စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း civil disobedience လှုပ်ရှားမှု စတင်

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းခဲ့တာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ civil disobedience (ပြည်သူ့အာခံမှု) နည်းလမ်းနဲ့ တုံ့ပြန်သွားမယ်လို့ ရန်ကုန် လူငယ်ကွန်ရက်က ကြေညာပြီး မကြာခင်မှာပဲ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြို့ကြီးတချို့က ဆရာဝန်၊ သူနာပြုတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတချို့ ဒီလှုပ်ရှားမှုမှာ စတင် ပါဝင်ခဲ့ကြပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရကို ဖြုတ်ချပြီး နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းထားမှုကို ကန့်ကွက် ရှုတ်ချတဲ့အနေနဲ့ ဖေဖော်ဝါရီလ ၂ ရက်ကစပြီး အလုပ်မသွားတော့ပဲ ငြိမ်းချမ်းတဲ့နည်းနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်သွားမယ်လို့ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးက လက်ထောက်ဆရာဝန်တွေက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်အောက်မှာ အလုပ်မလုပ်ကိုင်ချင်တဲ့အတွက် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၊ မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီး၊ မန္တလေး ကုတင် (၅၅၀) ဆံ့ ကလေးဆေးရုံ၊ မန္တလေးကုတင် (၃၀၀) ဆံ့ သင်ကြားရေးဆေးရုံ၊ ကလေးဆေးရုံ၊ စစ်ကိုင်းပြည်သူ့ ဆေးရုံ၊ ပြည်မြို့ ကုတင် (၅၀၀) ဆံ့ အထွေထွေ ဆေးရုံက လက်ထောက်ဆရာဝန်တွေ အပါအဝင် နေပြည်တော် ကုတင် (၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံက သူနာပြုတွေကလည်း ဖေဖော်ဝါရီလ ၃ ရက်နေ့ကစပြီး civil disobedience လှုပ်ရှားမှု စတင်မယ်လို့ ကြေညာခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် အပြီးတိုင် အဆုံးသတ်ပြီး ပြည်သူတွေက ရွေးကောက် တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ ပြန်လည် တာဝန်ရှိသည်အထိ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်မယ်လို့လည်း ဆိုပါတယ်။

တနိုင်ငံလုံးမှာ ရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးကိုလည်း ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ သူတို့က တိုက်တွန်းထားပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေက အခုလို ကြေညာချက်ထုတ် ကန့်ကွက်ဆန္ဒပြနေတဲ့ တချိန်တည်းမှာပဲ နယ်ပယ် အသီးသီးက အစိုးရ ဝန်ထမ်းတချို့ကလည်း နုတ်ထွက်စာ တင်ပြီး civil disobedience လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။

အနုပညာရှင်တွေကလည်း civil disobedience လှုပ်ရှားမှုမှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အင်ဂျင်နီယာတွေ၊ ပြည်သူ့ဝန်ထမ်းတွေကို အားပေးထောက်ခံတဲ့အနေနဲ့ သူတို့နဲ့ အတူ ရပ်တည်သွားမယ်ဆိုတဲ့ စာသားတွေကို သူတို့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားခဲ့ကြပါတယ်။

ပြည်သူအများစုကလည်း စစ်အာဏာရှင်စနစ် ကျရှုံးပါစေဆိုတဲ့ စာသားနဲ့အတူ ဒီလှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေဘက်ကနေ ရပ်တည်သွားမယ်လို့ လူမှုကွန်ရက်တွေမှာ မျှဝေခဲ့ကြပါတယ်။

အထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရေးထားတယ် ဆိုတဲ့ ပြည်သူ့ထံ ပန်ကြားချက် ဆိုတဲ့ စာထဲမှာလည်း တပ်မတော်ရဲ့ လုပ်ရပ်ဟာ တိုင်းပြည်ကို စစ်အာဏာရှင် စနစ်အောက်ကို ပြန်လည် သွတ်သွင်းဖို့ ကြိုးစားတဲ့ လုပ်ရပ် ဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ လုံးဝ လက်မခံဘဲ တခဲနက် ဆန့်ကျင် တုံ့ပြန်ကြဖို့ တိုက်တွန်းထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးဝင်းထိန်ကလည်း ပြည်သူတွေအနေနဲ့ ဒီလုပ်ရပ်ကို အကြမ်းမဖက်တဲ့နည်း civil disobedience နည်းနဲ့ ဆန့်ကျင်သင့်ကြောင်း ထုတ်ဖော်ပြောဆိုပြီး အာဏာရှင်တွေရဲ့ ယန္တရားမှာလည်း ဝင်ရောက် မပါသင့်ဘူးလို့ ဆော်ဩထားပါတယ်။