ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြည်သူ့ အာဏာ ပြရမယ့်အချိန်
စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား အပါအဝင် နိုင်ငံတကာကိုရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေက ကြိုတင်မဲတွေကို ပေးနေရပါပြီ။
၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေပေးတဲ့အရေအတွက်က ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲထက်စာရင် ပိုများလာတယ်လို့ နိုင်ငံတကာရောက်ကြိုတင်မဲပေးရေးကူညီပေးနေတဲ့ အဖွဲ့တွေ ထံကသိရပါတယ်။ အရေအတွက် အတိအကျကိုတော့ သေချာမသိရသေးပါဘူး။
"မဲပေးတာက ပြည်သူတစ်ယောက်ရဲ့ တာဝန်ကိုကျေတာဖြစ်သလို၊ ကိုယ်ရွေးချယ်ပိုင်ခွင့်ကို ကိုယ်ထုတ်ပြလိုက်တာ၊ ကိုယ့်လုပ်ပိုင်ခွင့်ရှိတဲ့ထဲက ကိုယ်လုပ်တာ၊ ဘယ်သူ့ကိုမှလည်း ဥပဒေမဲ့ တော်လှန်တာ မဟုတ်ဘူး။ ကိုယ့်လုပ်ပိုင်ခွင့်ထဲက ကိုယ်လုပ်တာ" ……
ဒါကတော့ ကိုဗစ်ကူးစက်မှုတွေ ရှိနေတဲ့ကြားကပဲ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာပြုလုပ်မယ့် ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးခဲ့သူ၊ အခြားသူတွေကိုလည်း မဲပေးဖြစ်ဖို့ တိုက်တွန်းလှုံ့ဆော်နေတဲ့ စင်ကာပူရောက် မြန်မာတစ်ဦးရဲ့ ခံယူချက်ပါ။
ကိုဗစ်ကာလဖြစ်လို့ နိုင်ငံတကာမှာ လူစုလူဝေးဖြစ်မယ့် ကိစ္စတွေကို ခွင့်မပြုတဲ့ကြားကပဲ စင်ကာပူရောက် မြန်မာလူမျိုးတွေ ကိုယ်ပေးရမယ့် မဲမဆုံးရှုံးစေဖို့အတွက် မဲပေးနိုင်ရေး စင်ကာပူရောက် မြန်မာအဖွဲ့တွေနဲ့ သံရုံးတို့က ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့ စီစဉ်မှုတွေမှာလည်းပါဝင်သူ ကိုယ်တိုင်လည်း မဲပေးခဲ့သူဖြစ်တဲ့ ဒေါ်မေကျော် စိုးညွှန့်က ပြောပါတယ်။
စင်ကာပူမှာဆိုရင် ကိုယ်ပေးရမယ့် မဲတစ်ပြားပေးရဖို့အတွက် သံရုံးမှာကြိုတင်ပြင်ဆင်မှုတွေကို အဆင့်ဆင့် လုပ်ရပါတယ်။ ကြိုတင်မဲပေးဖို့ ကိုယ်နေခဲ့တဲ့ မြို့နယ်ထဲမှာ မဲစာရင်းပါလား အရင်ကြည့်ရပါတယ်။ အဲဒီလို ပါတဲ့အခါ ပုံစံ ၁၅ ဆိုတဲ့ ကိုယ်ရေးအချက်အလက်ကိုဖြည့်ကာ၊ ကြိုတင်မဲပေးဖို့ကို လျှောက်ထားရပါတယ်။
အဲဒီနောက် သံရုံးကထုတ်ပြန်တဲ့ မဲပေးနိုင်သူစာရင်းထဲ ကိုယ့်အမည်ပါမပါကို ကြည့်ပြီးတဲ့အခါကြမှ၊ မဲပေးရမယ့်ရက်မှာ သွားရောက်မဲပေးကြရတာ ဖြစ်ပါတယ်။
