အသက် ၆၀နှစ်နဲ့ အထက်တွေ အောက်တိုဘာ ၂၉ ရက်ကစပြီး ကြိုတင်မဲပေးနိုင်

အသက် ၆၀နှစ် နဲ့ အထက် မဲဆန္ဒရှင်တွေ အောက်တိုဘာ ၂၉ ရက်ကစပြီး နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်မဲပေးနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ်ရောဂါဖြစ်ပွားမှုများပြီး လူဦးရေထူထပ်တဲ့ ရန်ကုန်နဲ့မန္တလေးက ၃၄ မြို့နယ်နဲ့ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ မြို့နယ်တွေက အသက်အရွယ် ကြီးရင့်သူတွေကိုတော့ အိမ်မှာပဲ မဲပေးနိုင်ဖို့ အစိုးရက စီစဉ်ထားပါတယ်။

အဲ့ဒီမြို့နယ်တွေက ကော်မရှင်အဖွဲ့ခွဲတွေကတော့ ရွှေ့လျားမဲရုံစနစ်နဲ့ အိမ်တွေကို လှည့်လည်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းအရ အသက် ၆၀ နဲ့အထက် လူဦးရေက ငါးသန်း တစ်သိန်းကျော် ရှိနေတယ်လို့ သိရပါတယ်။

အစိုးရက အခုလိုသတ်မှတ်တဲ့ မြို့နယ်တွေကလွဲပြီး ကျန်မြို့နယ်တွေမှာ နေထိုင်ကြတဲ့ အသက် ၆၀ နှစ်နဲ့ အထက် ရှိသူတွေကတော့ မဲရုံကို ကိုယ်တိုင်လာရောက် ဆန္ဒမဲ မပေးနိုင်ပါက ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးကို သွားရောက်ပြီး ကြိုတင်ဆန္ဒမဲပေးဖို့နဲ့ ကျန်းမာရေး အခြေအနေအရ ကိုယ်တိုင် သွားရောက်ဖို့ အခက်အခဲရှိရင်တော့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ကို သတင်းပေးပို့ပြီး နေအိမ်က ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ချက်မှာ ပါပါတယ်။

ဒါကြောင့် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေ အနေနဲ့ ရုံးမှာလည်း မဲပုံးထောင်ထားရမှာ ဖြစ်သလို လိုအပ်ရင် အိမ်တွေကိုလည်း သွားရမယ့်အနေအထား ဖြစ်တယ်လို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်ကပြောပါတယ်။

အခုလို ကြိုတင်မဲပေးရေး လုပ်ငန်းစဉ်တွေမှာလည်း ကိုဗစ်လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာဖို့ ကော်မရှင်က ညွှန်ကြားထားပါတယ်။

အသက်အရွယ် ကြီးရင့်သူတွေအတွက် ကြိုတင်မဲအစီအစဉ်အပြင် မဲဆန္ဒနယ် ပြင်ပရောက်နေသူတွေကို ပုံစံ(၁၅)နဲ့ ကြိုတင်မဲ ပေးခွင့်ပြုဖို့ကို အထူးကိစ္စရပ်အနေနဲ့လည်း ကော်မရှင်က ခွင့်ပြုထားပါသေးတယ်။

ဒီအခြေအနေတွေအရ ကြိုတင်မဲပေးမှုဟာ ၂၀၁၅ ရွေးကောက်ပွဲကထက် ပိုများလာမယ်လို့ ယူဆမှုတွေရှိပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပါအဝင် ပြီးခဲ့တဲ့ရွေးကောက်ပွဲတချို့မှာ ကြိုတင်မဲနဲ့ ပတ်သက်လို့ ပြဿနာတွေ ရှိခဲ့ဖူးပါတယ်။

လက်ရှိအခြေအနေအရ မဲပေးရမယ့်ကာလပါ တိုးချဲ့ထားပါတယ်၊ ကော်မရှင် အနေနဲ့ ကြိုတင်မဲပေးသူ စာရင်းတွေကို ပွင့်လင်းမြင်သားစွာ ထုတ်ပြန်ရင် ပြဿနာ မရှိနိုင်ဘူးလို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကပြောပါတယ်။

ကိုဗစ် ကူးစက်မှုလျော့ချဖို့ နဲ့ ရွေးကောက်ပွဲနေ့မှာ မဲရုံမှာ လူစုလူဝေးမဖြစ်ဖို့ လုပ်တဲ့ အစီအစဉ်ကို အသက်အရွယ်ကြီး ရင့်သူတွေက ကြိုဆိုကြသလို မဲဆန္ဒနယ်ပြင်ပရောက်ကြိုတင်မဲအစီအစဉ်အတွက်လည်း ထောက်ခံခဲ့ကြပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကတော့ တာဝန်တွေပိုများလာမှာဖြစ်ပြီး စေတနာ့ဝန်ထမ်း ခေါ်ဖို့စဉ်းစားချက်တွေရှိနေတယ်လို့ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေက ပြောပါတယ်။

မဲရုံဝန်ထမ်းလုပ်မယ့် ဆရာ၊ဆရာမတွေကတော့ အခုကြိုတင်မဲလုပ်ငန်းစဉ်တွေမှာပါဝင်ဦးမှာမဟုတ်ဘဲ ရွေးကောက်ပွဲနေ့ရောက်မှသာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။