ရွေးကောက်ပွဲမှာ အကြိတ်အနယ် အားစမ်းကြမယ့် မဲဆန္ဒနယ် ၁၀ ခု ( အပိုင်း ၂ )

မြန်မာရွေးကောက်ပွဲစနစ်ဟာ နိုင်သူ အကုန်ယူစနစ်ဖြစ်ပြီး ယှဥ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေ အလိုက် မဲရေတွက်မှုမှာ တစ်မဲပဲဖြစ်စေ အသာရသူကအနိုင်ရတဲ့စနစ် ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသက မိထ္ထီလာမြို့ဟာ ပါတီကြီးနှစ်ခု အားပြိုင်ပွဲ ဖြစ်ခဲ့ပေမဲ့ ၂၀၂၀မှာတော့ ဒေသခံတွေရဲ့ပါတီအပြင် အခြားပါတီတွေ ဝင်ရောက်ယှဥ်ပြိုင်လာကြပါတယ်။ မိထ္ထီလာမှာ တပ်မိသားစုတွေ တပ်ရင်းတပ်ဖွဲ့တွေလည်း ရှိပေမဲ့ အဓိက မဲတွေက ကျေးရွာတွေက ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေ

အစိမ်းရောင်လွှမ်းတဲ့ မိထ္ထီလာလွင်ပြင်ကပြိုင်ပွဲ

ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်း အခြေခံဥပဒေပြင်ဆင်ရေး အပါအဝင် လွှတ်တော်အတွင်း အဆို ဆွေးနွေးမှုတွေနဲ့ လူသိများတဲ့ ပြည်ထောင်စုကြံ့ခိုင်‌ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒေါက်တာမောင်သင်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မိထ္ထီလာ ပြည်သူ့လွှတ်တော်နေရာကပဲ ဝင်ရောက်ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာတစ်နိုင်ငံလုံး ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရခဲ့ပေမဲ့ မန္တလေးတိုင်းထဲက မိထ္ထီလာမြို့နယ်မှာ မနိုင်ခဲ့ပါဘူး။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဝင်းထိန်ဟာ ပြည်သူ့လွှတ်တော် နေရာက ဝင်ပြိုင်ပြီး အနိုင်ရခဲ့ပေမဲ့ ၂၀၁၅ မှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ပြိုင်တဲ့ ဒေါက်တာမောင်သင်းက မဲပေါင်း သုံးသောင်း ခုနှစ်ထောင်ကျော်နဲ့ အပြတ်ဖြတ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းစိုးဦးကို အနိုင်ရခဲ့ပါတယ်။

ဒေါက်တာမောင်သင်း မိထ္ထီလာမှာ ၂၀၁၅ တုန်းက ရခဲ့တဲ့ ခိုင်လုံမဲ့ အရေအတွက်က မဲပေါင်း ကိုးသောင်းခြောက်ထောင်ကျော်ဖြစ်ပြီး မဲပေးနိုင်သူစုစုပေါင်းရဲ့ ရာခိုင်နှုန်း ၆၀ နီးပါးရရှိခဲ့တာလည်း ဖြစ်ပါတယ်။

မိထ္ထီလာမှာ တပ်မိသားစုတွေ တပ်ရင်းတပ်ဖွဲ့တွေလည်း ရှိပေမဲ့ အဓိက မဲတွေက ကျေးရွာတွေက ဖြစ်တယ်လို့လည်း ဒေသခံ သတင်းစာဆရာတစ်ဦးက ပြောပါတယ်။

အခုနှစ် ရွေးကောက်ပွဲမှာ တပ်မဲရုံတွေကို တပ်အပြင် ပထမဆုံးအကြိမ် ထုတ်မှာဖြစ်တဲ့အတွက် တပ်မိသားစုဝင် မဲဆန္ဒရှင်တွေ သောင်းချီရှိတဲ့ မိတ္ထီလာမြို့မှာ မဲရလဒ်အပေါ် အပြောင်းအလဲ ရှိလာမလားဆိုတဲ့ တွေးဆမှုတွေလည်း ရှိနေပါတယ်။

မိထ္ထီလာကန်တံတားထိပ်မှာ မဲဆွယ်ကာလ နှာခေါင်းစည်းဝေနေကြစဥ်

ဓာတ်ပုံ ရင်းမြစ်, Yan MayKha

ဓာတ်ပုံ ပုံစာ, မိထ္ထီလာကန်တံတားထိပ်မှာ ပါတီထောက်ခံသူအချို့ မဲဆွယ်ကာလ နှာခေါင်းစည်းဝေနေကြစဥ်

