မြောက်ပိုင်း မဟာမိတ် တိုက်ပွဲတွေ အတွင်းမှာ ကေအိုင်အေ ဘယ်ရောက်နေလဲ

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY IMAGES
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တပ်မတော် စစ်သင်တန်းကျောင်းရှိတဲ့ ပြင်ဦးလွင်၊ နောင်ချို စတဲ့နေရာ ၅ ခုလောက်မှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ရက္ခိုင့် တပ်မတော် (အေအေ)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ)နဲ့ တအောင်း ပလောင် (တီအန်အယ်လ်အေ) တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
ဒီနောက် ရှမ်းပြည်မြောက်ပိုင်းမှာ ဒီတပ်ဖွဲ့တွေနဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေပါတယ်။
တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေမှာလည်း ညီနောင် မဟာမိတ်အဖွဲ့ ၃ ဖွဲ့ဆိုပြီး အဖွဲ့ရဲ့ သဘောထားကို အဓိကထား ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာပြည် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုကို လက်ရှိ တိုက်ပွဲတွေ ဖြစ်နေတဲ့ တပ်ဖွဲ့ ၃ဖွဲ့အပါအဝင် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)တို့နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဒီလိုဖွဲ့စည်းပြီးတဲ့နောက် ၂ဝ၁၇ ခုနှစ်ကနေ ၂ဝ၁၉ မတ်လ အထိ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုနဲ့ တပ်မတော်တို့ အကြား တိုက်ပွဲပေါင်း ၃၄ ကြိမ် ဖြစ်ပွား ခဲ့တယ်လို့ ၂ဝ၁၇-၁၈ ခုနှစ် အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ မြန်မာ သတင်း အဖွဲ့(ဘီအန်အိုင်)က ထုတ်ပြန်ထားပါတယ်။
လက်ရှိတိုက်ပွဲတွေ ဖော်ဆောင်တဲ့ ဒီတပ်ဖွဲ့ဝင် ၃ ဖွဲ့က ညီနောင် မဟာမိတ် အဖွဲ့လို့ သုံးနှုန်းလာသလို ထုတ်ပြန်ချက်မှာ ကေအိုင်အေကို ဖော်ပြထားတာ မရှိတဲ့ အတွက် အရင်က မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုဝင်အဖွဲ့ဖြစ်တဲ့ ကေအိုင်အေရဲ့ အခန်းကဏ္ဍက ဘယ်လို ရှိလာသလဲဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, HEIN HTET
မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုမှာ ကေအိုင်အေရဲ့ အခန်းကဏ္ဍ
မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့ ပေါ်လာပြီးတဲ့နောက် ဒီအဖွဲ့နဲ့ တပ်မတော် တို့အကြား ဆက်ဆံရေးက တင်းတင်းမာမာ ဖြစ်ခဲ့ပါ တယ်။
၂ဝ၁၆ ခုနှစ်အကုန်လောက်မှာ တပ်မတော်နဲ့ ဒီအဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှာ ဆွေးနွေး တာမျိုးအထိ ရှိခဲ့ပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒီအဖွဲ့တွေ ပါဝင်ဖို့ အသိအမှတ်မပြုဘဲ လက်နက် ချဖို့ဆိုတဲ့အထိ ပြောဆိုမှုတွေ တပ်မတော်ဘက်မှာ ရှိခဲ့ပါ တယ်။
၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတုန်းက တရုတ်အစိုးရရဲ့ စီစဉ်မှုနဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့တို့ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့်လည်း မအောင်မြင် ဖြစ်ခဲ့ရပါတယ်။
ဆွေးနွေးပွဲမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေကို တဖွဲ့ချင်းစီတွေ့ဖို့ ပြောရာမှာ ကေအိုင်အေက လက်မခံခဲ့သလို ကျန်တဲ့ သုံးဖွဲ့နဲ့ တွေ့တဲ့နေရာမှာ ကေအိုင်အေ ပါတာကို ကော်မရှင်က လက်မခံဘူးဆိုပြီး ငြိမ်းချမ်းရေး ကော်မရှင်ဘက်က သတင်းစာ ရှင်းလင်းခဲ့ပါတယ်။
ဒါကိုကြည့်လိုက်ရင် အရင်တချိန်က ဒီအဖွဲ့မှာ ကေအိုင်အေရဲ့ အခန်းကဏ္ဍက အရေးပါတယ်ဆိုတဲ့ အချက်က ငြင်းမရ ဖြစ်ခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ ကေအိုင်အေ ဘယ်ရောက်သွားလဲ
