ရွေးကောက်ပွဲမှာ အကြိတ်အနယ် အားစမ်းကြမယ့် မဲဆန္ဒနယ် ၁၀ ခု ( အပိုင်း ၃ )

မဲဆွယ် ပဋိပက္ခတွေ ရှိခဲ့တဲ့ ဟင်္သာတ၊ ရှမ်းမြောက်ပိုင်းမြို့တော် လားရှိုး နဲ့ နေပြည်တော်က ပြည်ခိုင်ဖြိုး၊ အာဏာရပါတီနဲ့ တိုင်းရင်းသားပါတီတွေကြား တစ်ကျော့ပြန် အားစမ်းကြမယ့် မဲဆန္ဒနယ်တွေကလည်း စိတ်ဝင်စားစရာ မဲဆန္ဒနယ်တွေထဲမှာ ပါဝင်ပါတယ်။

ကိုယ်စားလှယ်လောင်းတွေ

ဟင်္သာတ

ဧရာဝတီတိုင်း မြို့တော် ပုသိမ်ထက် မဲပေးနိုင်သူ အရေအတွက်များပြီး အစိုးရဖွဲ့နိုင်ခဲ့တဲ့ ပါတီကြီးနှစ်ခုရဲ့ ထောက်ခံသူတွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းက ခိုက်ရန်ဖြစ်ပွားမှုတွေရှိခဲ့တဲ့ ဟင်္သာတမြို့နယ်မှာ ကရင်တိုင်းရင်းသားပါတီ အပြင်၊ ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဆင်းသက်လာတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့လည်း ဝင်ရောက်ယှဉ်ပြိုင်ကြတာ တွေ့ရပါတယ်။

ဟင်္သာတမဲဆန္ဒနယ်က လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ကြားမှာ အရင်အာဏာရ ပြည်‌ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ဟောင်း ဦးဌေးဦးကိုလည်း တစ်ကျော့ပြန် အနိုင်ရနိုင်တယ်လို့ ထင်ကြေးပေးမှုတွေ ရှိပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့ပြီး နိုင်ငံရေးနယ်ပယ်မှာ ပျောက်နေရာကနေ ၂၀၂၀ရွေးကောက်ပွဲမှာတော့ သူပြန်ပေါ်လာခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီရဲ့ ပူးတွဲဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သူ ဦးဌေးဦး ဟာ ၂၀၂၀ ရွေ‌ကောက်ပွဲမှာ သူ့ဇာတိ ဟင်္သာတကနေ ပြန်အဝင်ရွေးခံဖို့ ပြင်လာခဲ့ပါတယ်။

ဧရာဝတီတိုင်းဟာ မြန်မာနိုင်ငံမှာ လူနေထူထပ်တဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ၂၁၀၅ တုန်းက မဲပေးနိုင်သူအရေအတွက် ၄.၄သန်းကျော်ရှိခဲ့ပါတယ်။

ဧရာဝတီတိုင်းထဲမှာ ဟင်္သာတမြို့နယ်ဟာ မြို့တော်ပုသိမ်ထက် မဲပေးတဲ့ လူဦးရေ များတာကိုလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဟင်္သတမြို့နယ်ဟာ လူနေထူထပ်တဲ့ မြိုနယ်ဖြစ်ပြီး၂၀၁၅ တုန်းက ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ စာရင်းအရ မဲပေးနိုင်တဲ့လူဦးရေ နှစ်သိန်းခွဲကျော် ရှိပါတယ်။

ဦးဌေးဦးဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲ မှာ မဲ ၆သောင်းကျော်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးခင်မောင်ရီက ထောက်ခံမဲ တစ်သိန်းကျော်နဲ့ အနိုင်ရခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာမှာ ဦးဌေးဦးကို အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးခင်မောင်ရီဟာ ဟင်္သာတမြို့ ဇာတိဖြစ်ပြီး အထက်တန်းပြ ကျောင်းဆရာဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက ဦးဌေးဦးဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမဲ့ ဟင်္သာတ မဲဆန္ဒနယ်မှာ ဒေသခံပြည်သူတွေရဲ့ ထောက်ခံမှု ရရှိဖို့ ကာလရှည်ကြိုတင်အား ထုတ်ကြိုးပမ်းခဲ့သလို လက်ရှိမှာလည်း သူ့ကို ထောက်ခံသူတွေရှိနေတယ်လို့ ဟင်္သာတ မြို့ခံတစ်ဦးက ပြောပါတယ်။