၂၀၁၃ ခုနှစ် လူ၄၀ ကျော် သေဆုံးခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားခဲ့ရာ မိတ္ထီလာမြို့ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ အပြင်းအထန် အားပြိုင်ခဲ့ကြသလို အခုနှစ် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်လာမယ့်မြို့ ဖြစ်လာဖို့ ရှိပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မိတ္ထီလာတက္ကသိုလ်က ပါမောက္ခချုပ်ဟောင်း ဒေါက်တာမောင်သင်းကပဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ပြိုင်မှာဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဘက်ကတော့ ဒေါက်တာဆင့်စိုး က ဝင်ရောက်ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကလည်း ဦးစောလွင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာက ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ပါတီ၅ ခုလောက် မိတ္ထီလာနယ်မှာ ဝင်ပြိုင်မှာ ဖြစ်ပေမယ့် အဓိက ပါတီကြီးနှစ်ခုပဲ ၂၀၁၅ တုန်းကလို မိတ္ထီလာနယ်မှာ အကြိတ်အနယ် ယှဥ်ပြိုင်ကြဖို့ ရှိတယ်လို့လည်း မိတ္ထီလာဒေသခံ သတင်းစာဆရာ တစ်ဦးက ပြောပါတယ်။

မိတ္ထီလာမှာ မဲပေးနိုင်သူ အရေအတွက် နှစ်သိန်းခွဲခန့်ရှိပြီးတော့ အဲ့ဒီအရေအတွက်ရဲ့ ၃ပုံ ၁ ပုံဟာ မြို့ပေါ်က ဖြစ်သလို ကျန် ၃ ပုံ ၂ ပုံ က ရွာတွေက ဖြစ်ကြပါတယ်။

ကျေးရွာတွေမှာ မဲဆွယ်နေတဲ့ကိုယ်စားလှယ်လောင်းတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Dr Sint Soe

ဓာတ်ပုံ ပုံစာ, ကျေးရွာတွေမှာ မဲဆွယ်နေတဲ့ကိုယ်စားလှယ်လောင်းတစ်ဦး

မိတ္ထီလာမြို့နယ်ထဲက ရွာတွေ အများစုကတော့ ပြည်ခိုင်ဖြိုး အမာခံတွေဖြစ်ပေမဲ့ ၂၀၂၀ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ကိုယ်စားလှယ်လောင်းကို သေချာ ပြင်ဆင်ပြီး စည်းရုံ‌ရေး လုပ်လာတဲ့အတွက် အကြိတ်အနယ်ဖြစ်လာဖို့ ရှိနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားပြု ယှဥ်ပြိုင်မယ့် ဒေါက်တာဆင့်စိုးဟာ မန္တလေးနည်းပညာ တက္ကသိုလ် ပါမောက္ခချုပ်ဟောင်းဖြစ်ပြီး မိထ္ထီလာနယ်ထဲ မှာ ကျေးလက်ဒေသတွေကို မဲဆွယ်ကြိုးပမ်းမှုတွေ ရှိပါတယ်။

ပါတီကြီးနှစ်ခုက တက္ကသိုလ် ပါမောက္ခ ချုပ်ဟောင်းတွေရဲ့ အားပြိုင်မှုဟာလည်း အကြိတ်အနယ် ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

မိထ္ထီလာ ပြည်သူ့လွှတ်တော်နေရာကို ညီညွတ်သောဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းကို ရွေးကောက်ပွဲကော်မရှင်က ရုပ်သိမ်းလိုက်တဲ့ အတွက် ပြည်‌ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုရေးပါတီ စတဲ့ပါတီ ၃ ခုသာ အဓိက ယှဥ်ပြိုင်ရဖို့ ရှိနေပါတယ်။

ကိုယ်စားလှယ်လောင်းတွေ

မင်းကင်း သို့မဟုတ် ချင်းတွင်းမြစ်ဘေးက ခြင်္သေ့

စစ်ကိုင်းတိုင်းထဲမှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဟာ မြို့နယ် အများစုမှာ အနိုင်ရခဲ့ပေမဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံဖြိုး‌ရေးပါတီကို မယှဥ်နိုင်ဘဲ ရှုံးခဲ့ရတဲ့ မြို့နယ် တစ်မြို့နယ် ရှိပါတယ်။