နိုင်ငံခြားမှာ ရောက်ရှိနေသူတွေအတွက် အခုလိုအဆင့်တွေကို လုပ်ကြရတာ အလုပ်တစ်ဖက်နဲ့ အခက်အခဲတွေရှိပေမဲ့ ကိုယ့်မဲတစ်ပြား အလကားမဆုံးချင်လို့ လူအများစုက မဲပေးနိုင်ရေး ဒီနှစ်မှာ အများစုကြိုးပမ်း လာကြတယ်လို့ နိုင်ငံပြင်ပရောက် မဲပေးနိုင်ရေးလှုံ့ဆော်သူတွေက ဆိုကြပါတယ်။
"မြန်မာပြည်ကလူတွေကို သိစေချင်တာ၊ ဒီလို ကိုဗစ်ကာလ ခက်ခက်ခဲခဲအချိန်မှာ မဖြစ်ဖြစ်အောင် မဲပေးဖို့ လုပ်ကြ ကြိုးစားကြတာက၊ ကိုယ်နိုင်ငံမှာ ကောင်းတဲ့အစိုးရရှိစေချင်လို့ ဒါကအဓိကပဲ။ နိုင်ငံထဲက လူတွေလည်း ဒါကိုမြင်ရင် ငါတို မဲပေးရမယ့် ငါတို့ကြိုက်တဲ့ အစိုးရကို ရွေးရမယ်ဆိုတဲ့ အသိလေးဖြစ်အောင် လုပ်ပေးချင်တာ" လို့ စင်ကာပူရောက် မြန်မာမဲဆန္ဒရှင်တစ်ဦးဖြစ်တဲ့ ဒေါ်မေကျော်စိုးညွှန့်က ဘီဘီစီကိုပြောပါတယ်။
အလားတူ ကိုဗစ်ကူးစက်မှုတွေကလည်း ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ ပျံနှံ့နေပါတယ်။ ဒါကြောင့် တစ်လလောက်ပဲ လိုတော့တဲ့ နိုဝင်ဘာ ၈ရက်နေ့မှာ ပြုလုပ်မယ့်ရွေးကောက်ပွဲမှာ မဲလာပေးရာက ရောဂါကူးစက်မှုတွေရှိလာမှာကိုလည်း ပြည်တွင်းက မဲဆန္ဒရှင်တွေက စိုးရိမ်ကြတာလည်း ရှိပါတယ်။
အဲဒီလို စိုးရိမ်မှုတွေ ရှိတဲ့အတွက်ကြောင့်လည်း ကိုဗစ်ကာလရွေးကောက်ပွဲ အဆင်ပြေပြေ ကျင်းပနိုင်ဖို့ မဲပေးဖို့ စောင့်ဆိုင်းရာမှာ လူတွေ ပူးကပ်၊ ကျပ်ညပ်စွာမဲပေးတဲ့ အခြေအနေတွေ မရှိအောင်၊ ခပ်ခွာခွာ နေနိုင်ရေး အစရှိတဲ့ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေနဲ့အညီ လုပ်နိုင်ဖို့ ဇာတ်တိုက်လေ့ကျင့်တာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်လုပ်ဆောင်နေပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ အာဏာရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကတော့ မဲပေးတာကလည်း တာဝန်တစ်ခုပဲလို့ ပါတီတွင်း တာဝန်ထမ်းဆောင်နေသူ လူငယ်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောထားပါတယ်။
တာဝန်ဖြစ်သလို၊ အခွင့်အရေးလည်းဖြစ်တဲ့အတွက် တာဝန်ကျေပွန်ဖို့၊ အခွင့်အရေးကို လက်လွတ်မခံဖို့ အတွက် လူငယ်တွေ အပါအဝင် ပြည်သူတွေအနေနဲ့ မဲပေးကြဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အညီ မဲပေးရွေးချယ်ခွင့် ဆိုတဲ့ အခွင့်အရေးကို ပါလီမန် ဒီမိုကရေစီခေတ် နောက်ပိုင်းကစပြီး မြန်မာပြည်သူတွေ ဆုံးရှုံးခဲ့ကြပါတယ်။
ခေတ်အဆက်ဆက်မှာ လွတ်လပ်စွာမဲပေးကာ ကိုယ်ကြိုက်တဲ့အစိုးရတွေကို ကိုယ်မဲက တစ်ဆင့် ရွေးချယ်ခွင့်ကို ဆုံးရှုံးခဲ့ကာ သိပ်မကြာခင်ကာလတွေ အတွင်းကမှ မဲပေးနိုင်တဲ့အခွင့်အရေးကို ပြန်လည် ရရှိတာလို့လည်း အခွင့်အရေးလှုပ်ရှားသူတွေက ဆိုကြပါတယ်။
