ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကယားပြည်နယ်က "စစ်တလင်း"ဖြစ်လာတဲ့ မြို့တွေ ဘယ်တော့ ပုံမှန်ပြန်ဖြစ်မှာလဲ
၁၅ မိုင်လောက် ရှည်တဲ့ ဒီးမော့ဆို - မိုးဗြဲကားလမ်း ဘယ်ညာ တလျောက်က လူနေရပ်ကွက်တွေ၊ ကျေးရွာတွေက ပြည်သူတွေ၊ ဒီးမော့ဆို မြို့တွင်း ရပ်ကွက်တွေ ထဲက ပြည်သူတွေ သူတို့ရဲ့ နေအိမ်တွေမှာ မရှိသလောက်ဖြစ်သွားပြီလို့ သိရပါတယ်။
ဒီးမော့ဆို ဒေသခံတယောက်က "မိုးဗြဲကနေ ဇွန်လ ၉ ရက်နေ့က စစ်ကောင်စီတပ်က စစ်ကြောင်းတွေ လာတယ်၊ အဲဒီတော့ ဒီးမောဆို- မိုးဗြဲကားလမ်း တလျောက်က နန်းမယ်ခုံ၊ အိုကေ၊ ဆင်တောင် စတဲ့ရွာတွေအပါအဝင် အဲဒီတကြော ရွာတွေက လူတွေ၊ မရှိတော့ သလောက်ပဲ၊ ချက်ချင်း တိမ်းရှောင် သွားကြပြီ၊ အိမ်တံခါးတွေ လည်း ပိတ်ထားကြပြီ၊ ရွာတွေမှာ သူတို့မွေးထားတဲ့ ကြက်၊ဝက်တွေ စောင့်ဖို့၊ အိမ်စောင့်ဖို့ လူလောက်ပဲ ကျန်တော့တာ" လို့ ပြောပါတယ်။
ဒေသခံတွေက ဒီးမော့ဆိုလမ်းခွလို့ ဆိုကြတဲ့ နေရာက လမ်း ၄ ခု ဆုံရာလမ်းဆုံပါ။ ဒီးမော့ဆိုကို လွိုင်ကော်ကနေ ဝင်လာတဲ့ လမ်းက အရှေ့ဘက်ကနေ ဝင်လာတယ်၊ အနောက်ဘက်ကနေပြီး တောင်ငူ၊ လိပ်သို၊ ဆီးဘူးဘက် ကနေ လာတဲ့လမ်းက ဒီလမ်းဆုံကို လာပေါက်သလို၊ တောင်ဘက်က ဝင်လာတဲ့ ကားလမ်းက ဖရူဆို ဘက်ကပါ၊ နောက် ဒီလမ်းခွကို မြောက်ဘက်ကနေ ရောက်လာတာကတော့ အဲဒီ ဒီးမော့ဆို -မိုးဗြဲ လမ်းပါ။
အခု ဒီးမော့ဆိုရဲ့ အရှေ့ ၊ အနောက်၊ တောင်၊ မြောက် အရပ်တွေကနေ စစ်ကောင်စီရဲ့ တပ်တွေ ဒီးမော့ဆို ဘက်ကို ဦးတည်အားဖြည့်လာတာ၊ အဲဒီ ပတ်ပတ်လည်အရပ်တွေ ဘက်မှာ အခြေချတပ်စွဲလာတဲ့ သတင်းတွေလည်း ဒီရက်ပိုင်းမှာ ထွက်လာပါတယ်။
တိုက်ပွဲတွေကတော့ ကြိုကြားကြိုကြားရှိနေပြီး ဒီးမော့ဆို -မိုးဗြဲလမ်း ထိပ်အစ ၂ ခုဖြစ်တဲ့ ဒီးမော့ဆို လမ်းခွ နေရာနဲ့ မိုးဗြဲမြို့ အထွက်နေရာတွေမှာ အခုရက်ပိုင်းတွေ အတွင်း ဖြစ်နေခဲ့တာ လို့ ဒေသခံက ပြောပါတယ်။
မေလကုန်ပိုင်းလောက်ကတည်းက ကယားပြည်နယ်တွင်း တိုက်ပွဲတွေ ဖြစ်လာနေ
စစ်အာဏာသိမ်းတာကို ငြိမ်းချမ်းစွာဆန္ဒပြကန့်ကွက်တာတွေ ပစ်ခတ်ဖြိုခွဲတာ ခံရပြီးတဲ့နောက် အရပ်သားပြည်သူတွေနဲ့ စုဖွဲ့ထားတဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဟာ ဒီးမော့ဆို ၊ မိုးဗြဲ နဲ့ လွိုင်ကော်မြို့တွေဘက်မှာ စစ်ကောင်စီတပ်က ကင်းစခန်းတွေ၊ ရဲစခန်းတွေကို မေလ ၂၁ ရက်နေ့က စတင်ကာ တိုက်ခဲ့ကြပါတယ်။