အဲ့ဒီမြို့နယ်ကတော့ ချင်းတွင်းမြစ်ဘေးမှာ တည်ရှိတဲ့ စစ်ကိုင်းတိုင်း မင်းကင်းမြို့ ဖြစ်ပါတယ်။

ခြင်္သေ့ အမှတ်တံဆိပ်ကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံဖြိုး‌ရေးပါတီက စစ်ကိုင်းတိုင်း မင်းကင်းနယ်မှာ ပြည်သူ့လွှတ်တော်အပြင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နေရာတစ်ခုမှာပါ အနိုင်ရထားခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်က ပြည်သူ့လွှတ်တော်နေရာကို တပ်မတော်က အငြိမ်းစားယူထားသူလည်းဖြစ်၊ အရင်ဝန်ကြီး‌‌ဟောင်းဖြစ်တဲ့ ဦးမောင်မြင့်က ၂၀၁၀၊၂၀၁၅ ရွေးကောက်ပွဲတွေမှာ အနိုင်ရထားသူလည်းဖြစ်ပြီး ၂၀၂၀ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့လည်း သူက ယုံကြည်နေပါတယ်။

ဦးမောင်မြင့် ကိုယ်တိုင်ကလည်း မင်းကင်းဇာတိဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်ရရှိရေးတွေမှာ ဦးမောင်မြင့်ဟာ ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်ထားသူ ဖြစ်သလို လွှတ်တော်ထဲမှာလည်း အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့တာကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြတ်လမ်းနည်းနဲ့ ပြင်ဆင်ဖို့ ကြိုးစားနေတာ ပေါ်လွင်တယ်ဆိုပြီးတော့ ကန့်ကွက်ဆွေးနွေးခဲ့သူ ဖြစ်လို့ လူသိများ ထင်ရှားသူလည်း ဖြစ်ပါတယ်။

ဒါအပြင် လွှတ်တော်အတွင်း ဒေသတွင်း ကိုယ်စားပြုမှုနဲ့ အခြား ဥပဒေ ပြင်ဆင်ရေးအတွက် အဆိုတွေ ဆွေးနွေးမှုတွေမှာ လူသိများပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းအတွင်းက မင်းကင်းမြို့နယ်ကို အနိုင်ရဖို့ အတွက် ပြင်ဆင်တာတွေ တွေ့ရပါတယ်။ အခုရွေးကောက်ပွဲမှာ ဦးမောင်မြင့်ကို ပြိုင်မယ့်သူကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာ ကျော်လင်း ဖြစ်ပါတယ်။

ဒေါက်တာကျော်လင်းဟာ မင်းကင်းနဲ့ ဆက်စပ်တဲ့ မျိုးရိုးရှိပေမဲ့ မင်းကင်းဇာတိတော့ မဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲ မင်းကင်းမှာ ဦးမောင်မြင့်ကို ရှုံးခဲ့တဲ့ ဒေါ်ခင်မွှေးလွင်ကိုတော့ ဒီနှစ်မှာ တိုင်းဒေသကြီးလွှတ်တော်ကိုပဲ ယှဥ်ပြိုင်ဖို့ စီစဉ်တာကို တွေ့ရပါတယ်။

ဒေါက်တာကျော်လင်းဟာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာ‌ ကောင်စီမှာ တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ၂၀၁၀ ခုနှစ်ကနေ၂၀၁၅ ခုနှစ်အထိ ဧည့်ပါမောက္ခနဲ့ ပညာရေးကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့တယ်လို့ သူရဲ့ကိုယ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။

No caption

ဓာတ်ပုံ ရင်းမြစ်, မင်းကင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ

မင်းကင်းနယ်ထဲမှာ အခုရက်ပိုင်း ဆောက်လုပ်ရေး ဒုဝန်ကြီး ဒေါက်တာကျော်လင်း အလှူခံပေးတဲ့ ဘိလပ်မြေအိတ်တွေနဲ့ ကွန်ကရစ်လမ်းခင်းတာတို့ ဆောက်လုပ်ရေးဘက် က တံတားဖွင့်တာ တို့ကိုလည်း တွေ့ရတယ်လို့ မင်းကင်းဒေသခံတွေဆီက သိရပါတယ်။