ဦးဌေးဦးဟာ ပြည်ထောင်စုကြံ့ခိုင်ဖွံဖြိုးရေးပါတီ အနိုင်ရပြီး အစိုးရအဖွဲ့အတွင်း တာဝန် ယူခဲ့စဥ်က သူအကူညီပေးခဲ့တဲ့ လုပ်ငန်းတချို့ဟာ ဆက်လက် လည်ပတ်နိုင်ဆဲဖြစ်လို့ သူ့ကိုထောက်ခံသူတွေ ရှိနေဆဲဖြစ်တယ်လို့လည်း ဟင်္သာတ မြို့ခံတစ်ဦးက ပြောပါတယ်။

နှစ်ဖက်ပါတီထောက်ခံသူ တွေ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ဟင်္သာတ မြို့နယ် တာဂွကျေးရွာ

ဓာတ်ပုံ ရင်းမြစ်, USDP

ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁၀ ရက်က နှစ်ဖက် ပါတီထောက်ခံသူတွေ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ဟင်္သာတ မြို့နယ် တာဂွကျေးရွာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကတော့ ဦးဝင်းဇော်မိုး ဖြစ်ပြီး အသက်၃၀ ဝန်းကျင် လူငယ် ရှေ့နေတစ်ဦး ဖြစ်ပါတယ်။

ဟင်္သာတ ပြည်သူ့လွှတ်တော်နေရာ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့အပြင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တို့လည်း ဝင်ပြိုင်ကြမှာပါ။

ဒါပေမဲ့ စိတ်လှုပ်ရှားပြီး စောင့်ကြည့်ရမယ့် အဓိက နေရာကတော့ ဦးဌေးဦးနဲ့ ဦးဝင်းဇော်မိုးတို့ ပြိုင်ကြမယ့် ပြည်သူ့လွှတ်တော်နေရာ ဖြစ်တယ်လို့ ဟင်္သာတက နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ရက်နေ့ကတော့ ဟင်္သာတမြို့နယ်၊ တာဂွကျေးရွာလမ်းဆုံမှာ NLD ပါတီထောက်ခံသူတွေနဲ့ ကြံ့ခိုင်ရေးUSDP ပါတီထောက်ခံသူတွေကြား မဲဆွယ်စည်းရုံးမှုတွေမှာ ပဋိပက္ခဖြစ်ခဲ့ပြီး NLD ပါတီ ထောက်ခံသူ ၁၅ဦး ဒဏ်ရာရခဲ့ပါတယ် အခုအခါမှာတော့ နောက်ထပ် ပဋိပက္ခဖြစ်တာမရှိဘူးလို့လည်း သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်လည်း ဖြစ်ခဲ့ပြီး အစိုးရ အဖွဲ့ဝင်‌ဟောင်းလည်း ဖြစ်ခဲ့သူ ဦးဌေးဦးကတော့ ဟင်္သာတမြို့နယ်မှာ နိုင်ငံ‌ရေး အရရော၊ လူမှုရေးလှုပ်ရှားမှုတွေအရ အားကောင်းခဲ့တာကြောင့် လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦး‌ဝင်းဇော်မိုးအတွက် အဓိက ပြိုင်ရမယ့်သူ ဖြစ်နိုင်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထောက်ခံ သူ ဟင်္သတမြို့ခံ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

ဟင်္သာတမြိုနယ် ပြည်သူ့လွှတ်တော်နေရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့အပြင် ကရင်ပြည်သူ့ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့လည်း ၀င်ရောက်ယှဥ်ပြိုင်ကြဖို့ ရှိနေပါတယ်။

