တစ်ပတ်အတွင်း သတင်းမြင်ကွင်း-NLD အမတ်လောင်း ၃ ဦး ဖမ်းဆီးခံရမှု ရခိုင်အင်အားစုတွေအမြင်၊ ကိုဗစ်ကုသဆေး မျှော်လင့်ချက် ရှိသေးလား

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အရေးကြီးသတင်းတွေထဲက တစ်ခုကတော့ တောင်ကုတ်မှာ မဲဆွယ်တုန်း ဖမ်းဆီးခံခဲ့ရတဲ့ NLD အမတ်လောင်းသုံးဦးသတင်းက ထိပ်တန်းရောက်ခဲ့ပါတယ်။

ဒီအမတ်လောင်းတွေကို ဖမ်းဆီးထားကြောင်းနဲ့ အစိုးရဘက်က ဖမ်းဆီးထားတဲ့ ရခိုင်ပြည်နယ်ကအရပ်သားတွေ၊ စစ်ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသား တွေကို ပြန်လွှတ်ပေးရင် ဒီအမတ်လောင်းတွေကို အေအေကပြန်လွှတ်ပေးမယ်လို့ ရခိုင့်တပ်တော်အေအေက အောက်တိုဘာ ၁၉ ရက်မှာ ကြေညာချက်ထုတ်လာခဲ့ပါပြီ။

ဒီကိစ္စကြောင့် ရခိုင်ပြည်နယ်တွင်း ရွေးကောက်ပွဲ ကျင်းပနိုင်မယ့်အခြေအနေတွေကို သက်ရောက်မှု ရှိလာနိုင်မလားလို့ စိုးရိမ်မှုတွေ ရှိလာနေပါတယ်။

နောက်သတင်းတစ်ပုဒ်ကတော့ ကိုဗစ်ကုသရေးမှာ သုံးစွဲနေတဲ့ Remdesivir ဆေးဟာ ကိုဗစ်လူနာတွေအတွက် ထိရောက်မှုမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ကိုဗစ်ရောဂါကုသရေးအတွက် မျှော်လင့်ချက်မရှိတော့တဲ့အခြေအနေလားဆိုတာကို လက်တွေ့ကုသပေးနေသူတွေ ပညာရှင်တွေ ထုတ်ပြန်ပြော ဆိုလာတာတွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။

အစိုးရ ဖမ်းထားသူတွေ ပြန်လွှတ်ရင် အမတ် ၃ ဦးကိုလည်း လွှတ်ပေးမယ်လို့ အေအေ ပြော

တိုက်ပွဲတွေမရှိတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့တစ်မြို့ဖြစ်တဲ့ တောင်ကုတ်မှာ မဲဆွယ် စည်းရုံးရေးဆင်းနေတဲ့ NLD ပါတီက အမတ်လောင်း ဒေါ်နီနီ မေမြင့်၊ ဦးမင်းအောင်နဲ့ ဒေါ်ချစ်ချစ်ချောတို့ကို အေအေက အောက်တိုဘာ ၁၄ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲလိုတော့ချိန် အမတ်လောင်းတွေကို ခုလို လက်နက်ပြ ခြိမ်းခြောက်ဖမ်းဆီးမှုက ရွေးကောက်ပွဲရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ထိခိုက်စေသလို ဒီမိုကရေစီနဲ့ဆန့်ကျင်နေတဲ့ ရွေးကောက်ပွဲအကြမ်းဖက် လုပ်ရပ်လို့ အာဏာရပါတီဘက်က ထုတ်ဖော်ပြောကြား ထားပါတယ်။

ဒီမတိုင်ခင်တည်းက တောင်ကုတ်မှာ ပါတီဝင်တချို့အိမ်ကို ရဲအယောင်ဆောင်ပြီး လာဖမ်းဖို့ကြိုးစားလို့ ထွက်ပြေးရတာ၊ တချို့ဖမ်းဆီးခံရပြီးခုထိ အဆက်သွယ်မရ တာတွေရှိခဲ့တယ်လို့ တောင်ကုတ်မြို့နယ် အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောကြားထားပါတယ်။ အခု ဒီလုပ်ရပ်ကြောင့် တောင်ကုတ်မှာ အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကိုထိခိုက်သွားစေတယ်လို့ သူက ယူဆပါတယ်။

