ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပရီးမီးယားလိဂ် ကလပ်အသင်းကြီး ၆ သင်း ဝင်ပြိုင်ဖို့ သဘောတူထားတဲ့ ဥရောပဆူပါလိဂ်ပြိုင်ပွဲသစ်
ဥရောဆူပါလိဂ်ပြိုင်ပွဲသစ်မှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ သဘောတူထားတဲ့ ကလပ်အသင်း၁၂သင်းထဲမှာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်၊ချဲလ်ဆီး၊ လီဗာပူး၊မန်စီတီးနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ပါဝင်လာတာကိုတွေ့ရပါတယ်။
ဥရောပထိပ်သီး ကလပ်ကြီးတွေပါဝင်ယှဥ်ပြိုင်ကြမယ့် ပြိုင်ပွဲကြီးတစ်ခုဖြစ်လာမယ့် ဒီပြိုင်ပွဲကို အေစီမီလန်၊အက်သလက်တီကို၊ဘာစီလိုနာ၊အင်တာမီလန်၊ဂျုဗင်တပ်စ်နဲ့ ရီးရဲမက်ဒရစ် တို့လည်း သဘောတူထားပြီး နောက်တိုးအနေနဲ့ ပရီးမီးယားလိဂ်ထိပ်သီးကလပ် ၆ သင်းကပါ ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။
ဥရောပ နိုင်ငံတွင်းက ပြိုင်ပွဲတွေကို မူလကစားနေတဲ့တိုင်း သီတင်းပတ်ကုန်ရက်တွေမှာ ကစား ကြမှာဖြစ်ပြီး ဥရောပဆူပါလိဂ်ပြိုင်ပွဲကိုတော့ ရက်သတ္တပတ် အလယ်ရက်တွေမှာကစားဖို့ စီစဥ်ထားတယ်လို့ ESL အဖွဲ့တာဝန်ရှိတဲ့သူတွေကပြောပါတယ်။
ဆူပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် နောက်ထပ် ကလပ်အသင်း၃သင်း လည်း ပါဝင်လာ ဖို့ရှိသလို ပြင်ဆင်စရာ ရှိတာတွေပြင်ဆင်ပြီး အမြန်ဆုံးကျင်းပသွားမှာဖြစ်ပြီး၊ အမျိုးသားပြိုင်ပွဲ အပြင် အမျိုးသမီးပြိုင်ပွဲတွေ ကိုပါ တတ်နိုင်သလောက် အမြန် ကျင်းပသွားမယ်လို့ ESLအဖွဲ့က အတည်ပြုပြောပါတယ်။
ဒါပေမဲ့ ဒီပြိုင်ပွဲကျင်းပမယ့် ကိစ္စကို ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် အပြင် ပရီးမီးယားလိဂ်အဖွဲ့တွေက အကြီးအကျယ် ဆန့်ကျင်ကန့်ကွက် ထားပါတယ်။
ဒီပြိုင်ပွဲဟာ အားကစား ဂုဏ်သိက္ခာတန်ဖိုးကို ထိခိုက်စေသလို၊ ငွေကြေး အကျိုးသက်သက် အတွက် ရည်ရွယ် တာဖြစ်ပြီး ပြည်တွင်း အမှတ်ပေးပြိုင်ပွဲတွေကိုပါ ထိခိုက်လာမယ်လို့ ဆန့်ကျင်ကန့်ကွက်တဲ့ သူတွေက ထောက်ပြနေကြပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကလည်း ဒီပြိုင်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်သလို ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့ ဘောလုံးသမားတွေကို ကမ္ဘာ့ဖလား ဝင်ပြိုင်ခွင့် ပိတ်ပင်မယ်လို့ ပြောထားပါတယ်။
ဒီပြိုင်ပွဲဝင်မယ့် ကစားသမားတွေ နိုင်ငံကိုယ်စားပြု ဝင်ပြိုင်ကြမယ့် ပြည်တွင်း၊ ဥရောပအဆင့်နဲ့ ကမ္ဘာ့အဆင့် ဘယ်ပြိုင်ပွဲမှာမဆို ဝင်ရောက်ယှဥ်ပြိုင်ခွင့် ပိတ်ပင်သွားမယ်လို့ ဥရောပ ဘောလုံး အဖွဲ့ချုပ် ယူအီးအက်ဖ်အေက တနင်္ဂနွေနေ့က ထပ်ပြောထားပါတယ်။