၂၀၁၅ တုန်းကတော့ ဟင်္သာတခရိုင်မှာ ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ပြိုင်တဲ့ လယ်ယာနဲ့ ဆယ်မြောင်း ဒုတိယဝန်ကြီး ဦးအုန်းသန်းဟာ NLD ကို မဲ ၆သောင်းလောက် နည်းပြီး ရှုံးခဲ့သလို ကျန်တဲ့ တိုင်းဒေသကြီး နေရာ၂ခုမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက မဲ ၂ သောင်းလောက် နည်းပြီး ရှုံးခဲ့ပါတယ်။

လားရှိုး

ကိုယ်စားလှယ်လောင်းတွေ

လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မဲဆန္ဒနယ်တွေမှာ ပါဝင်ခဲ့ပြီး အဲ့ဒီတုန်းက ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ဒီနယ်မှာ အနိုင်မရရှိခဲ့သလို ၂၀၁၅ မှာ ထပ်ပြီး ရှုံးနိမ့်ခဲ့တဲ့ မဲဆန္ဒနယ်တစ်ခု ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက ရှမ်းပြည်မြောက်ပိုင်း လားရှိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတို့ဟာ မဲရလဒ် အကြိတ်အနယ်ရှိခဲ့ပြီး အငြင်းပွားဖွယ်ရာတွေ ဖြစ်ခဲ့လို့ ကော်မရှင်က မဲတွေကို ပြန်လည်စစ်ဆေးခဲ့ရပါတယ်။

ကြိုတင်မဲတွေ ပိုရခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ဒေါက်တာစိုင်းမောက်ခမ်း အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ၃ ရက်အကြာမှာ အတည်ပြုခဲ့ပါတယ်။ အခုနှစ်မှာလည်း လားရှိုးက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှာ ပါတီ ၁၀ ပါတီ ဝင်ပြိုင်ကြဖို့ ရှိနေပါတယ် ။

လားရှိုး ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ပြိုင်ကြမယ့် ပါတီတွေထဲမှာ ဒေသတွင်း အားကောင်းတဲ့ ကျားခေါင်းလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း စိုင်းဝင်းလှိုင်ခမ်း၊ ကျားဖြူလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက စိုင်းစံမင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စိုင်းရင်ထွန်း၊ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ဒေါက်တာ လဆိုင်းတို့ အပါအဝင် တအာင်း နဲ့ ကိုးကန့်ပါတီတို့လည်း ဝင်ပြိုင်ကြဖို့ ရှိပါတယ်။

ကျားခေါင်းပါတီက စိုင်းဝင်းလှိုင်ခမ်းဟာ လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ပြီး အခု ပြည်သူ့လွှတ်တော်နေရာမှာ ပြန်ပြီး ဝင်ပြိုင်တာ ဖြစ်သလို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက ဒေါက်တာလဆိုင်းဟာ လားရှိုးက သွားဘက်ဆိုင်ရာ ဆရာဝန်လည်း ဖြစ်တဲ့အပြင် လားရှိုးမှာ နိုင်ငံရေးရော၊ လူမှုရေးပါ အားကောင်းသူလို့ မြို့ခံတွေက ပြောကြပါတယ်။

ဒေသတွင်း အားကောင်းတဲ့ ကျားခေါင်းလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲဆွယ်လှုပ်ရှားမှု တစ်ခု

ဓာတ်ပုံ ရင်းမြစ်, SaiOne Leng Khan

ဓာတ်ပုံ ပုံစာ, ဒေသတွင်း အားကောင်းတဲ့ ကျားခေါင်းလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲဆွယ်လှုပ်ရှားမှု တစ်ခု

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ပြိုင်တဲ့ စိုင်းရင်ထွန်းကတော့ အသက် ၄၀ ဝန်းကျင် ရှေ့နေတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ အမာခံကျေးရွာအုပ်စုတွေ ရွေးကောက်ပွဲ မကျင်းပဖြစ်ကြောင်း ထုတ်ပြန်တဲ့ အထဲမှာ ပါဝင်လာခဲ့တဲ့ အတွက် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှုက ပိုပြီး အကြိတ်အနယ်သဘော ဆောင်လာပါတယ်။

