တပ်နဲ့ အေအေ ရခိုင်အရေး ညှိနှိုင်းမှု နောက်ဆုံး သိရသမျှ

အေအေနဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ မဖြစ်ပွားတာကြောင့် ရခိုင်မြောက်ပိုင်းနယ်မြေတွေ အေးချမ်းနေတာ ရွေးကောက်ပွဲမတိုင်မီ ကတည်းကဖြစ်လို့ အခုဆိုရင် တလနီးပါးလောက် ရှိနေပါတယ်။

အဲဒါကလည်း အေအေနဲ့ တပ်မတော်အကြား အခုလိုတိုက်ပွဲတွေရပ်ထားဖို့ နှစ်ဖက် လူတွေ့ဆွေးနွေးနိုင်ဖို့ အတွက် ဝင်ရောက်ညှိနှိုင်းပေးနေတာကြောင့် ဖြစ်ပါတယ်။

ဘာတွေညှိနှိုင်းနေလဲ

ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမဖြစ်အောင် နှစ်ဖက်တပ်တွေကို နှစ်ဖက်လုံးက ထိန်း သိမ်းထားရေး၊ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ လုံခြုံရေးအခင်းအကျင်းကို နှစ်ဖက်ညှိနေတာ၊ လက်ရှိ အခြေအနေ ကနေ နှစ်ဖက်တိုက်ပွဲ ထပ်ပြန်မဖြစ်အောင် ဆက်ညှိနေတာတွေကို လုပ်ဆောင်နေတယ်လို့ ညှိနှိုင်းရေး ဖြစ်စဥ်မှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရခိုင်နဲ့ ပလက်ဝဒေသ အတွင်းက ပြတ်လပ်နေတဲ့ဆေးဝါး၊ ရိက္ခာတွေ ပြည်သူတွေထံရအောင် ကူညီပေးဖို့ အေအေဘက်က သဘောတူထားတာရယ်၊ ၂ဘက်လုံးကတာဝန်ရှိသူအချင်းချင်း လူချင်းတွေ့ကြဖို့ ကြားခံအဖွဲ့တွေကနေ ညှိနှိုင်းပေးနေတာကိုလည်း လုပ်ဆောင်နေပါတယ်လို့ ဆိုပါတယ်။

တပ်မတော်က ဘာပြောလဲ

ULA/AA နဲ့ တပ်မတော်ကြားမှာတော့ တိုက်ရိုက်ညှိနှိုင်းမှု မရှိကြောင်း ဒါပေမဲ့ ဆက်သွယ်ဆောင်ရွက်သင့်တဲ့၊ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကတစ်ဆင့် ဆက်သွယ်ညှိနှိုင်းမှုတွေ ရှိနေတယ်လို့ တပ်မတော်ဘက်က ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နို၀င်ဘာ ၂၇ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် ဒေသတစ်ခုလုံး ရက် ၂၀ ကျော် တိုက်ပွဲမရှိတာကြောင့် အခြေအနေကောင်းမွန်တယ်၊ အကျိုးရှိတယ် လို့လည်း ပြောပါတယ်။

ဒေသ မြေပြင်အခြေအနေ

နှစ်ဖက် ဆွေးနွေးမှုတွေ ရှိလာတာနဲ့အမျှ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ရပ်နားလာနေတာကြောင့် စစ်ဘေး ရှောင်တွေက ကိုယ့်အိမ်ကို ပြန်နေကြတာတောင် ရှိနေတာအပြင် စိုက်ပျိုးရေး ပြန်လုပ်ကိုင်နိုင်တဲ့အထိ ရှိနေ ပြီလို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ဘီဘီစီကိုပြောပါတယ်။

"လက်ရှိအခြေအနေက တော်တော့်ကို ကောင်းတယ်။ သေနတ်သံတွေလည်း မကြားရတော့ဘူး" လို့ ဆိုပါတယ်။

အခုလို တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်ဖို့ ကြားဝင်ဆောင်ရွက်ပေးတဲ့ထဲမှာ နောက်ထပ်ပါဝင်သူ တစ်ဦးဖြစ်တဲ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက လက်ရှိ ရခိုင်ပြည်နယ်အရေးနဲ့ ဆွေးနွေးမှု အနေအထားတွေအပေါ် အခုလိုပြောပြပါတယ်။

"အခုက တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု ရထားတဲ့ အခြေအနေပါ။ အဲဒီနားလည်မှုကနေတစ်ဆင့် တရားဝင် လက်မှတ်ရေးထိုးဖို့ လိုအပ်တယ်" လို့ ပြောပါတယ်။

အဲဒီလို လက်မှတ်ထိုးဖို့ အေအေဘက်ကလည်း သက်ဆိုင်ရာ အုပ်စုတွေနဲ့ ဆွေးနွေးဖို့ ရှိနိုင်သလို တပ်မတော် အနေနဲ့လည်း ဆွေးနွေးစရာတွေ ရှိနေနိုင်ကြောင်းနဲ့ အချိန်တိုတစ်ခုတွင်း အခုအခြေအနေအထိ ရောက်ရှိလာတာဖြစ်ပြီး ဒီအခြေအနေတွေကို စောင့်ကြည့်ကြရမယ်လို့လည်း ဦးစံကျော်လှက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မှာ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ယိုဟီဆာဆာကာဝါက ရခိုင်ပြည်နယ် စစ်တွေကို ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်အရေး ရခိုင်အမျိုးသားပါတီနဲ့ စစ်တွေမှာ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

အဲဒီဆွေးနွေးပွဲမှာလည်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူ၊ ညှိနှိုင်းရေးအတွက် အကျိုးဆောင်ပေးသူ ဦစံကျော်လှလည်း တက်ရောက်ခဲ့ပါတယ်။

စစ်ရှောင်တွေ နေရပ်ပြန်ရေး

တိုက်ပွဲတွေ လျော့နည်းလာရာက အခုရက်ပိုင်း ရပ်တန့်နေတဲ့ အခြေအနေတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေ နေရပ်တွေကို ပြန်နေကြပြီလို့ ဒေသခံတွေဆီကလည်း သိရပါတယ်။

စစ်ရှောင်တွေ နေရပ်ပြန်ရာမှာ ကြုံတွေ့နေရတဲ့ သွားလာရေး အခက်အခဲအတွက်တော့ ကုန်းလမ်းနဲ့ ရေလမ်း ခရီး အကူအညီတွေပေးဖို့ အစိုးရက စီစဥ်ပေးမယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့နေအိမ်တွေ ရှိတာကြောင့် အခက်အခဲကြုံနေရသူတွေနဲ့ မီးလောင်ခဲ့တဲ့ နေအိမ် စတာတွေကို အစိုးရက စာရင်းကောက်ယူမှာပါ။

အဲဒီနေရပ်ပြန်တွေရဲ့ ဒေသတချို့မှာ နေအိမ်ပြန်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်မှု တချို့ စတင်နေပြီလို့လည်း ပြည်နယ်အစိုးရဆီက သိရပါတယ်။

ရသေ့တောင်၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်က ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် အများဆုံး နေရပ်စွန့်ခွာခဲ့ကြရသူတွေဖြစ်ပြီး ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်ပေါင်း ၂ သိန်းခွဲနီးပါးရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။