တိုက်ပွဲတွေက ဒီးမော့ဆို တဝိုက်မှာ ပိုပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်တာ တွေပါ ဖြစ်ခဲ့ပါတယ်။
"လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာက (ဒီးမော့ဆို လမ်းခွနားမှာရှိတဲ့) ဒေါငံခါးရပ်ကွက်ထဲက ဘုရားရှိခိုးကျောင်း ကိုတောင် ထိတယ်၊ ရပ်ကွက်ထဲက အိမ်တွေလည်း ထိခိုက်ပျက်စီးတယ်၊ ဒေါငံခါး ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ ကလူတွေလည်း မနေရဲကြတော့လို့ ပြေးကြရတယ်" လို့ ဒေသခံကပြောပါတယ်။
ဒီးမော့ဆို နဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ လွိုင်ကော်မြို့မှာနေတဲ့ ဒေသခံတယောက်က "ဒီ (လွိုင်ကော်မှာရှိတဲ့ စစ်ကောင်စီတပ်)ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ"လို့ ပြောပြသလို၊ ဒီးမော့ဆို ဒေသခံကလည်း "သူတို့သိရသလောက် လွိုင်ကော် လေယာဉ်ကွင်းနားက လွယ်တမူတောင်ကနေ လှမ်းပစ်နေတာ၊ လက်နက်ကြီးတွေနဲ့ လူနေရပ်ကွက်တွေထဲကို လှမ်းပစ်နေတာ" လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီးမော့ဆို နဲ့ မိုးဗြဲတိုက်ခိုက်မှုတွေမှာ တိုက်ခိုက်သူတွေက လူနေအိမ်တွေ၊ ဘုရားရှိခိုးကျောင်းတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်ခဲ့ကြတာလို့ သတင်းထုတ်ပြန်ပါတယ်။
မေလကုန်ပိုင်းမှာ ဒေသခံတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် မိုးဗြဲရဲစခန်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ယောက်သေဆုံးခဲ့သလို၊ ဒီးမော့ဆို မြို့နယ် ကုန်းသာ ကျေးရွာ၊ ကျောက်ဆည်ကန် အရပ်ဘက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲက အထိအခိုက်စာရင်းကို ဘီဘီစီအနေနဲ့ သီးခြား အတည် မပြုနိုင်ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အယောက် ၈၀ သေဆုံးခဲ့တယ်လို့ Karenni Nationalities Defense Force (KNDF) ထုတ်ပြန်ထားပါတယ်။
ဒီးမော့ဆို ဒေသခံက သူတို့အရပ်တွေမှာ စစ်တလင်းပြင်လိုမျိုး ဖြစ်နေပြီလို ဆိုသလို လွိုင်ကော် ဒေသခံကလည်း သူတို့မြို့မှာလည်း မြို့ကရှောင်သွားတဲ့သူတွေ အများ အပြား ရှိနေပြီးမြို့က ခြောက်ကပ်နေပြီလို့ ဆိုပါတယ်။
