မြောက်ပိုင်းအဖွဲ့တွေ တစ်ဖက်သတ် အပစ်ရပ်သက်တမ်းတိုးတာဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ရင်ဆိုင်ရေးပါဝင်တယ်လို့ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
အေအေ အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က တစ်ဖက်သတ်အပစ်ရပ်လိုက်တာဟာ အပစ်အခတ်ရပ်စဲရေးစာချုပ် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းတွေကို လက်တွေ့ လုပ်နိုင်ဖို့ အပြင် လက်ရှိ ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို စုပေါင်းရင်ဆိုင် ကျော်ဖြတ်ရာမှာ အထောက်အကူဖြစ်စေရည်ရွှယ်ချက်ပါဝင်တယ်လို့ အေအေပြောခွင့်ရသူခိုင်သုခ ကဘီဘီစီကို ပြောပါတယ်။
အပစ်ရပ်သက်တမ်းကို နောက်ထပ် ၂၅ ရက် ထပ်တိုးလိုက်တယ်လို့ မတ်လ ၁ ရက်မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဒီတစ်ကြိမ်နဲ့ဆိုရင် အခုလို တစ်ဖက်သတ် အပစ်ရပ်တာ လေးကြိမ်ရှိပါပြီ။
ဒီတစ်ခေါက် အပစ်ရပ်တာကတော့ အချက်သုံးချက်ကြောင့် ဖြစ်ပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်တည်ဆောက်နိုင်ပြီး ပြည်တွင်းစစ်ချုပ်ငြိမ်းစေဖို့၊ အပစ်အခတ်ရပ်စဲရေးစာချုပ် သဘောတူလက်မှတ်ရေးထိုးနိုင်မယ့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းတွေကို လက်တွေ့လုပ်နိုင်ဖို့နဲ့ ၊လက်ရှိရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို စုပေါင်းရင်ဆိုင်ကျော်ဖြတ်ရာမှာ အထောက်အကူဖြစ်စေနိုင်ဖို့၊ အခုလို တစ်ဖက်သတ်အပစ်ရပ်သက်တမ်းတိုးတာဖြစ်တယ်လို့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ကြေညာချက်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Northen Alliance
ကိုရိုနာဗိုင်းရပ်စ်အရေးဟာ တစ်ကမ္ဘာလုံးက စိုးရိမ်နေတဲ့ကိစ္စဖြစ်ပြီး ၊ဒီအရေးကို ရင်ဆိုင်ဖို့ဆိုရင် တိုက်ပွဲတွေကို ရပ်တန့်ပြီးမှ ဒေသခံတွေရဲ့ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်တွေကို လုပ်နိုင်မယ်လို့ မြောက်ပိုင်းသုံးဖွဲ့ထဲမှာပါတဲ့ ရက္ခိုင့်တပ်တော် အေအေရဲ့ ပြောခွင့်ရ ဦးခိုင်သုခက ဘီဘီစီကိုပြောပါတယ်။ အခုလို တစ်ဖတ်သတ် အပစ်ရပ်ထားပေမယ့်လည်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေသလို ငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကလည်း ရပ်တန့်နေပါတယ်။
ဆွေးနွေးပွဲတွေ ရပ်တန့်နေရတာဟာ တရုတ်နှစ်ကူးပွဲတော်နဲ့ တရုတ်ပြည်တွင်းမှတွေ့ဆုံရေးက ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစိုးရနဲ့တွေ့ဖို့ မဖြစ်နိုင်သေးတာလို့ ဦးခိုင်သုခက ကပြောပါတယ်။
ဗိုင်းရပ်စ်ဖြစ်နေတဲ့ တရုတ်မှာမတွေ့ဘဲ ပြည်တွင်းမှာတွေ့ဖို့ကတော့ နှစ်ဦးနှစ်ဖက်ကလည်း ယုံကြည်မှုလျော့နည်းနေသလို၊ တိုက်ပွဲတွေက ပြင်းထန်နေတဲ့အပြင် ၊တပ်မတော်က ထိုးစစ်တွေဆင်နေတာ ၊ အင်တာနက်တွေဖြတ်တောက်ပြီးသတင်းအမှောင်ချထားတဲ့အတွက် မြန်မာနိုင်ငံတွင်းမှာတွေ့ဖို့ကတော့ မဖြစ်နိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။