ဒေသခံတိုင်းရင်းသားပါတီတွေ အင်အားကြီးတဲ့ ရခိုင်ပြည်နယ်မှာ တောင်ကုတ်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ အနိုင်ရထားတဲ့ မဲဆန္ဒနယ်မြေ ဖြစ်ပါတယ်။ ဒါကြောင့်ခု အန်အယ်လ်ဒီ အမတ် လောင်းတွေကို ဖမ်းဆီးမှုဖြစ်စဉ်ဟာ ရွေးကောက်ပွဲမှာ မဲပေးကြမယ့် လူထုကိုပါ သွယ်ဝိုက် ခြိမ်းခြောက် လိုက်တာလို့လည်း ပြောကြားမှုတချို့ရှိလာပါတယ်။

တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်မှာ နှစ်နှစ်ကျော်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့်နေရပ် စွန့်ခွာ ထွက်ပြေးရသူတွေ၊ တိုက်ပွဲကြား အရပ်သားထိခိုက်သေဆုံးမှုတွေမှာ အာဏာရပါတီက နှုတ်ဆိတ်နေတယ်လို့ တစ်လျှောက်လုံးဝေဖန်မှုတွေ တစ်ကျော့ပြန် ကျယ်လောင်လာပါတယ်။

ဒါ့အပြင် ရခိုင်နိုင်ငံရေးသမားလွှတ်တော်အမတ် ဒေါက်တာအေးမောင်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်နှစ် ၂၀ ချထားပြီး လွှတ်တော်အမတ်အဖြစ်က ပယ်ဖျက်တဲ့ကိစ္စ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦး သေနတ်ပစ်သတ်ခံရတာ၊ ဒေသခံပါတီတွေက ပါတီဝင်တချို့ကို အစိုးရက ဖမ်းဆီးတရားစွဲတာ စတာ တွေကို ဒီ ဖြစ်စဉ်နဲ့နှိုင်းယှဉ်ပြီး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဝေဖန်ပြစ်တင်တာတွေရှိလာပြန်ပါတယ်။

အခုဖြစ်စဉ်ပေါ်မှာ ရခိုင်အခြေစိုက် နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေဘက်ကလည်း အမြင်အမျိုးမျိုးရှိနေပါတယ်။

ရခိုင်မှာ တရားမျှတမှုနဲ့ အမှန်တရား ပျောက်ဆုံးနေပြီး ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာလည်း ဝေခွဲရခက်သွားပြီ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ နိုင်ငံရေးဦးဆောင်ကော်မတီဝင် ဦးဦးလှစောက ပြောပါတယ်။

"အခြေအနေက တော်တော်ဆိုးသွားပြီ။ ဒီမှာလူတွေဟာ ချောင်ပိတ်ပြီးတော့ နိုင်ငံရေးထွက်ပေါက်မရှိတော့ဘူး။ အေးဆေးဆေးဆေးနဲ့ တွေးခေါ်နိုင်တဲ့အနေအထားလည်းမရှိဘူး။ ဆင်းရဲသားတွေကလည်း တစ်နေ့ တစ်နေ့ ဘယ်လိုထမင်းစားရမလဲ။ ဗုံးဆံ လာမှာလား။ အမြောက်ကြီးတွေ ထိမှာလားပေါ့။ ဒီလိုတွေကြားထဲမှာ အခုဖြစ်တဲ့ကိစ္စက စိတ်မကောင်းစရာတော့ စိတ်မကောင်းစရာပဲ။ ဒါပေမဲ့ အမှိုက်ပုံကြီးထဲမှာ အမှိုက်ကလေး တစ်စလို့ပဲ မြင်တယ်" လို့ ပြောပါတယ်။

ရခိုင်အရေးစဉ်းစားရာမှာ ရွေးကောက်ပွဲကိစ္စ တစ်ခုတည်းတင်မက ၇ သိန်းကျော်သော မွတ်စလင်တွေ နေရပ်စွန့်ခွာထွက်ပြေးမှု၊ လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက်ကိစ္စ၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ ငတ်ပြတ်မှု၊ ကိုဗစ်ကိစ္စ စတာတွေအားလုံးကိုပါ ပြည်ထောင်စုအရေးကိစ္စအဖြစ် တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာမလား၊ အခုလို တစ်ဘက်နဲ့တစ်ဘက် လက်တုံ့ပြန် မလား ဆိုတာ ပါဝင်ပတ်သက်သူတွေ စဉ်းစားကြဖို့လည်း ဦးဦးလှစောက ပြောပါတယ်။

