ရခိုင်မှာ လက်နက်ကြီးကြောင့် တစ်ရက်တည်း ကျောင်းဆရာတစ်ဦးနဲ့ မူလတန်းကျောင်းသားတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရသေ့တောင်နဲ့ မြောက်ဦးမြို့နယ်တွေအတွင်း အောက်တိုဘာ ၁၉ ရက် မနေ့ကတစ်ရက်တည်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြပါတယ်။

သေဆုံးသွားသူနှစ်ဦးမှာ ရသေ့တောင်မြို့နယ်က မူလတန်းပြဆရာတစ်ဦးနဲ့ မြောက်ဦးမြို့နယ်က မူလတန်းကျောင်းသားကလေးငယ်တစ်ဦးတို့ဖြစ်ကြပြီး သူတို့နှစ်ဦးလုံးမှာ လက်နက်ကြီးကျည်ပေါက်ကွဲပြီးတော့ သေဆုံးခဲ့ရတာဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောဆိုပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်မှာ မြောက်ဦးမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ထမ္မရာဇ်ရပ်ကွက်အတွင်း လက်နက်ကြီးကျည်တစ်လုံး ပေါက်ကွဲပြီးတော့ အသက် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့ကာ အသက် ၄၄ နှစ် အရွယ် ကလေးရဲ့အဖေနဲ့ အိမ်နားနီးချင်း အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦးတို့မှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြတယ် လို့ မိသားစုတွေနဲ့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

မူလတန်းကျောင်းသား မောင်မျိုးအောင်ဌေးမှာ လက်နက်ကြီးကျည်ပေါက်ကွဲတဲ့နေရာနဲ့ အနီးဆုံးမှာရှိနေပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ကာ သူ့ရဲ့အဖေဖြစ်သူ ဦးကျော်မြင့်မှာ လည်ပင်း၊ လက်မောင်း၊ ခြေထောက် စတဲ့နေရာတွေမှာ ဒဏ်ရာတွေရရှိခဲ့ပါတယ်။ သူတို့နဲ့အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ ဒေါ်ဦးသန်းယဉ်မှာတော့ လက်နဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတချို့မှာ ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့ကညနေပိုင်းမှာတော့ ထမ္မာရာဇ်ကျေးရွာနဲ့ အနီးဝန်းကျင်နေရာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာတွေလည်း မရှိဘူးလို့ ဒေသခံတွေနဲ့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်တို့က ပြောပါတယ်။

"မနေ့ကညနေပိုင်းမှာ ကလေးရဲ့အဖေက ဟင်းရွက်သင်နေပါတယ်။ ကလေးကရှေ့ကထိုင်ပြီးကြည့်နေပါတယ်။ ကျွန်မကလည်း သူတို့နဲ့ ဝါးတစ်ပြန်လောက်အကွာမှာ ကဒက်ဥ ဆေးနေပါတယ်။ သားဖနှစ်ယောက်ကြား အလယ်မှာကျတာပါ။ ကျွန်မခေါင်းပေါ်က ဖြတ်သွားခဲ့သလို သိလိုက်ရတယ်။ ကလေးက တခါတည်းသေပါတယ်။ အဖေကတော့ ဒဏ်ရာရလို့ ဆေးရုံမှာပါ"လို့ သေဆုံးသွားတဲ့ကလေးရဲ့မိခင် ဒေါ်အေးဝင်းက ပြောပါတယ်။

ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတဲ့ ဦးကျော်မြင့်နဲ့ ဒေါ်ဦးသန်းယဉ်တို့နှစ်ဦးကိုတော့ မနေ့ကညနေပိုင်းမှာ မြောက်ဦးဆေးရုံကို ပို့ဆောင်ပေးထားပြီး ဦးကျော်မြင့်ကတော့ လည်ပင်းဒဏ်ရာရရှိခဲ့တဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ ဇနီးဖြစ်သူ ဒေါ်အေးဝင်းကဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီကျော်လောက်မှာ လက်နက်ကြီးကျည်တစ်လုံး ရသေ့တောင်မြို့နယ်၊ ရွာသစ်ကေကျေးရွာအနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသားတစ်ဦးကို ထိမှန်သေဆုံးခဲ့တယ် လို့ ကျေးရွာသားတွေကပြောပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ဟာ ရသေ့တောင်အခြေစိုက် တပ်ရင်းတွေရှိတဲ့နေရာဘက်ကနေ ပစ်ခတ်လိုက်တဲ့ကျည်ဖြစ်ပြီး ရွာသစ်ကေကျေးရွာဟာ အခုလအစောပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ကျောက်တန်းနယ်မြေအနီးမှာ တည်ရှိပြီးတော့ မြို့နဲ့ မြောက်ဘက် ၅ မိုင်ခန့်သာ ကွာဝေးတဲ့ကျေးရွာ တစ်ရွာဖြစ်ပါတယ်။

ဒီပြောကြားချက်တွေနဲ့ပတ်သက်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်မှုတော့မရှိသေးပါဘူး။