ESLအဖွဲ့က ဥရောဆူပါလိဂ်ပြိုင်ပွဲသစ် ပြိုင်ပွဲကျင်းပဖို့ ကြေညာလိုက်ပြီးကတည်းက ဒီပြိုင်ပွဲကို လက်ခံကျင်းပခွင့်မပြုနိုင်ဘူးလို့ ဖီဖာက ထုတ်ဖေါ်ပြောကြားခဲ့ပြီး ဘောလုံးလောကအကျိုးအတွက် ပါဝင်တဲ့သူတွေအားလုံး ဆွေးနွေးညှိနှိုင်းမှုတွေ သေသေချာချာ ပြန်လုပ်ကြဖို့ကိုပါ တိုက်တွန်းထားပါတယ်။
ဖီဖာဥက္ကဋ္ဌ ဂျီယန်နီအင်ဖန်တီနိုနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အလက်ဇန်းဆက်ဖရင်တို့ကို ESL က ပို့ခဲ့တဲ့ စာတစ်စောင်ထဲမှာ သူတို့ အစီအစဥ်ကို တားဆီးကန့်ကွက်မယ့် ကိစ္စတွေကို ဥရောပ တရားရုံးတွေကနေ တစ်ဆင့် ရင်ဆိုင် ဖြေရှင်းသွားမယ်လို့လည်း ရေးထားပါတယ်။
ဒါ့အပြင် ပြိုင်ပွဲဝင်အသင်းတွေနဲ့ ယူအီးအက်ဖ်အေ၊ဖီဖာတို့ နဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ပြိုင်ပွဲ အသစ်ကျင်းပဖို့ ဆွေးနွေးသွားမယ်လို့လည်း ESLရဲ့ ကြောညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။
အခုမှဘာလို့ ဖြစ်လာတာလဲ
ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကို အစားထိုးကျင်းပဖို့ဆိုပြီး Wall Street ဘဏ် ဂျေပီမော်ဂန်ကနေ စတာလင်ပေါင် ၄.၆ဘီလျံ ငွေကြေးထည့်ဝင်မယ့် ပြိုင်ပွဲတစ်ရပ် ကျင်းပဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလက ဆွေးနွေးခဲ့ကြတာရှိပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲကို ၃၆သင်း ဝင်ရောက်ယှဥ်ပြိုင်မယ့် ဒီအစီအစဥ်ကို တနင်္လာမှာ အတည်ပြုဖို့စီစဥ်ထားပြီး ဒီပြိုင်ပွဲ ကျင်းပဖြစ်ရင် ဆူပါလိဂ်ပြိုင်ပွဲကျင်းပမယ့် အစီအစဥ်ကို တားဆီးပြီးသားဖြစ်သွားလိမ့်မယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က မျှော်လင့်ထားပါတယ်။
ဒါပေမဲ့ ဒီပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး ဆူပါလိဂ်ပြိုင်ပွဲဝင်မယ့် အသင်း၁၂သင်း ဘက်ကတော့ လုံလောက်တဲ့ ပြောင်းလဲမှုလို့ သဘောမထားကြပါဘူး။
ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုက ဥရောပဘောလုံး စီးပွားရေးကို မတည်မငြိမ်ဖြစ်စေတယ်လို့ သူတို့က ပြောခဲ့ ပြီး ဥရောပဘောလုံးလောက အနာဂတ်နဲ့ပတ်သက်လို့ ကလပ်အသင်း ရင်းနှီးမြုပ်နှံထားတဲ့သူတွေ အစည်းအဝေးတွေကို ပြီးခဲ့တဲ့လတွေ အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။