WHO မှတ်တမ်းတွေအရ ဒီဗိုင်းရပ်စ်က ကမ္ဘာ့နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ ပျံ့နှံ့နေပြီး လူပေါင်း ၈၅,၀၀၀ ကျော်ကို ကူးစက်ခံထားရသလို သေဆုံးမှုပေါင်း ၃,၀၀၀ ကျော်လာပါပြီ။ အများဆုံးသေဆုံးထားတာကတော့ ဒီဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံမှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
အိမ်နီးချင်းမြန်မာနိုင်ငံမှာတော့ တရုတ်နိုင်ငံသားတွေ၊ တရုတ်ကမ္ဘာလှည့်တွေ အဝင်အထွက်များပေမယ့် ဒီရောဂါပိုးတွေ့ရှိသူ မရှိသေးဘူးလို့ မြန်မာအစိုးရကျန်းမာရေးဝန်ကြီးဌာန ကပြောပါတယ်။
ကိုဗစ်၁၉၊ ကိုရိုနာဗိုင်းရပ်စ် လို့ လူသိများတဲ့ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုမဖြစ်စေဖို့ ဒီရောဂါကို တိုင်ကြားရမယ့် ကူးစက်မြန်ရောဂါအဖြစ် အစိုးရက ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကို ကြိုတင်ကာကွယ်ဖို့နဲ့ တုံ့ပြန်ဆောင်ရွက်ခြင်းတွေကို ထိရောက်စွာဆောင်ရွက်နိုင်ဖို့ အခုလို ထုတ်ပြန်တာဖြစ်တယ်လို့ လည်းဆိုပါတယ်။
ကိုယ့်အနီးပတ်ဝန်းကျင်မှာ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦး ရောဂါသံသယရှိတယ်ဆိုရင် အာဏာပိုင်တွေကိုအသိပေးရမှာဖြစ်ပြီး ပျက်ကွက်ရင် ထောင်ခြောက်လအထိ ကျခံရနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
မြောက်ပိုင်းအဖွဲ့တွေ တစ်ဖက်သတ် အပစ်အခတ် ရပ်ဆိုင်းကြောင်း ကြေညာထားတဲ့ ကာလအတွင်း တပ်မတော် ဘက်ကနေ ညီနောင်မဟာမိတ် သုံးဖွဲ့ထဲက တစ်ဖွဲ့ဖွဲ့ကို မည်သည့် ပုံစံနှင့်မဆို ထိုးစစ်ဆင် တိုက်ခိုက်နေပါက ကိုယ့်ကိုယ် ကို ခုခံ တဲ့ အနေဖြင့် တုံ့ပြန် ကာကွယ်သွားမယ်လို့ AA၊ MNDAA၊ TNLA တို့က ပူးတွဲ ထုတ်ပြန်ချက်ကဆိုပါတယ်။
လက်ရှိမှာတော့ တပ်မတော်နှင့် အေအေ ကြား ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း၊ တပ်မတော်နှင့် TNLA ကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP / GETTY IMAGES
အခုလို အပစ်ရပ်ကြေညာချက်တွေ ထုတ်နေပေမယ့် ၊နှစ်ဖက်လုံးက မရပ်ရင် တိုက်ပွဲတွေက ထပ်ဖြစ်နေမှာဖြစ်ပြီး ဒေသခံတွေပဲ အဓိက ထိခိုက်နစ်နာနေတယ်လို့ တအာန်းအမျိုးသမီးအဖွဲ့အစည်းရဲ့ အကြံပေး လွေးပိုးငယ်က ဘီဘီစီကို ပြောပါတယ်။
မြောက်ပိုင်းသုံးဖွဲ့လို့ ခေါ်တဲ့ ကိုးကန့်အဖွဲ့ (MNDAA ) ၊ တအာန်းအဖွဲ့(TNLA) နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ဟာ အပစ်ရပ်လက်မှတ်မထိုးရသေးဘဲ အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါဝင်ဖို့ ဆွေးနွေးနေတဲ့အဖွဲ့တွေဖြစ်ပါတယ်။ လက်ရှိမှာ ဒီသုံးဖွဲ့နဲ့ တပ်မတော်ဟာ စစ်ရေးတင်းမာမှုတွေလည်း ရှိနေပါတယ်။