ရခိုင်အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကတော့ ရခိုင်မှာ လက်ရှိအချိန်ဟာ စစ်ရေးနဲ့ နိုင်ငံရေး ရှုပ်ထွေးနေတဲ့အချိန်ဖြစ်ပြီး ဖမ်းခံရတဲ့အထဲမှာ အမျိုးသမီးတွေလည်း ပါဝင်တဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောပါတယ်။

ဒါပေမဲ့ ရခိုင်မှာ ယခင်တည်းက အရပ်ဖက်အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေကို တောင်ကုတ်မှာဖမ်းဆီးခံထားရပြီး စည်ပင်ကော်မတီဝင် တွေလည်း အကြမ်းဖက်ဥပဒေနဲ့ ဖမ်းထားတာ၊ ရခိုင်အမျိုးသားပါတီဝင်တချို့လည်း ဖမ်းဆီခံထားရသလို ဒီဖမ်းဆီးမှုတွေအတွက် တိုက်တွန်း တောင်းဆိုတာမျိုးတော့မရှိခဲ့ဘူးလို့ ဒေါ်ညိုအေးကပြောပါတယ်။

"ဒီတော့ ဒီလွှတ်တော်အမတ် ၃ ဦး ဖမ်းခံရတော့မှ ကျွန်မတို့က ပြောမယ်ဆိုရင်မညီမျှရာများဖြစ်သွားမလားပေါ့နော်။ ကျွန်မတို့အနေနဲ့အကဲခတ်ဖို့ စောပါသေးတယ်။ ဒါက တရားဥပဒေစိုးမိုးမှုမရှိဘဲနဲ့ ကျွန်မတို့တောင် ကျွန်မတို့ လုံခြုံတယ်လို့ မခံစားရတဲ့အနေအထားလောက်ထိရောက်အောင် ဖြစ်သွားတဲ့ ကျွန်မတို့ ရခိုင်ပြည်နယ်ကို တာဝန်ယူမှု တာဝန်ခံမှု ကင်းစွာနဲ့ လျစ်လျူရှုထားလေသလားပေါ့နော်။ ဒါက လျစ်လျူရှုထားတဲ့အကျိုးဆက်လို့ မြင်ပါတယ်" လို့ ဒေါ်ညိုအေးက ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ အပြစ်မဲ့ပြည်သူ တွေ၊ လက်နက်မဲ့ပြည်သူတွေကို လက်နက်ရှိသူတွေက အနိုင်ကျင့်တာကိုတော့ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ သဘောမကျဘူးလို့ ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

"တောင်ကုတ်လိုနေရာမျိုးမှာခုလိုဖမ်းဆီးတယ်ဆိုတော့ လူထု အကြောက်တရားကပိုပြီး ကြီးသွားတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကတော့ လူတွေရဲ့ ယုံကြည်မှုကိုလည်း လျော့ကျသွားစေမယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။

အခုလို ကွဲပြားတဲ့အမြင်တွေရှိနေသလိုပဲ စစ်ရေးနဲ့ နိုင်ငံရေးအခြေအနတွေရှုပ်ထွေးနေတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်ရေးအတွက် အာဏာရအစိုးရအနေနဲ့ မြေပြင်မှာ စေ့စပ်ညှိနှိုင်းရေး သမားတွေကိုသုံးပြီး အဖြေရှာသင့်နေပြီလို့ မြောက်ဦးစစ်တမ်းစာအုပ်ရေးသားသူ၊ တိုင်းရင်းသားအရေး လေ့လာသုံးသပ်တဲ့ ဦးမောင်မောင်စိုး က ပြောပါတယ်။

တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းမှုမရှိရင် တင်းမာမှုပိုကြီးလာပြီး ဖမ်းဆီးမှုတွေမှာ အပြန်လှန် လက်ညှိုးထိုးမှုတွေ ဖြစ်လာတယ်လို့ ဦးမောင်မောင်စိုး ကပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တချို့ကတော့ တိုက်ပွဲမှာ ဖမ်းမိတဲ့သူတချို့ကို ပြန်လွှတ်ပေးတဲ့အခြေအနေရှိတဲ့အတွက် သူတို့မှာ ဘာအကြောင်းပြချက်ရှိလဲဆိုတာကို သိအောင် ကြိုးစားသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

