ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၀ မြန်မာရွေးကောက်ပွဲ - ရခိုင်မှာ ရွေးကောက်ပွဲ အမြန်ဆုံး ပြန်ကျင်းပပေးဖို့ ဂျပန် တိုက်တွန်းမယ်
ဂျပန်အစိုးရရဲ့ ပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ယိုဟီ ဆာဆာကာဝါဟာ ရွေးကောက်ပွဲမှာ ချန်လှပ်ထားခဲ့တဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တွေမှာ အမြန်ဆုံး ပြန်လည်ကျင်းပပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြတိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။
တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြို့နယ် ကိုးမြို့နယ်မှာ လုံခြုံရေးအရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ မရှိတဲ့အတွက်ရွေးကောက်ပွဲ ကော်မရှင်က ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလို ချန်လှပ်ထားတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေ ရှိမရှိ မစ္စတာ ယိုဟီ ဆာဆာကာဝါနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့အဖွဲ့ဟာ နိုဝင်ဘာ ၂၈ ရက်မှာ ဘူးသီးတောင်နဲ့ ကျောက်တော်မြို့နယ်တွေကို သွားရောက်လေ့လာခဲ့ပြီး အခုလို တိုက်တွန်းမယ့်အကြောင်း ပြောတာဖြစ်ပါတယ်။
အဲဒီက ဒေသခံတွေဘက်က ရွေးကောက်ပွဲ ကျင်းပပေးဖို့ ဆန္ဒရှိနေကြသလို လက်ရှိမှာလည်း အပစ်အခတ် ရပ်စဲနေပြီဖြစ်တဲ့အတွက် လုံခြုံရေးအရ ရွေးကောက်ပွဲ ကျင်းပပေးနိုင်တဲ့ အခြေအနေကို မြင်တွေ့ခဲ့ရတယ်လို့ မစ္စတာ ဆာဆာကာဝါက နိုဝင်ဘာ ၂၈ ရက် ညနေပိုင်း စစ်တွေမြို့မှာ မီဒီယာသမားတွေကို ပြောပါတယ်။
အထူးကိုယ်စားလှယ်နဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်ရဲ့ ရွေးကောက်ပွဲ အနိုင်ရပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP နဲ့ သီးသန့်တွေ့ဆုံမှုတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြပြီး အဲ့ဒီဆွေးနွေးမှုမှာ ပြည်သူတွေရဲ့ လိုလားချက်တွေအတိုင်း ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးနိုင်ဖို့နဲ့ ရွေးကောက်ပွဲအလွန်ကာလမှာလည်း မြန်မာ့ငြိမ်းချမ်းရေးမှာ အားလုံးပါဝင်လာအောင် ကြားဝင်ဆောင်ရွက်ပေးဖို့ ANP ဘက်က အကြံပြုပြောကြားခဲ့တယ်လို့ ပါတီရဲ့ ပြောခွင့်ရသူ ဒေါ်အေးနုစိန်က ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အပစ်အခတ်ရပ်ဆိုင်းရေး နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့ သူ့အနေနဲ့ နှစ်ဖက်စလုံးကို မေတ္တာရပ်ခံခဲ့တယ်လို့ မစ္စတာဆာဆာကာဝါက ပြောပါတယ်။
မစ္စတာဆာဆာကာဝါဟာ ဂျပန်နိုင်ငံကိုယ်စားပြု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်နဲ့ မြန်မာနိုင်ငံကို လာရောက်လေ့လာခဲ့ပြီး အဲ့ဒီတုန်းကလည်း ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေမှာ အမြန်ဆုံး ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ကြိုးစားပေးစေလိုပါတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့ပါတယ်။