လွန်ခဲ့တဲ့နှစ်တွေက မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုထဲမှာ ဒီလို အရေးပါတဲ့ နေရာမှာ ရှိခဲ့တဲ့ ကေအိုင်အေက အခုနှစ်တွေအတွင်း သူ့မဟာမိတ်လုပ်ထားတဲ့ ဒီအဖွဲ့တွေနဲ့ ပိုမိုကင်းကွာလာသလား ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
တပ်မတော်အပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့ဆိုတဲ့ အဖွဲ့ရဲ့ အခုလက်ရှိ စစ်ရေးဆိုင်ရာ တုံ့ပြန်မှု တွေက မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
"ဒါပေမဲ့ နိုင်ငံရေးဆွေးနွေးတဲ့ နည်းလမ်းနဲ့ ပြန်ပြီးတော့ ဆက်စပ် တွေးတောမယ် ဆိုလိုရှိရင်တော့ တွေ့ဆုံဆွေးနွေးပွဲအတွက်ကတော့ အနှောင့်အယှက်တွေက အနည်းနဲ့ အများတော့ ရှိတာပေါ့"လို့ သူက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု အဖွဲ့ဝင် ၄ ဖွဲ့စလုံးနိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖို့ ကြိုးစားနေဆဲ ဖြစ်ပြီး ကျန် ၃ဖွဲ့က သူတို့ရဲ့ နယ်မြေတွေမှာ တပ်မတော်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲတွေ ပြင်းထန်နေလို့ ဒီ ၃ ဖွဲ့က ပူးတွဲ တိုက်ပွဲတွေ ဆင်နွှဲနေတာလို့လည်း သူက ဆိုပါတယ်။
"မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ထဲမှာ ကေအိုင်အိုက အခုထက်ထိ ပါတဲ့ အဖွဲ့ ဖြစ်ပါ တယ်၊ ဒါပေမဲ့ ထုတ်ပြန်ကြေညာချက်လုပ်တဲ့အခါမှာ မပါဖြစ်တာကတော့ ထူးခြား တဲ့ ပထဝီအနေအထားအနေနဲ့ သီးသန့်ထုတ်တယ်လို့ပဲ အဲလိုပဲ ပြောလိုပါတယ်"လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

လက်ရှိအချိန်မှာ အရင်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူတွေ အခြေတကျပြန်လည် ဖြစ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်သဘောတူညီချက် စာချုပ် ချုပ်ဆိုနိုင်ဖို့ကို ကေအိုင်အိုက အာရုံစိုက် နေပုံရတယ်လို့ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာသုံးသပ်နေသူတွေက သုံးသပ်ပါတယ်။
အရင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တပ်မတော်အနေနဲ့ လက်ရှိ တိုက်ပွဲတွေမှာ ပါဝင်နေတဲ့ အဖွဲ့တွေကို လက်မခံခဲ့ပေမယ့် ကေအိုင်အေနဲ့ အစိုးရအကြား ငြိမ်းချမ်း ရေး ဆွေးနွေးမှုတွေ ရှိခဲ့တာကြောင့် ကေအိုင်အေအနေနဲ့ ဒီအခြေခံပေါ်မှာပဲ ရပ်တည် နေတာ ဖြစ်မယ်လို့ တရုတ်မြန်မာ နယ်စပ် အခြေစိုက် ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။
"ဒီအဖွဲ့ ၃ဖွဲ့ကတော့ သူတို့ကို အန်စီအေ လမ်းကြောင်းပေါ်မှာပဲ ဖြစ်ဖြစ် သို့မဟုတ် ဆွေးနွေးဖို့ပဲ ဖြစ်ဖြစ်၊ အဲဒီအတွက် လိုအပ်လို့ နည်းဗျူဟာ တရပ်အနေနဲ့ ပေါ့နော် သူတို့ ၃ ဖွဲ့က ခွဲပြီးလုပ်ကြတာ ဖြစ်မှာပါ၊ တပ်ပေါင်းစုဆိုတာ ဒီလိုပဲလေ၊ တူတဲ့ အခါမှာ တွဲလုပ်ကြတယ်၊ မတူတဲ့ အခါမှာခွဲလုပ်ကြတာပေါ့၊ တပ်ပေါင်းစုအရ စေ့စပ်ထားတာပေါ့" လို့ သူက ပြောပါတယ်။
ဒါ့အပြင် ကေအိုင်အေအနေနဲ့ နယ်မြေအားဖြင်ဆိုရင်လည်း လက်ရှိ တိုက်ပွဲ ဖြစ်နေတဲ့ အဖွဲ့တွေနဲ့ ခွဲပြီး နေလို့ရသလို နိုင်ငံရေးအရလည်း အစိုးရနဲ့ စေ့စပ် ဆွေးနွေး ပြောဆိုနေတာတွေရှိနေတယ်လို့ ဒေါက်တာ လှကျော်ဇောက ဆိုပါတယ်။
"တပ်မတော်ကလည်း ဒီအဖွဲ့ ၃ ဖွဲ့ကိုပဲ ဥပမာ ကိုးကန့်အဖွဲ့၊ အေအေအဖွဲ့၊ ပလောင်အဖွဲ့ကိုပဲ မဲနေတာပဲ ဖြစ်နေဖြစ်တဲ့အခါကျတော့ ဒီ ၃ဖွဲ့ကပဲ သူ့ဘာသာသူ သီးသန့် လှုပ်ရှားတာ ဖြစ်မှာပါ" လို့ သူက ပြောပါတယ်။
လက်ရှိ တိုက်ပွဲတွေကို ဖော်ဆောင်လာတဲ့ ဒီတပ်ဖွဲ့ဝင် ၃ ဖွဲ့ အပေါ် ကေအိုင်အေရဲ့ ထောက်ပံ့မှုက လျော့လာပြီး ဒီအဖွဲ့တွေက 'ဝ' ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရထားတဲ့ အခြေအနေကို ပိုမို တိမ်းညွတ်လာတာကြောင့် UWSAနဲ့ ပိုနီးစပ်လာတယ်လို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာ သုံးသပ်နေသူတဦးက ပြောပါတယ်။