"လက်ရှိပဋိပက္ခမှာ စိုးရိမ်တာက အေအေနဲ့တင်ပြဿနာဖြစ်တာဆိုတာထက် ရခိုင်လူထုနဲ့ ပြည်မက အန်အယ်လ်ဒီထောက်ခံတဲ့ ဒီမိုကရက်တစ်အင်အားစုတွေကြားမှာ မလိုလားအပ်တဲ့ ပဋိပက္ခတွေကြီးလာမှာတော့ စိုးရိမ်စရာဖြစ်ပါတယ်" လို့ ဦးမောင်မောင်စိုးကပြောပါတယ်။

ရွေးကောက်ပွဲကျင်းပချိန်ထိ အမတ်လောင်းသုံးဦး လွတ်မြောက်လာနိုင်ခြင်းမရှိဘူးဆိုရင်တောင် ဒီသုံးဦးဟာ ရွေးကာက်တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းနဲ့ ပြည့်မီသူတွေအဖြစ် သတ်မှတ်စိစစ်ပြီးသူတွေဖြစ်လို့ သူတိုရဲ့ရွေးကောက်ပွဲရလဒ်တွေကို အတည်ပြုနိုင်မယ်လို့ ပြည်နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ပြောကြားပါတယ်။

ကိုဗစ်ကုသဆေး Remdesivir မျှော်လင့်ချက်မရှိတော့ပြီလား

ကိုဗစ်ကူးစက်ခံရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ကုသပေးခဲ့တဲ့ ဒီဆေးကို မြန်မာမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေကစလို့ သုံးစွဲကုသပေးနေပါပြီ။

အမေရိကန်ပြည်ထောင်စုမှာတော့ ဒီဆေးကို ပေးဖို့အတွက် ကိုဗစ် ရောဂါကူးစက်သူဖြစ်ရမှာဖြစ်ပြီး အမေရိကန် FDA က သတ်မှတ်ခွင့်ပြုထားတဲ့ Test နဲ့ Positive ဖြစ်ကြောင်း စစ်ဆေးမှုသာ အကျုံးဝင်တယ်လို့ ဒေါက်တာဇေယျာသက်က ပြောပါတယ်။

ဒုတိယအချက်အနေနဲ့ လူနာဟာ အသက်ရှူမဝတဲ့ လက္ခဏာရှိရမှာဖြစ်ပြီး အောက်ဆီဂျင်တိုင်းတာတဲ့စက်နဲ့ဆို ၉၂ ရာခိုင်နှုန်းအောက်ကိုကျရမယ်လို့ သတ်မှတ်ထားပါတယ်။ တတိယအချက်ကတော့ ဓာတ်မှန်မှာ နမိုးနီးယားလက္ခဏာ ရှိရမှာဖြစ်ပြီး အထူးကြပ်မတ်ကုသခန်းထဲ မပို့ရတဲ့ အခြေအနေမျိုးမှာသာ ဒီဆေးပေးဖို့ ဆုံးဖြတ်တယ်လို့ ဒေါက်တာဇေယျာသက်က ရှင်းပြပါတယ်။

"ဒါကြောင့် မြန်မာပြည်မှာရှိတဲ့ လူထုလူတန်းစားမျိုးစုံကို သိစေချင်တာက ဒီဆေးက ဗီတာမင်လည်း မဟုတ်ပါဘူး။ ဆိုးကျိုးတွေရှိပါတယ်။ ဒီဆေးသောက်လို့ တစ်ရာ ရာခိုင်နှုန်း ပျောက်တယ်ဆိုတာ ဘယ်သုတေသနတွေကမှ မဖော်ပြထားပါဘူး။ ဒီဆေးမသောက်ဘဲ ကောင်းသွားတဲ့လူနာပေါင်းမြောက်မြားစွာလည်းရှိပါတယ်။ ကျွန်တော့်ဆီမှာ အသက် ၃၇ နှစ်အရွယ် လူနာတစ်ယောက်ဆို ဒီဆေးကို ငြင်းပါတယ်။ ဒါက အရေးပေါ်အခြေအနေမှာ သုံးတာမို့ဖြစ်တယ်။ သူက FDA ဒေတာတွေဖတ်ပြီး ငြင်းပါတယ်။ ခုဆို သူ ဆေးရုံက ဆင်းပါပြီ။ ဒါကြောင့် သေနှုန်းကိုကျစေတဲ့ဆေးဆိုတာကတော့ ဒီနေ့ဒီအချိန်ထိ ဘယ်ဆေးမှမရှိပါဘူး" လို့ ဒေါက်တာဇေယျာသက်က ရှင်းပြပါတယ်။

