အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နဲ့ မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့စလုံး တွေ့ဖို့ သဘောတူ

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ၊ ငြိမ်းချမ်းရေး၊ အပစ်ရပ်

ဓာတ်ပုံ ရင်းမြစ်, TARCHILAKE NEWS AGENCY

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်က မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ်

မြောက်ပိုင်း လက်နက်ကိုင် ၄ ဖွဲ့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ အပစ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးဖို့ သဘောတူလိုက်ကြပါတယ်။

ဒီတစ်ခေါက် တွေ့ဆုံပွဲဟာ အွန်လိုင်းက မဟုတ်ဘဲ လူချင်း တွေ့ဆုံမှာ ဖြစ်ပြီး မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေဘက်က KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့၊ AA ရက္ခိုင့်တပ်တော်၊ MNDAA ကိုးကန့်တပ်ဖွဲ့၊ TNLA တအာင်းတပ်ဖွဲ့တို့ ၄ ဖွဲ့စလုံး ပါဝင်ဖို့ ရှိတယ်လို့ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ဘီဘီစီကို ပြောပါတယ်။

"အစိုးရဘက်က ဇန်နဝါရီလ ဒုတိယအပတ်မှာ မြစ်ကြီးနား၊ ကျိုင်းတုံမှာ တွေ့ဆုံဖို့ အဆိုပြုထားတယ်။ မြောက်ပိုင်း လေးဖွဲ့ဘက်က အဆိုပြုတဲ့ မြစ်ကြီးနား၊ ကျိုင်းတုံကို လာဖို့ အခက်အခဲ ရှိမယ်။ ဒါ့ကြောင့် ယူနန်ပြည်နယ်က တစ်နေရာမှာ လုပ်ဖို့ ပြန်အဆိုပြုခဲ့တယ်"

မြောက်ပိုင်း လေးဖွဲ့ဘက်က ဇန်နဝါရီ ၂၇ ရက်ကနေ ဖေဖော်ဝါရီ ၃ ရက်ကြားမှာ တွေ့ဖို့ ဆန္ဒရှိတာကြောင့် တကယ်လို့ တွေ့ဆုံဖြစ်မယ်ဆိုရင် ဖေဖော်ဝါရီလလောက်မှာ ဖြစ်နိုင်တယ်လို့ ဦးလမိုင်ဂွန်ဂျာက ပြောပြပါတယ်။

NCA အပစ်ရပ်လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေနဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အကြား တွေ့ဆုံဖို့ ညှိနှိုင်းမှုတွေ လုပ်နေရာကနေ ကိုဗစ်ကပ်ရောဂါကြောင့် စည်းဝေးပွဲတွေ ရက်ရွှေ့ခဲ့ရပါတယ်။

မြစ်ကြီးနားမြို့မှာ ကိုဗစ်ကူးစက်မှု မြင့်နေဆဲဖြစ်ပြီး ကျိုင်းတုံဘက်ကလည်း မိုင်းလား၊ ဝ စတဲ့ဒေသတွေမှာ ရောဂါကူးစက်မှုတွေ ရှိနေတဲ့အတွက် သွားရေးလာရေး အခက်အခဲဖြစ်နေတာကြောင့် ညှိနှိုင်းနေရတာ ဖြစ်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကလည်း ပြောပြပါတယ်။

"အပစ်ရပ်ဖို့ကတော့ လုပ်ရမှာပဲ။ တပ်မတော်ဘက်ကလည်း ကမ်းလှမ်းတယ်။ အစိုးရဘက်ကလည်း ကမ်းလှမ်းတယ်။ မြောက်ပိုင်း မဟာမိတ်တွေကလည်း ကမ်းလှမ်းတယ်။ သို့သော်လည်း အပစ်ရပ်ဖို့က ဘယ်လိုပုံစံနဲ့ လုပ်မှာလဲ။ ဥပမာ ယာယီ အပစ်ရပ် လုပ်မှာလား။ ဒါတွေက လက်တွေ့ ဆွေးနွေးတော့မှ အဖြေပေါ်မှာပဲ" လို့ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။

လူချင်းမတွေ့ဆုံတာ ကြာပြီမို့ အခုလို လူချင်းတွေ့ဆုံဖို့ နှစ်ဖက်လုံးက သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစည်းအဝေးတွေကို ဒီဇင်ဘာလအတွင်းက နေပြည်တော်မှာ လုပ်ခဲ့ပြီး NCA အပစ်ရပ်လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည် ကျင်းပနိုင်ရေး အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ၊ ငြိမ်းချမ်းရေး၊ အပစ်ရပ်

ဓာတ်ပုံ ရင်းမြစ်, TARCHILAKE NEWS AGENCY

ဓာတ်ပုံ ပုံစာ, အစိုးရနဲ့ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေ အကြား ကျိုင်းတုံမြို့ ဆွေးနွေးပွဲမှာ တပ်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အကြား ၂၀၁၉ ခုနှစ်မှာ ကျိုင်းတုံမှာ နှစ်ကြိမ်၊ ရွှေလီမှာ တစ်ကြိမ် အလွတ်သဘော တွေ့ဆုံမှုတွေ ရှိခဲ့ပေမဲ့ အခု တစ်ကြိမ်မှာတော့ တပ်နဲ့ ယာယီ အပစ်ရပ်ထားတဲ့ AA အဖွဲ့ပါ ပါလာမှာ ဖြစ်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပိုဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ရကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။