လားရှိုးပြည်သူ့လွှတ်တော်နေရာဟာ အင်အားကြီးပါတီနှစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီတို့အပြင် ဒေသခံ ပါတီတွေ ယှဉ်ပြိုင်မှုဖြစ်ပြီး ဘယ်သူအနိုင်ရမယ်ဆိုတာ ခန့်မှန်းရခက်တဲ့ကိစ္စဖြစ်တယ်လို့ လားရှိုးမြို့ခံ သတင်းစာဆရာတစ်ဦးက ပြောပါတယ်။

ဒီတော့ လာမယ့်ရွေးကောက်ပွဲမှာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရခဲ့သူ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ကျားဖြူ ပြန်အနိုင်ရနိုင်မလား၊ ကြံ့ခိုင်ရေးပါတီကပဲ သူတို့နေရာကို ဆက်ထိန်းထားမလား ဒါမဟုတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲရှုံးကြွေး ပြန်ဆပ်နိုင်မလား၊ ရှမ်းပြည်နယ်မှာ အင်အားကြီးတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကပဲ အနိုင်ယူသွားမလား ဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

နေပြည်တော်

ကိုယ်စားလှယ်လောင်းတွေ

နေပြည်တော်မှာတော့ တပ်မတော်က ဗိုလ်မှူးချုပ်ဟောင်းနဲ့ ဗိုလ်ချုပ်ဟောင်းတွေဟာ က ပြည်ခိုင်ဖြိုးပါတီကနေ ရွေးကောက်ပွဲဝင်ကြမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်‌ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေးက နေပြည်တော် ဇေယျာသီရိမဲဆန္ဒနယ် (ပြည်သူ့လွှတ်တော်)ကနေ ရွေးကောက်ပွဲဝင်မှာ ဖြစ်ပါတယ်။

ဇေယျာသီရိမဲဆန္ဒနယ်ဟာ ၂၀၁၀ တုန်းက သူရဦးရွှေမန်း အနိုင်ရခဲ့ပြီး ၂၀၁၅ မှာ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူးတာဝန်ယူခဲ့သူ အငြိမ်းစားဗိုလ်ချုပ်ကြီး လှဌေးဝင်း နိုင်ခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်‌ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ဇေယျာသီရိမဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူကတော့ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ကြီးလှဌေးဝင်းဖြစ်ပါတယ်၊သူက မဲရလဒ် ၃၆၀၀၀ ကျော်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြိုင်ဘက် ‌ဒေါ်ခင်မျိုးသွင်ကို အနိုင်ရရှိခဲ့တဲ့ နယ်မြေ ဖြစ်ပါတယ်။

အခုအခါ မှာတော့ သူက ဆက်လက် မယှဥ်ပြိုင်တော့ဘဲ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဝင်ပြိုင်လာခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော် က မဲဆွယ်ထောက်ခံပွဲတစ်ခု
ဓာတ်ပုံ ပုံစာ, နေပြည်တော်က မဲဆွယ်ထောက်ခံပွဲတစ်ခု

ပါတီဥက္ကဋ္ဌ ဦးသန်းဌေးဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဧရာ၀တီတိုင်းဒေသကြီး မြန်အောင်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

၂၀၁၁ မတ်လ ကနေ ၂၀၁၃ ဇူလိုင်လအထိ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို၊ ၂၀၁၃ ခုနှစ် ဇူလိုင်လကနေ ၂၀၁၅ ခုနှစ် ဩဂုတ်လအထိ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီကာလမတိုင်မီ တပ်မတော်က ဗိုလ်မှူးချုပ်အဆင့်နဲ့ အနားယူခဲ့သူ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဦးသန်းဌေးနဲ့ အပြိုင်ဖြစ်လာမယ့် NLD ပါတီက ရွေးကောက်ပွဲဝင်မယ့်သူကတော့ ဒေါက်တာမိုးဆွေ ဖြစ်ပါတယ်။