၂၀၁၅ တုန်းက မင်းကင်းမှာ မဲပေးနိုင်သူ အရေအတွက် တစ်မြို့နယ်လုံးမှာ ခုနစ်သောင်း ခုနစ်ထောင်ကျော်ရှိတဲ့အနက်၊ ဦးမောင်မြင့်က မဲအရေအတွက် သုံးသောင်း သုံးထောင်ကျော် နဲ့ ဒေါ်ခင်မွေးလွှင်က သုံးသောင်း တစ်ထောင်ကျော် ရခဲ့ကာ မဲအရေအတွက် နှစ်ထောင်ခန့် အကွာနဲ့ဦးမောင်မြင့်က အနိုင်ရခဲ့ပါတယ်။

မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ‌ဒေါက်တာကျော်လင်း၊ ပြည်ထောင်စုကြံ့ခိုင်ဖွံဖြိုးရေးပါတီက ဦးမောင်မြင့် တို့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့လည်း ဝင်ပြိုင်ကြမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ ဦးမောင်မြင့် အရင်ဝန်ကြီးဖြစ်ခဲ့တာကြောင့် ဒေသခံတွေက အရှိန်အဝါကို အားကိုးပြီးမဲပေးကြတာလို့ ပြောဆိုမှုတွေရှိခဲ့သလို အခုအခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်ထောင်စုအဆင့် ဒုဝန်ကြီး တစ်ဦးက ဝင်ပြိုင်တဲ့ အခါမှာ လမ်းဖောက်ပြီး မဲဆွယ်တယ်လို့ ဦးမောင်မြင့်ဘက်က ပြန်လည်ပြောဆိုတာတွေ ရှိပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေးက မင်းကင်းဒေသမှာ လမ်းပန်းဆက်သွယ်ရေးအားနည်းသလို လျှပ်စစ်မီးရရှိရေး အားနည်းခဲ့တဲ့ဒေသဖြစ်ပြီး ကျေးရွာတွေဘက်မှာ လျှပ်စစ်မီး မရသေးတဲ့အတွက် ဖွံ့ဖြိုးမှု နောက်ကျနေတဲ့‌ကျေးရွာတွေလည်း ရှိနေပါတယ်။

မကြာမီ ရက်ပိုင်းအတွင်း ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မင်းကင်းသားတွေဟာ မင်းကင်းသား မင်းကင်းဇာတိ ဦးမောင်မြင့်ကိုပဲ ရွေးမလား၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အသစ် တင်လာတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီးကိုပဲ ရွေးမလားဆိုတာ အဖြေထွက်လာနိုင်သလို သူတို့နဲ့ အတူယှဥ်ပြိုင်ကြမယ့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဒေါ်ခိုင်ဇင်ပွားနဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက ဦးဌေးအောင်တို့ကပဲ အနိုင်ရမလားဆိုတာ ကလည်း စိတ်ဝင်စားဖွယ်ဖြစ်လို့ စစ်ကိုင်းတိုင်း တစ်တိုင်းလုံးကလည်း စိတ်ဝင်တစား ရှိနေကြပါတယ်။

No caption

ဓာတ်ပုံ ရင်းမြစ်, CNLD

ပြည်နယ်တစ်ခုလုံး ချင်းပါတီ၃ ခုပေါင်းပြီး ပြိုင်လာတဲ့ ချင်းပါတီ

ချင်းပြည်နယ်မှာ ၂၀၁၅ တုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ချင်းပြည်နယ် မြို့နယ် ၉ ခုမှာ နေရာ အများစု အနိုင်ရခဲ့ပါတယ်။ တီးတိန် နဲ့တွန်းဇံ မှာ ဒေသခံ ဇိုမီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်နေရာတွေမှာ အနိုင်ရခဲ့ပေမဲ့ ကျန်နေရာတွေမှာတော့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ကပဲ အနိုင်ရခဲ့ပါတယ်။အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော် ၁၂ နေရာ မှာတော့ ၉ နေရာ အနိုင်ရခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ချင်းပြည်နယ်မှာ ထူးခြားတာက ချင်းပါတီ ၃ ခုပေါင်းပြီး အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ကို ယှဥ်ပြိုင်လာတာ ဖြစ်ပါတယ်။ အဲဒီ ချင်းပါတီ ၃ ခုက CNLD ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လို့ အမည်ပေးပြီး ချင်းပြည်နယ်ထဲက အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၉ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၁၈ နေရာ တို့မှာ နေရာ စုစုပေါင်း ၃၉ နေရာ ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းတွေ