အဲဒီလို ရရှိဖို့အတွက်ကိုလည်း ဒီမိုကရေစီအရေးတော်လှန်မှုတွေ၊ အာဏာရှင်စနစ် အကြားတော်လှန်မှု တွေက တစ်ဆင့် အခုအချိန်မှာ မဲပေးခွင့်ကို ရကြတာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်း ကပြောပါတယ်။
"အခုလို မဲပေးခွင့်ရဖို့ အစဉ်အဆက်ကြိုးပမ်းခဲ့ကြရတာ။ ဒါကြောင့် အသည်းကြားက မဲတစ်ပြား ဆိုတာထက်၊ သမိုင်းထဲက မဲတစ်ပြားလို့ ပြောလို့ရတယ်။ မဆလခေတ်တုန်းက ဆိုရင်လည်း ရွေးချယ်မှုပဲရှိတယ်။ တစ်ပါတီ ထဲကလူတွေကိုပဲ ရွေးချယ်လို့ရခဲ့ကြတယ်။ နောက်ပိုင်းမှာလည်း မဲပေးခွင့်လေးရှိလာပေမဲ့ ဖိနှိပ်မှုကြားထဲက အများကြီးလုပ်ခဲ့ရတယ်" လို့ ညီမျှခြင်းမြန်မာရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းက မှတ်ချက် ပြုပါတယ်။
ဥရောပနိုင်ငံတွေမှာတော့ မဲပေးရွေးချယ်မှုဆိုတာလွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ကတည်းက စတင်ခဲ့ပေမဲ့လည်း အကန့်အသတ်တွေနဲ့ မဲပေးရတဲ့ အခြေအနေတွေက စတင်ခဲ့ကြရတာပါ။
အမျိုးသားတွေသာ မဲပေးခွင့်ရကြတာ၊ အမျိုးသမီးတွေ မဲပေးခွင့်မရှိတာ၊ ဒါ့အပြင် အခွန်ဆောင်သူတွေသာ မဲပေးပြီး အုပ်ချုပ်သူ လူတန်းစားကို ရွေးချယ်ခွင့်ရှိတာ စတဲ့ ကန့်သတ်မှုတွေက တစ်ဆင့် အခုအခါမှာတော့ နိုင်ငံတကာအလိုက် သတ်မှတ်ချက်တွေနဲ့ ညီညွှတ်တဲ့သူတွေ လွတ်လပ်စွာ မဲပေးနိုင်တဲ့အဆင့်ကို ရောက်လာတာပါ။
"အခုကတော့ လူတွေကပေါ့ပေါ့တန်တန်တွေးကြတယ်။ သိပ် စိတ်ဝင်စားကြတာမျိုး မရှိကြဘူး။ မဲပေးခွင့်ဆိုတာ အခွင့်အရေးလည်း ဖြစ်တယ်၊ တာဝန်လည်း ဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံမှာ ကိုယ်မဲပေးပြီးရွေးမှ အစိုးရ ဆိုတာ ဖြစ်မြောက်တာ ၊ဒါကြောင့် မဲပေးရတာက အရေးကြီးတယ်ဆိုတာကို လူတိုင်းသိဖို့လိုပါတယ်" လို့ Tampadipa Institute က ဒါရိုက်တာ ဦးခင်ဇော်ဝင်းက မှတ်ချက်ပြုပါတယ်။
ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ မြန်မာနိုင်ငံမှာတော့ မဲပေးခွင့်ရှိသူတွေ မဲပေးခွင့်ရတာကြောင့်လည်း အခြား ဒေသတွင်း တစ်ပါတီ အာဏာရှင်နိုင်ငံတွေထက် နိုင်ငံရေးအသာစီးရရှိကြတယ်လို့လည်း ဦးခင်ဇော်ဝင်းက ဆိုပါတယ်။
တရုတ် အပါအဝင် အခြားတစ်ပါတီစနစ်ကျင့်သုံးကြတဲ့ ဗီယက်နမ်၊ လာအိုအစရှိတဲ့ နိုင်ငံမျိုးတွေမှာဆိုရင်တော့ အစိုးရကို ကိုယ့်မဲဆန္ဒက တစ်ဆင့် ဖွဲ့စည်းနိုင်ဖို့ အခွင့်အရေးဖြစ်တဲ့ မဲပေးခြင်းအခွင့်အရေးကို မရကြပါဘူး။