WHO က အောက်တိုဘာ၁၅ ရက်မှာထုတ်ပြန်ချက်အရ ရမ်ဒမ်ဆီးဗားဆေးအပါအဝင် ကိုဗစ်ကုသရေးမှာ သုံးနေတဲ့ ဆေးလေးမျိုးဟာ အကျိုး သက်ရောက်မှု မရှိသလောက် ဖြစ်တယ်ဆိုတဲ့ သုတေသနပြုချက်ဟာ လူထုရဲ့ မျှော်လင့်ချက်ကို လက်သီးနဲ့ ပင့်ထိုးလိုက်သလိုပဲလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ၊ ညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

လက်ရှိ မြန်မာမှာ ဒီဆေးထုတ်တဲ့အိန္ဒိယ ဆေးကုမ္ပဏီက လှူဒါန်းထားတဲ့ ဆေးလုံးရေ သုံးထောင်၊ မြန်မာက ထပ်မံဝယ်ယူဖို့ ပြင်ဆင်နေတဲ့ အလုံးရေ တစ်သောင်းခွဲ၊ စုစုပေါင်း ၁၈,၀၀၀ ရှိလာမှာဖြစ်ပြီး တစ်ဦးကို ခြောက်လုံးနှုန်းနဲ့ဆို လူ သုံးထောင်စာ ကုသပေးနိုင်စရာရှိတယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

ဒီဆေးဟာ သာမန်နဲ့အသင့်အတင့် ရောဂါလက္ခဏာရှိသူတွေကိုပေးလည်း ဘာမှမထူးသလို ရောဂါပြင်းထန်သူ သိပ်ဆိုးလွန်းသူကိုလည်းပေးလို့မရတဲ့အတွက် အလယ်အလတ် ရောဂါဝေဒနာရှိသူကိုသာ ပေးနိုင်တာဖြစ်ပြီး ဒါဟာလည်း ဒီဆေးသုံးရင် ပုံမှန်ဆေးရုံဆင်းရက်ထက် ရက်အနည်းငယ် စောဆင်းရတဲ့အခြေအနေမျိုးသာ ရှိတာဖြစ်တယ်လို့ သူက ဆက်ရှင်းပြပါတယ်။

"ဒီဆေးနဲ့ ကုသမှုပေးတာကို လူတွေရဲ့ ရွေးပြီးကုသပေးတယ်ဆိုတာက ရောဂါပေါ်မှာမူတည်ပြီးပဲရွေးတာဖြစ်တယ်။ လူပုဂ္ဂိုလ်အနိမ့်အမြင့် တွေပေါ်မူတည်ပြီးရွေးတာမဟုတ်ပါဘူး။ ဒီနေရာမှာ ဒီဆေးကို ပြည်သူတွေအနေနဲ့ အလွန်ကောင်းမွန်တဲ့ဆေးတစ်ဖုံလို့ ယူဆနေမှာစိုးလို့ ပြောရတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆို အခု ဒီဆေးကို မလိုအပ်ဘဲ ပိုက်ဆံရှိသူတွေက အောက်လမ်းကနေ ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးနဲ့ ဝင်လာတဲ့ဆေးတွေကို ငါတို့ဖြစ်ရင်သောက်ရအောင်ဆိုပြီး ဝယ်တာမျိုးတွေက အကျိုးမရှိပါဘူး" လို့ ဒေါက်တာခင်ခင်ကြီးက သတိပေးပါတယ်။

လူသားအားလုံး လွှမ်းခြုံထိုးနှံနိုင်တဲ့ကာ ကွယ်ဆေးမပေါ်ပေါက်သေးခင် အကြိမ်ကြိမ် ပြန်ကြုံနေရတဲ့ကိုဗစ်လှိုင်းကို ခုခံကာကွယ်ဖို့အရေးကြီးဆုံးကတော့ လူစုလူဝေးရှောင်ဖို့ ၊နှာခေါင်းစည်းတွေတပ်ဖို့ အပါအဝင် ကိုဗစ်ကာကွယ်ရေး လမ်းညွှန်ချက်တွေကိုပဲ စနစ်တကျလိုက်နာဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းထားပါတယ်။