အဲဒီတော့ ချင်းပါတီတွေ ပေါင်းပြီးပြိုင်တဲ့အတွက် ချင်းပြည်နယ်အတွက် တစ်ပြည်နယ်လုံး မြို့နယ် ၉ မြို့နယ်မှာ ဘယ်မြို့နယ်က အကြိတ်အနယ် ရှိလာမလဲဆိုတာကလည်းစိတ်ဝင်စားစရာ ဖြစ်ပါတယ်။

ချင်းပြည်နယ်က မြို့နယ်တိုင်းမှာ ဒေသခံတွေပေါင်းထားတဲ့ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ လက်ရှိအာဏာရပါတီတို့ တောင်ပိုင်းက မင်းတပ် နဲ့ မြောက်ပိုင်းက မြို့‌တော် ဟားခါးမှာ ပိုပြီး အကြိတ်အနယ် ရှိနိုင်တယ်လို့ ချင်းပြည်နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက မှန်းကြပါတယ်။

ချင်းထုံးတမ်းစဉ်လာ အက်ဥပဒေကို ပြင်ဆင်ပြီး ပြန်လည်ဥပဒေပြုနိုင်ဖို့ ချင်းပါတီသစ် ကြိုးစားမယ်
ဓာတ်ပုံ ပုံစာ, ချင်းထုံးတမ်းစဉ်လာ အက်ဥပဒေကို ပြင်ဆင်ပြီး ပြန်လည် ဥပဒေ ပြုနိုင်ဖို့ ချင်းပါတီသစ် ကြိုးစားမယ်

မင်းတပ်မှာကတော့ လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်ပြိုင်မှာ ဖြစ်သလို သူနဲ့ ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီက ပြိုင်ဘက်က ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဟုန်ငိုင်း ပါဝင်လာပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ချင်းပါတီ နှစ်ပါတီ ခွဲပြိုင်ခဲ့ပေမဲ့၂၀၂၀ မှာ တော့ ချင်းပါတီတွေ ပေါင်းထားတဲ့ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပြင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့လည်း ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ် ။

၂၀၁၅ တုန်းကတော့ မင်းတပ်မှာ မဲပေးနိုင်သူ လူဦးရေက နှစ်သောင်းခွဲကျော်ရှိခဲ့ရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်က မဲ ၈၀၀၀ ကျော်ရပြီး ၄၃ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မင်းတပ်မှာ ဒုတိယ မဲအများဆုံးရခဲ့တာကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဖြစ်ပြီး မဲ ၆၀၀၀ ကျော် ရခဲ့ပါတယ်။

၂၀၂၀ မှာ တပ်မတော်က အငြိမ်းစားဗိုလ်မှူးချုပ်‌ဟောင်းလည်းဖြစ် ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သူ ဦးဟုန်းငိုင်း ပြိုင်မှာဖြစ်ပြီးတဲ့ ချင်းပါတီ ၃ ခုပေါင်းတဲ့ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်းဝင်ပြိုင်မှာဖြစ်တော့ ပိုပြီးမတိမ်းမယိမ်းရှိလာမှာ ဖြစ်ပါတယ်။

လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က သူတို့ ကိုယ်စားလှယ်လောင်းကို အရင် ၂၀၁၅ အနိုင်ရခဲ့သူ ဦးနေလင်းအောင်ကိုပဲ ရွေးထားပြီးတော့ အားရမှုရှိတယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်တစ်ခုလုံးမှာ ချင်းပါတီ ၃ ခုပေါင်းထားတဲ့ ချင်းအမျိုးသားဒီအမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ထဲမှာ နေရာပိုရနိုင်ရေး ကြိုးပမ်းလာသလို ပြည်နယ်မဲဆန္ဒနယ်တချို့မှာလည်း အကြိတ်အနယ်ရှိလာနိုင်တယ်လို့လည်း မှန်းကြပါတယ်။

လက်ရှိ ချင်းပြည်နယ်လွှတ်တော်ရဲ့ ရွေးကောက်ခံ ၁၈ နေရာမှာ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၁၂ နေရာ၊ ကြံခိုင်ရေးပါတီက ၄ နေရာ၊ ဇိုမီးက ၂နေရာ အနိုင်ရထားပါတယ်။

