ပစ်ခတ်ရာမှာ ကျော်မျိုးသေဆုံးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။