ပြီးတော့ ယူအီးအက်ဖ်အေက အဆိုတင်သွင်းထားတဲ့ ပြိုင်ပွဲသစ်ကနေ ငွေပိုဝင်လာမယ်၊ လိုအပ်နေတဲ့ အဆင့်မြင့်ပြိုင်ပွဲတွေ ဖြစ်လာမယ်ဆိုတာနဲ့ အခြေခံလိုအပ်ချက်ကိစ္စတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ လည်း ကလပ်အသင်းကြီးတွေက ယုံကြည်နေပါတယ်။
သူတို့ အဆိုပြုထားတဲ့ ပြိုင်ပွဲပုံစံက ဘယ်လိုပုံစံလဲ။
သူတို့ အဆိုပြုထားတဲ့ ဆူပါလိဂ်ပြိုင်ပွဲပုံစံက စဖွဲ့ကတည်းက ပါတဲ့ ကလပ်အသင်းကြီး ၁၂ သင်းအပြင် နောက်တိုးလာမယ့် ၃ သင်းနဲ့အခြေခံထားပြီး သက်ဆိုင်ရာနိုင်ငံတွေက ခြေစစ်ပွဲအောင်လာတဲ့ ကလပ်အသင်း ၅ သင်းကို ပေါင်းပြီး ကလပ်အသင်း၂၀ ပါဝင်ယှဥ်ပြိုင်ကြမယ့် ပြိုင်ပွဲတစ်ခုအဖြစ် ကျင်းပမှာဖြစ်ပါတယ်။
ပွဲကျင်းပမယ့် အချိန်ကတော့ နှစ်စဥ် သြဂုတ်လမှာ စတင်မှာဖြစ်ပြီး ရက်သတ္တပတ် အလယ်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ အသင်း၂၀ ကို ၁၀ သင်းစီ ၂ အုပ်စုခွဲပြီး အိမ်ကွင်းအဝေးကွင်း ကစားသွားမှာလည်းဖြစ်ပါတယ်။
တစ်အုပ်စုဆီက ထိပ်ဆုံး ၃ သင်းက ကွာတားဖိုင်နယ်တက်မှာဖြစ်သလို လိုနေတဲ့၂ သင်း နေရာကို အဆင့် ၄ နဲ့ အဆင့်၅ အသင်းတွေက ရှုံးထွက် နှစ်ကြော့ ကစားပြီး နိုင်တဲ့အသင်း၂ သင်းက ကွာတားတက်မှာဖြစ်ပါတယ်။
အဲ့ဒီကနေ ချန်ပီယံလိဂ်မှာ အရင်ကကျင်းပခဲ့ တဲ့ အိမ်ကွင်းအဝေးကွင်း စနစ်ပုံစံအတိုင်း ဆက်ကစားကြမှာဖြစ်ပါတယ်။
အဲ့ဒီလို ပြိုင်ပွဲကျင်းပတဲ့ပုံစံက ချန်ပီယံလိဂ်ပြိုင်ပွဲထက် ငွေပိုဝင်မှာဖြစ်ပြီး အဲ့ဒီပြိုင်ပွဲကနေ ဝင်ငွေတွေ ပိုတိုး လာမယ်လို့ ESL ကပြောထားပါတယ်။
ဆူပါလိဂ်ပြိုင်ပွဲ ခေါင်းဆောင်တွေက ဘာပြောကြလဲ
ESLပြိုင်ပွဲရဲ့ ပထမဆုံး ဥက္ကဋ္ဌ ဖြစ်လာဖြစ်လာမယ့် ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလောရန်တီနို ပီးရက်စ်ကလည်း "ဒီပြိုင်ပွဲကနေ ဘောလုံးလောကဟာ အဆင့်တိုင်း အကူအညီရသွားမှာဖြစ်ပြီး၊တစ်ကမ္ဘာလုံး အားပေးတဲ့ ပရိသတ် သန်း လေးထောင်ကျော် ရှိတဲ့ အားကစားက ဘောလုံး တစ်ခုတည်း ရှိတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ကလပ်အသင်းကြီးတွေ အနေနဲ့ သူတို့ဆန္ဒ ကိုဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်" လို့ လည်း သူက ထပ်ဖြည့်ပြောပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြုပြင်ပြောင်းလဲဖို့ လုပ်နေတဲ့ ဥရောပကလပ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ECA) ဥက္ကဋ္ဌရာထူးအပြင် ယူအီးအက်ဖ်အေ အမှုဆောင်ကော်မတီ ကနေ နှုတ်ထွက်ထားတဲ့ ဂျုဗင်တပ်စ် ဥက္ကဋ္ဌ အင်ဒရေ အက်ဂ်နယ်လီကလည်း အခုလိုပြောပါတယ်။