မြန်မာနိုင်ငံက ဒီမိုကရေစီကို ကျင့်သုံးနေတာဖြစ်တဲ့အတွက် ပြည်သူတွေဆီက ဆင်းသက်လာတဲ့ အာဏာကို ကိုယ်စားပြုပြီး နိုင်ငံကို အုပ်ချုပ်စေတဲ့စနစ်ဖြစ်ပါတယ်။ အဲဒီအတွက် ပြည်သူ့အာဏာတွေကို ကိုယ်ကြိုက်တဲ့ ကိုယ့်ကို ကိုယ်စားပြုမယ့် သူထံလွှဲအပ်တဲ့ မဲပေးခြင်းကို ပြည်သူအများစု ကိုယ်တိုင်က ပါဝင်ဆင်နွှဲသင့်တယ်လို့လည်း အားလုံးကယူဆထားကြပါတယ်။
"ကိုယ့်ဆုံးဖြတ်ချက်ကိုပါ ထည့်သွင်း စဉ်းစားဖို့အတွက် လူတိုင်းက လိုလားကြတယ်။ အဲဒီအတွက် လူတိုင်း မဲပေးခြင်းက အရေးကြီးတယ်။ ကိုယ်က ဘယ်သူ့ကို ဖြစ်စေချင်လဲဆိုတာကို လူတိုင်းက ပြောချင်ရွေးချင်ကြတယ်။ ရွေးချယ်ပြီးတော့လည်း အသိအမှတ်ပြုပြီး ကိုယ်ရွေးချယ်လိုက်သူကို ပါဝင်စေချင်တာရှိတယ်" လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
မဲပေးခဲ့ခြင်းကြောင့် ရရှိတဲ့အကျိုးအမြတ် ဆိုရင်တော့ ဒီမိုကရေစီအခွင့်အရေး တစ်ခုကို မဲပေးသူက ရလိုက်တာ ဖြစ်တယ်လို့လည်း ဦးခင်ဇော်ဝင်းက ယူဆပါတယ်။
ကိုယ် ရွေးချယ်လိုက်တဲ့ အစိုးရက တစ်ဆင့် ပြုပြင်ပြောင်းလဲလုပ်မှုတွေကနေ ပြည်သူတွေရဲ့ အကျိုးစီးပွား၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် ဆောင်ရွက်နိုင်မှု၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာနိုင်မှု အစရှိတာတွေက ကိုယ်ဆုံးဖြတ်ခဲ့တဲ့ မဲတစ်ပြားကြောင့်ရရှိလာနိုင်တဲ့ ရေရှည် အကျိုးစီးပွား တွေလို့လည်း အများစုက ယူဆထားကြပါတယ်။
"တရားတယ်၊ မတရားဘူးဆိုတာကို ကျွန်မတို့မြင်နေခဲ့တဲ့တစ်လျှောက်၊ ဥပဒေဘောင်အတွင်းက ကျွန်မတို့ လုပ်နိုင်ခွင့်ရှိတဲ့ ဒီမဲတစ်ပြားနဲ့ ကျွန်မတို့လုပ်ချင်တယ်။ မဲကိုင်ပြီး မဲပေးလိုက်တာ ကိုယ့်အတွက်ကတော့ မကြိုက်တဲ့အစိုးရကို တွန်းလှန်၊ တော်လှန်လိုက်တဲ့သဘောပဲ၊ အရင်ကတော့ လမ်းမထွက်ပြီး တော်လှန်ရတာ၊ အခု လမ်းမထွက်ပြီး တော်လှန်စရာမလိုတော့ဘူး၊ မဲပေးခြင်းဖြင့် ကိုယ်ကြိုက်တဲ့ အုပ်ချုပ်မှု ပုံစံမျိုးကို ရွေးချယ်ခွင့်ရရှိနိုင်တယ်လို့ " စင်ကာပူရောက်ကြိုတင်မဲပေးခဲ့သူ ဒေါ်မေကျော်စိုးညွှန့်က ယူဆထားပါတယ်။
ဒါကြောင့် သူ့လိုပဲ ပြည်တွင်းက မဲဆန္ဒရှင်တွေ အနေနဲ့ကလည်း ရရှိထားတဲ အမြင့်ဆုံး အခွင့်အရေးဖြစ်တဲ့ မဲပေးခွင့်ကို လက်လွှတ် ဆုံးရှုံးမခံပဲ ကိုယ်ကြိုက်တဲ့အစိုးရ ရရှိဖို့အတွက် ဥပဒေနဲ့အညီ မဲပေးကာ တော်လှန်ကြဖို့ လိုအပ်တယ်လို့လည်း သူကတိုက်တွန်းပါတယ်။