ဒေါက်တာမိုးဆွေဟာ ဆေးပညာ မဟာသိပ္ပံဘွဲ့ရ မန္တလေးမှာ နေထိုင်တဲ့ အထူးကုဆရာဝန်ကြီး တစ်ဦးဖြစ်ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ရာထူးကနေ အငြိမ်းစားယူခဲ့သူ ဖြစ်ပါတယ်၊ တိုက်နယ်ဆရာဝန် ဘဝကနေ ညွှန်ကြားရေးမှူးချုပ် အထိ အစိုးရဝန်ထမ်း ဘဝနဲ့ နှစ်၃၀ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကမှ NLD ပါတီ ကို ဝင်ရောက်ခဲ့သူ ဖြစ်ပြီး စက်တင်ဘာလမှာ နေပြည်တော် ဇေယျာသီရိ နယ်မြေမှာ ဝင်ပြိုင်ဖို့ တာဝန်ပေးခံခဲ့ရတာလို့လည်း သိရပါတယ်။

ပုဗ္ဗသီရိ
ဓာတ်ပုံ ပုံစာ, ပုဗ္ဗသီရိမြို့နယ် အတွင်း NLD ထောက်ခံသူတွေ လှည့်လည်စဥ်

နေပြည်တော်ခရိုင်မှာ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပါတီ ၃ ပါတီပဲ ပြိုင်ခဲ့ပေမဲ့ ၂၀၂၀ မှာတော့ ပါတီ ၅ ခုအထိ ဝင်ပြိုင်ဖို့ ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ နှင်းဆီပါတီက ကိုယ်စားလှယ်လောင်းက ပါတီဖျက်သိမ်းခံရလို့ ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းခံရပြီး ဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ကိုယ်စားလှယ် ဦးမြတ်သိန်းထွန်းနဲ့ မိထ္ထီလာ မိုက်ကယ်ကျော်မြင့်ရဲ့ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီက ဦးအောင်ကိုဦးတို့ပဲ ပါတီကြီး နှစ်ခုနဲ့အတူ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ အတွင်းကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ အောင်နိုင်ရေး ဆိုင်းဘုတ်ဖျက်ဆီးခံရတာရှိခဲ့ပြီး အောက်တိုဘာလ အတွင်းမှာတော့ သောင်းနဲ့ချီတဲ့ လူအုပ်စုတွေဟာ လှည့်လည် အင်အားပြမဲဆွယ်တာတွေလည်း နေပြည်တော်မှာ ရှိခဲ့ပါတယ်။

တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေ ရုံးစိုက်ရာ ဖြစ်သလို တပ်မိသားစုတွေ နေထိုင်ရာ ဇေယျာသီရိ မဲဆန္ဒနယ်မှာတော့၂၀၁၀ ၊၂၀၁၂ နဲ့၂၀၁၅ ရွေးကောက်ပွဲတို့မှာ ပြည်ခိုင်ဖြိုးပါတီကပဲ အနိုင်ရရှိခဲ့တာဖြစ်ခဲ့တဲ့ အတွက် လက်ရှိအာဏာရပါတီ အနေနဲ့ အကြိတ်အနယ် အားထည့် ပြိုင်ရမယ့်နေရာ ဖြစ်ပါတယ်။

အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကတော့ ပုဗ္ဗသီရိမဲဆန္ဒနယ်ကပဲ ပြန်လည် ရွေးကောက်ပွဲဝင်မှာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ အဲ့ဒီ မဲဆန္ဒနယ်ကပဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်(ခ) မောင်တင်သစ်ကို မဲတစ်ရာကျော်(၁၇၆ မဲ ) နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အခု၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဒီပြိုင်ဘက်ဟောင်းနှစ်ဦး ထပ်တွေ့ကြပြီး ဒီနယ်မြေဟာလည်း အကြိတ်အနယ်ရှိနိုင်တဲ့ မဲဆန္ဒနယ်တစ်ခုလည်း ဖြစ်ပါတယ်။

ပုဗ္ဗသီရိမဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်း ကိုးဦးအထိ ဝင်ပြိုင်ကြမှာဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်လိမ့်မယ်လို့ နေပြည်တော်ဒေသခံတစ်ဦးက ပြောပါတယ်။