ထိခိုက်ဒဏ်ရာရရှိပြီးသေဆုံးသွားသူဟာ အသက် ၂၁ နှစ်အရွယ် ရွာသစ်ကေကျေးရွာသား မူလတန်းပြဆရာ မောင်မောင်ဦး (ခ) မျိုးဆက်နိုင်ဦးဖြစ်ပြီး မနက်ပိုင်းက ကျေးရွာအပြင်မှာရှိတဲ့ သူတို့ရဲ့နွားခြံမှာ နွားတွေကိုရေတိုက်ပြီး ပြန်လာတဲ့အချိန် လယ်ကွင်းထဲမှာ လက်နက်ကြီးကျည်ပေါက်ကွဲပြီးတော့ ထိမှန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"မနေ့ကမနက်ပိုင်း ၁၁ နာရီကျော် ၁၂ နာရီမထိုးခင်လောက်မှာ လက်နက်ကြီးပစ်သံကြားတယ်။ ခါတိုင်းကြားနေရတဲ့အသံနဲ့ တော့ မတူဘူးဗျ။ အဲ့ဒီလက်နက်ကြီးကျည်က စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းရှိတဲ့ ဘက်မှာပေါက်ကွဲတယ်။ ကျွန်တော်တို့ သွားကြည့်နေတုန်းမှာပဲ လူတစ်ယောက်က ဟိုဘက်ကအသံတစ်ခုကြားတယ်လို့ ပြောလို့ ရှာကြည့်တော့ အဲ့ဒီမှာ ဒဏ်ရာနဲ့ လဲနေတဲ့သူ့ကိုသွားတွေ့တာပါ။ ရသေ့တောင်ဆေးရုံပို့တယ်။ အဲ့ဒီက စစ်တွေသွားရမယ်လို့ပြောလို့ စစ်တွေကိုလာတော့ မြို့ကအထွက်မှာ ဆုံးသွားတာပါ"လို့ အမည်မဖော်လိုတဲ့ ကျေးရွာလူကြီးတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကျည်ဟာ ရွာသစ်ကေကျေးရွာရဲ့ မြောက်ဘက်အရပ် ဘုန်းတော်ကြီးကျောင်းနဲ့ ပေ ၃၀၀ ခန့်လောက်သာ ကွာဝေးတဲ့နေရာမှာ ကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲတဲ့နေရာနဲ့ ပေ ၁၀၀ ရောက်အကွာမှာရှိနေတဲ့ ဆရာ မောင်မောင်ဦးရဲ့ ဘယ်ဘက်မျက်လုံးကို ကျည်စထိမှန်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

ရွာသားတွေရှာဖွေတွေ့ရှိခဲ့တဲ့အချိန်မှာ ဆရာမောင်မောင်ဦးဟာ ကျည်စထိမှန်ထားတဲ့ ဘယ်ဘက်မျက်လုံးဟာ အပြင်ကို ထွက်ကျနေပြီး သတိမရတော့ဘဲ လယ်ကွင်းပြင်ထဲ လဲကျနေတာကိုတွေ့ခဲ့ရတာလို့ ရွာသားတစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ ဆရာမောင်မောင်ဦးဟာ ပညာရေးကောလိပ်ဆင်းတစ်ဦးဖြစ်ပြီး ရသေ့တောင်မြို့နယ် ငစံဘော် (မဆိုးချောင်း )ကျေးရွာကျောင်းမှာ မူလတန်းပြဆရာအဖြစ် အလုပ်ခန့်အပ်ခံထားရတာ သုံးလသာရှိသေးကြောင်း သိရပါတယ်။

သူတာဝန်ကျနေတဲ့ ဒေသတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့အကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ကျောင်းတွေကို ပိတ်ထားရ တာကြောင့် ရွာကိုပြန်လာပြီး မိဘတွေဆီမှာ အိမ်အလုပ်တွေကို ဝိုင်းကူလုပ်ပေးနေတာလို့ ကျေးရွာသားတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်အတွင်း အောက်တိုဘာ ၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့ကြတဲ့တိုက်ပွဲတွေဟာ တစ်ပတ်ကျော်ကြာ အပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲအတွင်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေကြောင့် အခုလိုမျိုး ကျေးရွာတွေကို ကျရောက်ပေါက်ကွဲပြီးတော့ ကလေးငယ်တွေ၊ ပညာရေးဝန်ထမ်းတွေ၊ အသက်ကြီးပိုင်းတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ ထိခိုက်သေဆုံးခဲ့ကြရပါတယ်။

တိုက်ပွဲတွေအတွင်း ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံ အရပ်သားတွေ ထိခိုက်သေဆုံးနေကြရသလို ဒေသခံတွေအနေနဲ့ ငါးရှာဟင်းခူးတောင်မသွားရဲတော့တဲ့အတွက် စားရေးသောက်ရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေကြရပြီး သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအနေနဲ့ တိုက်ပွဲနဲ့မ သက်ဆိုင်တဲ့နေရာတွေကို ပစ်ခတ်မှုတွေမလုပ်ကြဖို့ ရွာသားတွေက တောင်းဆိုကြပါတယ်။