No caption

ဓာတ်ပုံ ရင်းမြစ်, CNLD

ချင်းပြည်နယ်မှာ ထူးခြားတာက နေရာ အပြည့်ဝင်ပြိုင်လာတဲ့ ချင်းအမျိုးသားဒီအမိုကရေစီ အဖွဲ့ချုပ်ဟာ စစ်ကိုင်းတိုင်း၊မ‌‌ကွေးတိုင်း၊ ရခိုင်ပြည်နယ်ဘက်က ချင်းလူမျိုးတွေရှိနေရာတွေမှာ ဝင်ပြိုင်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇိုမီးပါတီ အားကောင်းတဲ့ တီးတိန်နဲ့ တွန်းဇံမှာလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အပါအဝင် ပါတီ ၇ ခုအထိ ဝင်ပြိုင်ကြလို့ ပိုပြီးအကြိတ်အနယ် ပိုရှိလာနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

၂၀၁၅ မှာတော့ ချင်းပြည်နယ်မှာ မဲပေးနိုင်သူ ၂ သိန်း ၇သောင်း နီးပါး ရှိခဲ့ပြီးတော့ မဲပေးနိုင်သူတွေထဲမှာ ချင်းလူမျိုးအများစု ဖြစ်ကြပါတယ်။

No caption

ဓာတ်ပုံ ရင်းမြစ်, AA

တောင်ပိုင်းသာ‌ရွေးကောက်ပွဲကျင်းပမယ့်ရခိုင်

မြိုနယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ မှာတော့ ရခိုင်ပါတီ နှစ်ခုပေါင်းပြီး ရွေးကောက်ပွဲဝင်ခဲ့ ပြီး ရခိုင်အမျိုးသားပါတီက ရခိုင်မြောက်ပိုင်း ဒေသမြို့နယ်တွေမှာ အောင်ပွဲခံနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ရခိုင်ပြည်နယ်ကမြောက်ပိုင်းက မြို့နယ် ၁၀ မြို့မှာ လွတ်လပ်ပြီးတရားမျှတမယ့် အခြေအနေမရှိလို့ ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၆ ရက် ညပိုင်းမှာ ကြေညာခဲ့လို့ ရခိုင်ပြည်နယ်တောင်ပိုင်းကသာ လာမယ့်ရွေးကောက်ပွဲအတွက် အဓိက ပြိုင်ကြမယ့်နေရာ ဖြစ်လာပါတယ်။

ရခိုင်ပြည်နယ် တောင်ပိုင်း၊ သံတွဲခရိုင် တောင်ကုတ်မြို့နယ်မှာ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူပေါင်း တစ်သိန်းကျော်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောပါတယ်။

တောင်ကုတ်မြို့ပေါ်မှာ ရပ်ကွက် ၄ ရပ်ကွက်ရှိပြီး သိမ်တောင်ရပ်ကွက်၊ ကံပိုင်ရပ်ကွက်၊ ဂူတာရပ်ကွက်နဲ့ ချောင်းကောက် ရပ်ကွက်တို့ဖြစ်ပါတယ်။ မြို့နယ်တစ်ခုလုံးမှာ ကျေးရွာပေါင်းကတော့ ၂၀၀ ကျော်ခန့်ရှိတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။

No caption

ဓာတ်ပုံ ရင်းမြစ်, TAUNGUP NLD

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းကထက် အခု ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲရုံ ၈ ရုံခန့် တိုးချဲ့ထားပြီး စုစုပေါင်းမဲရုံ အရေအတွက်မှာ ၁၈၁ ရုံခန့်ရှိတယ်လို့ သိရပါတယ်။