"ဒီပြိုင်ပွဲဝင် အဓိက ကလပ်အသင်း ၁၂သင်း က ဦးဆောင်ပြီး အကျပ်အတည်းဖြစ်နေတဲ့ ဒီအခြေနေကို အတူတကွ ဖြေရှင်းနိုင်ပါတယ်။ အဲ့ဒီကနေ ဥရောပဘောလုံး ပြောင်းလဲမှုကို လုပ်ဆောင် နိုင်မှာ ဖြစ်သလို ကျွန်တော်တို့ချစ်တဲ့ ဘောလုံးလောက ရေရှည် တည်တံ့ခိုင်မြဲရေးအတွက်လည်း လုပ်ဆောင် နိုင်မယ်" လို့ သူကပြောပါတယ်။
ကလပ်အသင်းကြီး ၁၂ သင်းက လူတွေကလည်း သူတို့ကိုယ်စားပြုနေတဲ့ ECAဘုတ် အဖွဲ့ကနေ နှုတ်ထွက်ကြဖို့အစီအစဥ်လည်း ရှိပါတယ်။
ပြီးတော့ မန်ချက်စတာယူနိုက်တက်အသင်း ဒု ဥက္ကဋ္ဌ အက်ဒ်ဝုဒ် ဝက်ဒ် နဲ့ မန်စီတီး အမှုဆောင်အရာရှိ ဖာရန်ဆိုရီယာနို တို့လည်း ယူအီးအက်ဖ်အေမှာ တာဝန်ယူထားတဲ့ သူတို့ရာ ထူးတွေက နှုတ်ထွက်ထားကြပြီး ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ပူးတွဲ ဥက္ကဋ္ဌ ဂျိုးဂလေဇာက ဆူပါလိဂ်ပြိုင်ပွဲရဲ့ ဒု ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။
"ကမ္ဘာ့ အကြီးကျယ်ဆုံး ကလပ်အသင်းကြီးတွေ ကစားကြမယ့် ဆူပါလိဂ်ပြိုင်ပွဲဟာ ဥရောပဘောလုံးလောကအတွက် စာမျက်နှာသစ် ဖွင့်လှစ်နိုင်မှာဖြစ်ပြီး၊ ပြီးတော့ ကမ္ဘာအဆင့်ပြိုင်ပွဲရဲ့ အခင်းအကျင်းကိုတွေ့ရမှာဖြစ်သလို ဘောလုံးလောကအတွက် ပိုကျယ်ပြန့်လာဖို့ ငွေအထောက်အပံ့တွေပါ ပိုတိုးလာမှာဖြစ်ပါတယ်။"
တုံ့ပြန်ချက်တွေကကော ဘယ်လိုရှိလဲ
ပြိုင်ပွဲကျင်းပတဲ့သူ မသက်ဆိုင်ထဲကနေ သူတွေထဲကနေ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်တာတွေကိုလည်းတွေ့ရပါတယ်။
ယူကေဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ဒီပြိုင်ပွဲ အစီအစဥ်ဟာ ဘောလုံးလောကကို အသေအချာ ဖျက်ဆီးနေတာလို့ ပြောထားပါတယ်။
"ဒီကလပ်တွေဟာ ကြီးကျယ်တဲ့ကမ္ဘာ့ ကလပ်အသင်းတွေတင်မက သူတို့မြို့ သူတို့ ဒေသခံတွေကနေ ဖြစ်တည်လာတဲ့ ကလပ်တွေလည်း ဖြစ်တဲ့အတွက် သူတို့ လူမှုအဖွဲ့အစည်းတွေကို အခြေခံတဲ့ ပရိသတ်တွေရဲ့ သဘောထားကို ရယူသင့်ပါတယ်။ ဒီကိစ္စက အရေးကြီးတဲ့ကိစ္စတစ်ခု ဆက်ဖြစ်လာပါမယ်။ သူတို့ရဲ့ ဒီအဆိုပြုချက်တွေကို လက်မခံနိုင်တဲ့အတွက် ကျွန်တော်တို့ ဘာလုပ်လို့ရမလဲဆိုတာကိုလည်း တိုင်ပင်ရပါမယ်။" လို့ပြောပါတယ်။
ပြင်သစ်ကလပ်တွေ ဒီပြိုင်ပွဲမှာဝင်မပါဖို့ ငြင်းတဲ့အတွက်လည်း ပြင်သစ်သမ္မတ အီမန်နျုရယ်မက်ခရွန်းက ကြိုဆိုခဲ့ပါတယ်။
ဒီဆူပါလိဂ်ပြိုင်ပွဲဖြစ်မလာအောင် တတ်နိုင်တဲ့နည်းနဲ့တားဖို့ စီးရီးအေ အီတလီဘောလုံးအဖွဲ့ချုပ်၊ လာလီဂါ စပိန်ဘောလုံးအဖွဲ့ချုပ်၊ ပရီးမီးယားလိဂ် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့နဲ့ပူးပေါင်းပြီး ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