No caption

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၈၅၅၁၃ ဦး၊ ဒက္ခိဏသီရိမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၂၇၇၈၆ ဦး၊ ပျဉ်းမနားမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၃၂၄၅၇ ဦး၊ လယ်ဝေးမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၂၁၇၆၂၀ ဦး၊ ဇေယျာသီရိ မြို့နယ်မှာ မဲပေးခွင့်ရှိသူ ၇၉၀၂၉ ဦး၊ တပ်ကုန်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၇၈၈၄၄ ဦး၊ ပုဗ္ဗသီရိမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၉၂၈၆၉ ဦး၊ ဥတ္တရသီရိမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၅၂၄၆၉ ဦး ရှိတယ်လို့ အစိုးရရဲ့ တရားဝင် ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

တစ်ဖက်မှာလည်း ယခုရွေးကောက်ပွဲမှာ တပ်တွင်းမဲရုံတွေ အပြင်ထုတ်လာတဲ့အတွက် တပ်မတော်သားတွေ ၎င်းတို့ဆန္ဒကို ပိုမိုလွတ်လပ်စွာ မဲပေးခွင့်ရှိလာမှာဖြစ်လို့ NLD အတွက် အခွင့်ကောင်းဖြစ်တယ်လို့ ထောက်ခံသူတွေက ဆိုပါတယ်။

နေပြည်တော် ဥတ္တရသီရိမှာ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းရှိန်က ပြည်သူ့လွှတ်တော်အတွက် ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီနေရာအတွက် NLD ပါတီက ယှဉ်ပြိုင်မယ့်သူကတော့ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင် ဖြစ်ပါတယ်။

ဦးကျော်မင်းလှိုင်ကလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ အဲဒီမဲဆန္ဒနယ်က အနိုင်ရခဲ့သူပါ။ဦးကျော်မင်းလှိုင်ကလည်း မဲ ၃၀၀၀ ကျော် အသာနဲ့ ၂၀၁၅ တုန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးလှသိန်းဆွေကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဇဗ္ဗူသီရိမဲဆန္ဒနယ်(ပြည်သူ့လွှတ်တော်)အတွက် ပြည်ခိုင်ဖြိုးပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့်သူကတော့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဝဏ္ဍမောင်လွင် ဖြစ်ပါတယ်။ ဦးဝဏ္ဏမောင်လွင်နဲ့ အဓိက ပြိုင်ဘက် ဖြစ်လာနိုင်သူကတော့ လက်ရှိအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေး ဖြစ်ပါတယ်။

ဒက္ခိဏသီရိမဲဆန္ဒနယ်မှာလည်း အရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ဘက်ဟောင်းတွေ ဖြစ်ခဲ့ကြတဲ့ ပြည်ခိုင်ဖြိုးပါတီက လယ်ဆည် ဝန်ကြီးဟောင်း ဦးမြင့်လှိုင်နဲ့ NLD ပါတီက ဦးသန့်ဇင်ထွန်းတို့ ပြန်လည်ယှဉ်ပြိုင် ကြမှာဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ ဦးသန့်ဇင်ထွန်းက မဲ နှစ်ထောင်ကျော် အသာနဲ့ အနိုင်ရရှိခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။

နေပြည်တော်ခရိုင်ထဲက ၈မြို့နယ်မှာ ၂၀၁၅ တုန်းကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ တပ်ရင်းတပ်ဖွဲ့တွေ ရုံးစိုက်ရာ ဇေယျာသီရိက လွဲလို့ ကျန်မြို့နယ်တွေမှာ ရှုံးနိမ့်ခဲ့ပြီး လာမယ့်၂၀၂၀ မှာ ပြည်ခိုင်ဖြိုးသြဇာလွှမ်းမှု ဘယ်လောက်ပြန်ရလာသလဲ ဘာတွေအပြောင်းအလဲ ရှိလာမလဲ ဆိုတာကို ရလဒ်တွေက ပြောပြတော့မှာ ဖြစ်ပါတယ်။

အပိုင်း ၁ ကို ဒီနေရာမှာ

အပိုင်း ၂ ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။