"လွိုင်ကော်မှာ မနက်စောစော ၅ နာရီကျော်လောက်မှာ လူတွေ စျေးဝယ် ထွက်ကြတယ်၊ စားဖို့ သောက်ဖို့ လိုအပ်တာဝယ်ကြ၊ တခြားမြို့ကလာတဲ့ စားကုန်တွေလည်း မရတော့ဘူး၊ ဆိုင်တံခါး တွေဆို တချပ်လောက်ပဲ ဖွင့်ကြတာ၊ မနက် ၉ နာရီကျော်လောက်ဆိုရင် လမ်းတွေပေါ်မှာ လူမတွေ့ရသလောက်ပဲ။"
လူအများအပြား သေဘေးကြုံရနိုင်တဲ့ ကယားပြည်နယ် အရှေ့ပိုင်းက ပြည်သူတွေ
ကယားပြည်နယ်အရှေ့ပိုင်းမှာ ဖြစ်လာနေတဲ့ စစ်ဘေးဒဏ်က လွတ်အောင် ပြေးရတဲ့ ပြည်သူတွေအများအပြား တောတွေ တောင်တွေထဲမှာ ဒုက္ခတွေ ကြုံနေကြရပါတယ်။
စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ လွိုင်ကော်မြို့ခံက "လွိုင်ကော် အဝင်အထွက်၊ အကုန်စစ်တယ်၊ ဆန်၊ ဆေးဝါး၊ မိုးကာ၊ ရွက်ဖျင်တဲ အဲဒါတွေဆိုရင် သူတို့ (စစ်ကောင်စီ ဂိတ်)တွေက သိမ်းပြီ"လို့ ပြောပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ အဲဒီအရပ်ဒေသတွေကနေ သူတို့ရဲ့ နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးနေရသူ အရေအတွက် တသိန်းလောက် ရှိပြီး လူအများအပြား သေဆုံးရ နိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ် အင်ဒရူးက "ကယားပြည်နယ်မှာ စစ်တပ်ကနေ ဗုံးကြဲတဲ့ဘေးကလွတ်အောင် တသိန်းလောက် အရေအတွက်ရှိမယ့်လူတွေ တောထဲကို ထွက်ပြေးခဲ့ရပြီး သူတို့အတွက် ထောက်ပံ့တဲ့ အစားအစာ၊ ရေ၊ ဆေးဝါးတွေကို အဲဒီ စစ်တပ်ကပဲဖြတ်တောက်နေတာကြောင့် လူအမြောက်အများဟာ အစာရေစာငတ်မွတ်မှုတွေ၊ ရောဂါဘယဖြစ်မှုတွေကြောင့် သေဆုံးရမယ့်ဘေးကို ကြုံရနိုင်တယ်"လို့ ဇွန်လ ၉ ရက်နေ့မှာ တွစ်တာကတဆင့် ထုတ်ပြန်ပြောထားပါတယ်။
စစ်ကောင်စီတပ်တွေက ဒီမြို့တွေ၊ ရွာတွေကို ထိန်းချုပ်ထားနိုင်တဲ့အချိန်ရောက်ရင် ဒီပြည်သူတွေက သူတို့မြို့ရွာကို ပြန်လာကြပြီး မြို့တွေ၊ ရွာတွေ အရင်လိုပြန်ဖြစ် လာမလား ဆိုတဲ့ အမေးကိုတော့ ဒီးမော့ဆို ဒေသခံက သူအဲဒီလို မထင်တော့ကြောင်း ပြောပါတယ်။
"အခုက စစ်တပ်နဲ့ ပြည်သူလူထုဆိုပြီး ကွဲသွားတာ၊ စစ်တပ်ထိန်းချုပ်လိုက်တဲ့ မြို့တို့၊ ရွာတို့ကို ပြည်သူတွေက ပြန်လာချင်မှာမဟုတ်ဘူး၊ ပြန်လာမယ်ဆိုရင်လည်း ဘယ်တော့ လက်နက်ကြီးနဲ့ အပစ်ခံရမလဲ ဆိုတာက ကြောက်နေကြရတာ။"