တောင်ကုတ်မြို့နယ်ဟာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိခဲ့ပြီး ၂၀၁၅ မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အနိုင်ရရှိထားတဲ့ မဲဆန္ဒနယ်တစ်ခုဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဂွ၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင် မြို့နယ်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲရလဒ်တွေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ အင်အားအကောင်းဆုံး မြို့နယ်တွေဖြစ်ပြီး လက်ရှိမှာတော့ တောင်ကုတ်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဟာ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မြေအတွင်း စည်းရုံးရေးဆင်းနေတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို အေအေ လက်နက်ကိုင်အဖွဲ့က ခေါ်ဆောင်ခြင်းခံလိုက်ရသလို မဲဆွယ်စည်းရုံးရေးကာလ အစပိုင်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အောင်နိုင်ရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတာတွေ ရှိခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ရခိုင်အမျိုးသားပါတီရဲ့ မြို့နယ်ဥက္ကဋ္ဌ အဖွဲ့ဝင် ဦးဝေသောင်းနဲ့ ရပ်ကျေးကော်မတီဝင်တချို့ အပါအဝင် မြို့နယ်စည်ပင်သာယာရေးကော်မတီ လက်ရှိဥက္ကဋ္ဌ ဦးဇေယျကျော်နဲ့ ယခင်ဥက္ကဋ္ဌဟောင်း ဦးစန်းငွေတို့ကို တပ်မတော်က ဖမ်းဆီးခံပြီး အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်တရားစွဲခံနေရပါတယ်။

အဲ့ဒီဖြစ်စဉ်တွေ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ တောင်ကုတ်မြို့နဲ့ ရခိုင်ပြည်နယ် နေရာတော်တော်များများမှာ လက်ရှိ အစိုးရအပေါ် ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

တောင်ကုတ်မှာ လက်ရှိအခြေအနေ အရ မဲဆွယ်စည်းရုံ‌ရေးတွေ ရပ်ထားရတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေ

တောင်ကုတ်၊သံတွဲ၊ ဂွ စတဲ့ ရခိုင်တောင်ပိုင်းဒေသတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အားကောင်းတဲ့ဒေသ ဖြစ်ခဲ့ပြီးတော့ အခု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်က ခွဲထွက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် ထမ်းဆောင်ခဲ့သူ ဒေါ်တင်မာအောင်လို ထင်ရှားသူတွေက တောင်ကုတ်က ဝင်ပြိုင်လာတဲ့ အတွက် စိတ်ဝင်းစားစရာ ဖြစ်တယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

လက်ရှိတောင်ကုတ်မှာ ၂၀၁၅ တုန်းကလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရမယ်လို့ သေချာပေါက် မပြောနိုင်တော့သလို တိုင်း‌ဒေသကြီး အမှတ် ၂ နေရာ မှာ ဒေါ်တင်မာအောင် အပြင် ပြည်နယ်လွှတ်တော်အတွင်း နေရာအများစု အနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီ လည်း ဝင်ပြိုင်မှာ ဖြစ်လို့ အကြိတ်အနယ်ရှိမယ့်နေရာလို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

ဒေါ်တင်မာအောင်နဲ့ ယှဥ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်က ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ဖြစ်ပြီး လက်ရှိ တောင်ကုတ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ အမှတ် ၂ မဲဆန္ဒနယ်မြေအတွင်း စည်းရုံးရေးဆင်းနေတဲ့ သူအပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးထားပါတယ်။

တောင်ကုတ်က တိုင်းဒေသကြီး အမှတ်၂ ‌နေရာဟာ တောင်ကုတ် မြို့ပေါ်နဲ့တောပိုင်းတွေပါ ပါဝင်တာကြောင့် ဒေသခံတွေက ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

တောင်ကုတ်က တိုင်းဒေသကြီး အမှတ်၂ ‌နေရာ ကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါက်တာတင်မာအောင်၊ လက်ရှိတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ ရခိုင်အမျိုးသားပါတီက ဒေါ်ခင်မျိုးယဥ်၊ ကြံ့ခိုင်ရေးပါတီက ဦးကျော်ခန့်နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဦးချစ်ကျော်တို့လည်း ဝင်ပြိုင်မှာဖြစ်လို့ အကြိတ်အနယ်ရှိနိုင်တဲ့ မဲဆန္ဒနယ်လို့လည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။

-----

နေပြည်တော်က အပြိုင်အဆိုင် အကြိတ်အနယ်ပြိုင်ကြမယ့်နေရာတွေအကြောင်း အပါအဝင် အပိုင်း ၃ ကိုလည်း မကြာခင်တင်ဆက်ပေးပါမယ်။

ကျောင်းသားမသဂ္ဂတုန်းက မိတ်ဆွေ အခုတော့ ပြိုင်ဖက် ဖြစ်လာသူတွေအကြောင်းနဲ့ အဲန်အယ်ဒီနဲ့ ပြည်ခိုင်ဖြိုး အကြိတ်အနယ် နွှဲကြမယ့် မဲဆန္ဒနယ်တွေအကြောင်း အပိုင်း ၁ ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။