အဲ့ဒီကြေညာချက်ထဲမှာ ECAက ဒီပြိုင်ပွဲကျင်းပမယ့်ကိစ္စကို အကြီးအကျယ်ဆန့်ကျင်ထားသလို ဘောလုံးပရိသတ်အဖွဲ့ကလည်း ဘယ်သူမှ စိတ်ဝင်စားမှာမဟုတ်ဘူး၊ငွေလောဘနဲ့ လုပ်တဲ့ပွဲလို့ပြောပါတယ်။
လီဗာပူးနဲ့ တော့တမ်အသင်းတွေမှာ အလယ်တန်းလူအဖြစ် ကစားခဲ့တဲ့ ဒန်နီမာဖီ ကလည်း လူမဆန်သော၊ အသက်မပါ ငြီးငွေ့ဖွယ်ရာ ကောင်းတယ်လို့ ဘီဘီစီကိုပြောခဲ့ပြီး၊မန်ချက်စတာအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးကလည်း ဒီအစီအစဥ်ကို လုံးဝလက်မခံနိုင်ဘူးလို့ စကိုင်းအားကစား အစီအစဥ်မှာပြောခဲ့သလို၊သူ့ရဲ့ မန်ယူအသင်းဖေါ်ဟောင်း ရီယိုဖာဒီနန်ကလည်း ဒီအစီအစဥ်ဟာ ပရိသတ်တွေကို ပိုထိခိုက်စေမယ်လို့ ပြောခဲ့ပါတယ်။
အဆုံးစွန်ထိ သစ္စာဖောက်ဖျက်မှု
ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေကို အားပေးတဲ့ ပရိသတ်စု ပေါင်းတဲ့အဖွဲ့ကလည်း ဆူပါလိဂ် ပြိုင်ပွဲ ကျင်းပမယ့် အစီအစဥ်ကို အကြီးအကျယ်ကန့်ကွက်ထားပါတယ်။
လီဗာပူးပရိသတ်တွေ စုဖွဲ့ထားတဲ့ Spirit of Shankly အဖွဲ့ကလည်း အမေရိကန်အခြေစိုက် သူတို့အသင်းရဲ့ ပိုင်ရှင် Fenway Sports Groupရဲ့ ဆုံးဖြတ်ချက်ကိုပါ တုန်လှုပ်ချောက်ချားစရာကောင်းတယ်လို့ ပြောခဲ့ပါတယ်။
"Fenway Sports Group က သူတို့ ပရိသတ်ရဲ့ ဆန္ဒကို လျစ်လျုရှုပြီး ငွေနောက်လိုက်မယ့် အစီအစဥ် ကိုလက်ခံခဲ့တယ်။ ဘောလုံးအားကစားက ကျွန်တော်တို့ပိုင်တာ၊သူတို့ ပိုင်တာမဟုတ်ဘူး၊ကျွန်တော် တို့အားပေးတဲ့ အသင်းကိုလည်း ကျွန်တော်တို့ပိုင်တယ် သူတို့မပိုင်ဘူး။ "
ချဲလ်ဆီးပရိသတ်စုပေါင်းအဖွဲ့ကလည်း ဒီလုပ်ဆောင်ချက်ဟာ ခွင့်မလွှတ်နိုင်စရာကောင်းသလို တစ်ကမ္ဘာ လုံးက ချဲလ်ဆီးအသင်းကို အားပေးနေတဲ့ ပရိသတ်တွေကို လုံးဝသစ္စာဖေါက်တာလို့ ပြောပါတယ်။
ကလပ်ရဲ့ ပရိတ်သတ်တွေကြားက သဘောတူညီမှုကို ချိုးဖောက်တာလို့ အာဆင်နယ်အသင်း အားပေးသူတွေကလည်း ပြောကြပါတယ်။
မန်ချက်စတာစီတီးကို အားပေးနေတဲ့ သူတွေပေါင်းထားတဲ့ အဖွဲ့ကလည်း ဒီလုပ်ရပ်ဟာ ဘောလုံးပွဲ ရဲ့ သဘာဝနိမ့်ကျသွားအောင် သုညအဆင့် ရောက်သွားသလိုဖြစ်နေပြီး ဆူပါလိဂ်ကျင်းပမယ့် အစီအစဉ်ကိုပါ ဆန့်ကျင်သွားမယ်လို့ ပြောပါတယ်။
မန်ချက်စတာယူနိုက် ပရိသတ်အဖွဲ့ကလည်း ဒီအစီအစဥ်ဟာ လုံးဝလက်မခံနိုင်သလို ဘောလုံးလောကကို ဖျက်ဆီးသလို ဖြစ်နေတာကြောင့် မန်ယူအသင်းအနေနဲ့ လက်မခံသင့်ဘူးလို့ အစောပိုင်းတုန်းကတည်းက ပြောထားပါတယ်။
ဒီ ဆူပါလိဂ်ပြိုင်ပွဲ အစီအစဥ်က ဘောလုံးရဲ့ မူလတန်ဖိုးကို ပျက်ဆီးစေပြီး ကိုယ်ကျိုးစီးပွားကိုပဲ ဦးစားပေးတဲ့ကိစ္စလို့ တော့တင်ဟမ်ဟော့စပါးပရိသတ်စုပေါင်းအဖွဲ့က လည်း ပြောထားတာရှိပါတယ်။