အပစ်ရပ်ကြေညာတဲ့ မြောက်ပိုင်းအဖွဲ့တွေ အပြောနဲ့အလုပ်ညီဖို့ တပ်မတော် ပြော

တပ်မတော်က ငြိမ်းချမ်းရေးတံခါးဖွင့်ထားတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STR

ဓာတ်ပုံ ပုံစာ, တပ်မတော်က ငြိမ်းချမ်းရေးတံခါးဖွင့်ထားတယ်လို့ ပြောပါတယ်။

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ အပစ်ရပ်ကြေညာချက်ဟာ အပြောနဲ့ အလုပ်ညီဖို့လိုတယ်လို့ တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် တပ်မတော်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း အပစ်အခတ်ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး တစ်ဖတ်သတ် အပစ်ရပ်လေးကြိမ် ရပ်စဲထားခဲ့ပြီး ငြိမ်းချမ်းရေးတံခါးဖွင့်ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ အဲဒီလိုအပစ်ရပ်စဲခဲ့ပြီးနောက်ပိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောကြားခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

"ပထမတစ်ကြိမ် (မြောက်ပိုင်းအဖွဲ့က အပစ်ရပ်ကြောင်း ကြေညာချက်) ထုတ်ပြန်ပြီးတဲ့အချိန်မှာပဲ ရခိုင်မှာရှိတဲ့ တပ်ဌာနချုပ်တစ်ခုကို ပစ်ခတ်ခဲ့တာရှိတယ်။ ပြီးရင် မြောက်ပိုင်းမှာဆိုရင် အရှေ့မြောက်ဘက်မှာ ပြည်ထောင်စု လမ်းမကြီးပေါ်မှာ တက်လာတာရှိတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆမ်မြို့နားထိ တက်လာပြီး ဘုရားကုန်းပေါ်ထိ တပ်စွဲခဲ့တာရှိတယ်။ ဒါကြောင့် ဒါတွေ(အပစ်ရပ်ကြေညာတာ) ကို အခွင့်ကောင်းယူပြီးတော့ အင်အားတိုးချဲ့တာတွေ၊ နယ်မြေတိုးချဲ့ တာတွတော့ မလုပ်ဖို့လိုမယ်လို့ ပြောလိုပါတယ်" လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရတို့ ၂၀၁၉ ခုနှစ်အတွင်း ခြောက်ကြိမ်တွေ့ဆုံဆွေးနွေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tarchilake News agency

ဓာတ်ပုံ ပုံစာ, မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရတို့ ၂၀၁၉ ခုနှစ်အတွင်း ခြောက်ကြိမ်တွေ့ဆုံဆွေးနွေးထားပါတယ်။

ရခိုင့်တပ်မတော် အေအေ၊ တအားန်းအဖွဲ့ TNLA နဲ့ ကိုးကန့်အဖွဲ့ MNDAA စတဲ့ မြောက်ပိုင်းသုံးဖွဲ့ဘက်ကတော့ သူတို့ဘက်က အပစ်ရပ်ထုတ်ပြန်ပြီးနောက် တပ်မတော်ဘက်က ထိုးစစ်တွေဆင်လာလို့ တိုက်ပွဲတွေဖြစ်ရတယ်လို့ ပြောကြားတာတွေရှိပါတယ်။

အခုတစ်ကြိမ် မြောက်ပိုင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာလည်း တစ်ဖတ်သတ်အပစ်ရပ်ထားချိန်မှာ တပ်မတော်ဘက်က ထိုးစစ်ဆင်လာမယ်ဆိုရင် ခုခံကာကွယ်သွားမယ် လို့ပါဝင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက

"ဖြစ်ခဲ့တဲ့တိုက်ပွဲတွေပြန်ကြည့်ရင် အများစုက ပြည်ထောင်စုလမ်းမကြီးနဲ့ မြို့တွေရွာတွေနဲ့ ကပ်တဲ့နေရာတွေမှာ ဖြစ်ပွားတာများပါတယ်။ ဒါတွေကြည့်ခြင်းအားဖြင့် သူတို့စွပ်စွဲမှုတွေ မှန်မမှန် သိပါလိမ့်မယ်" လို့ သူက ပြောပါတယ်။

နှစ်ဖက် သဘောတူ အပစ်ရပ်စာချုပ် Bilateral သဘောတူလက်မှတ်ရေးထိုးနိုင်ရေး လက်တွေ့ကျကျဆောင်ရွက်နိုင်ဖို့နဲ့ ၂၀၂၀ ရွေး ကောက်ပွဲမှာ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင် တည်ဆောက်နိုင်ပြီး ပြည်တွင်းစစ် လုံးဝချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ တစ်ဖတ်သတ်အပစ်ရပ်ဆိုင်းခြင်းကို ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၂၉ ရက်အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ မြောက်ပိုင်းသုံးဖွဲ့ရဲ့အပစ်ရပ်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တစ်ဖတ်သတ်အပစ်ရပ်ထားချိန်မှာ တပ်မတော်ဘက်က ထိုးစစ်ဆင်လာမယ်ဆိုရင် ခုခံကာကွယ်သွားမယ် လို့ပါဝင်
ဓာတ်ပုံ ပုံစာ, တစ်ဖတ်သတ်အပစ်ရပ်ထားချိန်မှာ တပ်မတော်ဘက်က ထိုးစစ်ဆင်လာမယ်ဆိုရင် ခုခံကာကွယ်သွားမယ် လို့ပါဝင်

ဒီလို အပစ်ရပ်ကြေညာချက်တွေဟာ ဘယ်ဘက်က ထုတ်ထုတ် ထုတ်တဲ့သူတွေဟာ ငြိမ်းချမ်းရေးလိုလားသူအဖြစ် ပုံဖော်လိုပြီး လက်တွေ့မှာတော့ စစ်ပွဲကို ရပ်ချင်ပုံမရဘူးလို့ စစ်ရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်က ပြောပါတယ်။

တပ်မတော်က အပစ်ရပ်ခဲ့တဲ့ ကိုးလအတွင်းမှာလည်း ငြိမ်းချမ်းရေးအတွက် မယ်မယ်ရရ အကျိုးရှိတဲ့ခြေလှမ်းမရှိခဲ့ဘဲ ခုလည်း သံသယနဲ့ စောင့်ကြည့်ရ မယ့်အနေအထားဖြစ်တယ်လို့ သူကဆိုပါတယ်။

"နှစ်ဦးနှစ်ဖက် bilateral အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးဖို့အတွက် အကြိုညှိနှိုင်းဖို့အစည်းအဝေးကိုတောင် နေရာရွေးမရတဲ့ကိစ္စနဲ့ ရပ်ဆိုင်း လာတာ ခုထိလည်း ညှိလို့မရဘူး။ အဲဒီလိုဘက်နှစ်ဘက်ကဖြစ်နေတဲ့ဟာက ငြိမ်းချမ်းရေးရော တကယ်ရချင်ရဲ့လားလို့ မေးခွန်းထုတ်ရတော့မလိုဖြစ် လာပြီ" လို့ သူက ပြောပါတယ်။

ငါးကြိမ်မြောက်အဖြစ် ကျိုင်းတုံမှာလုပ်တဲ့ဆွေးနွေးပွဲမှာ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tarchilake News agency

ဓာတ်ပုံ ပုံစာ, ငါးကြိမ်မြောက်အဖြစ် ကျိုင်းတုံမှာလုပ်တဲ့ဆွေးနွေးပွဲမှာ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

အပစ်ရပ်ထားတဲ့အချိန်အတွင်း မြောက်ပိုင်းအဖွဲ့တွေဘက်က တပ်က ထိုးစစ်ဆင်လို့ လို့ အကြောင်းပြပြီး တပ်မတော်ဘက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အပြင်စည်းကို ထွက်လှုပ်ရှားလို့ စသဖြင့် အကြောင်းအမျိုးမျိုး ပြကြပြီး ဖြစ်ခဲ့တဲ့ တိုက်ပွဲကြား တကယ်လက်တွေ့ ဒုက္ခ ခံစားရတာ ပြည်သူတွေဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

Bilateral အတွက် အကြိုညှိနှိုင်းမှု ချုပ်ဆိုနိုင်တဲ့အဆင့်မရောက်သရွေ့ကတော့ ဒီကြေညာချက်တွေက ငြိမ်းချမ်းရေးအတွက် ဘာမှထူးခြားမှုမရှိဘူးလို့ သူက ဆိုပါတယ်။

လက်ရှိမှာ အခု အပစ်ရပ်ကြေညာချက်ထုတ်တဲ့ မြောက်ပိုင်းသုံးဖွဲ့ထဲက ရက္ခိုင့်တပ်တော် အေအေ နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းထိ တိုက်ပွဲတွေကျယ်ပြန့်လာသလို စစ်ရှောင်အရေအတွက် တစ်သိန်းကျော်ရှိလာပြီဖြစ်တဲ့အပြင် သေဆုံး နှစ်ရာ နီးပါး နဲ့ ဒဏ်ရာရသူ သုံးရာ ကျော်ရှိ လာပြီဖြစ် တယ်လို့ ရခိုင်ပြည်နယ် အခြေစိုက် ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။