နှင်းဆီပါတီ ဥက္ကဋ္ဌရဲ့ ငွေတွေ တရုတ်နယ်စပ်ကနေ တရားမဝင်ငွေလွှဲနဲ့ ဝင်လာတယ်လို့ အစိုးရဖွင့်ချ

နှင်းဆီပါတီ လို့လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် ရဲ့ ဘဏ်ငွေစာရင်းနဲ့ သူနဲ့ဆက်စပ်တဲ့ ဘဏ်ငွေစာရင်း ငွေအဝင်အားလုံးဟာ တရုတ်နယ်စပ်ကနေ ဟွန်ဒီ လို့ခေါ်တဲ့ တရားမဝင် ငွေလွှဲနဲ့ ရောက်လာခဲ့တာ ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အောက်တိုဘာလ ၁၅ ရက်နေ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အဲ့ဒီ တရားမဝင်ငွေလွှဲနဲ့ ဝင်လာတဲ့ငွေတွေဟာ ပြည်တွင်းက ဧရာဝတီဘဏ်၊ ယူနိုက်တက်အမရာ ဘဏ်၊ ကမ္ဘောဇဘဏ်စတဲ့ဘဏ်တွေမှာ ရှိတဲ့ ဦးကျော်မြင့်နဲ့ သူနဲ့ဆက်စပ်တဲ့ သူတွေရဲ့ ငွေစာရင်းတွေကို ရောက်လာခဲ့တာ ဖြစ်ပြီး စုစုပေါင်း ကျပ် ၁၆.၃၁၅ ဘီလျံကျော် ရှိတယ်လို့လည်း သူက ပြောပါတယ်။

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ ဧရာဝတီ နဲ့ ယူနိုက်တက် အမရာဘဏ်တွေက၂၀၁၅ နဲ့ ၂၀၂၀ နှစ် အတွင်း ဘဏ်တိုးရခဲ့တဲ့ ငွေပမာဏဟာ ကျပ် ၁၄. ၈၁၄ ဘီလျံ ရှိထားတယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။

နှင်းဆီပါတီရဲ့ ငွေကြေးပတ်သက်မှုတွေကို သီးသန့်အဖွဲ့နဲ့ စစ်ဆေးနေတယ်လို့ သမ္မတရုံးဘက်က ပြီးခဲ့တဲ့ရက်ပိုင်း ထုတ်ဖော်ပြောကြားထားပြီး ကနဦးတွေ့ရှိချက်တွေမှာတော့ မှတ်ပုံတင် လွဲမှားမှု၊ ပိုင်ဆိုင်မှု ငွေကြေး ကျပ် ၂၃ ဘီလျံကျော်ဟာ တရားဝင် ငွေကြေးဟုတ်၊ မဟုတ်ဆိုတာအပြင် မြန်မာနိုင်ငံအတွင်း ပြန်လာပြီး ရပ်တည်နေထိုင်ခွင့်ရအောင် လုပ်ဆောင်ခဲ့တာတွေကို ဆက်လက် ဖော်ထုတ်နေတယ်လို့လည်း ပြောထားပါတယ်၊

ဒါ့အပြင် ဦးကျော်မြင့်ရဲ့ မြန်မာကျော် ကုမ္ပဏီဟာ တရားမဝင် ချေးငွေလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံခြင်းဆိုပြီး ကုမ္ပဏီက တရားဝင် မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေမှာလည်း လုပ်ကိုင်ခဲ့ခြင်းမရှိဘူးလို့လည်း ဦးဇော်ဌေးကပြောပါတယ်။

"မြန်မာနိုင်ငံအတွင်းကို ကုန်ပစ္စည်းများ တင်သွင်းရောင်းချခြင်းက ရရှိတဲ့ငွေကြေးများဖြစ်တယ်လို့ ကာယကံရှင် (ဦးကျော်မြင့်) က ထွက်ဆိုပေမယ့် တရားဝင် အထောက်အထား တစ်စုံတစ်ရာ စစ်ဆေးမတွေ့ရပါဘူး" ဟု ဦးဇော်ဌေးက ပြောပါတယ်။

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီဟာ ၂၀၁၀ ခုနှစ်မှာ စတင်မှတ်ပုံတင်ခဲ့ပြီး အဲ့ဒီပါတီကို စည်းရုံးရေးလုပ်ငန်းနဲ့ မဲဆွယ်စည်းရုံးရေး ရုံးခန်းဖွင့်လှစ်တာတွေ အတွက် ဦးကျော်မြင့်ရဲ့ မြန်မာကျော် ကုမ္ပဏီက ကျပ် ၁.၄၅ ဘီလျံ ထောက်ပံ့သုံးစွဲတယ်လို့လည်း အစိုးရဘက်က စစ်ဆေးရရှိကြောင်း သူက ဆက်လက် ရှင်းလင်းပါတယ်။

နှင်းဆီပါတီဟာ ၂၀၁၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဒီပဲယင်း၊ သရက်နဲ့ တံတားဦး မြို့နယ်တွေက ၃ နေရာ ဝင်ပြိုင်ခဲ့တာတွေ့ရပါတယ်။ ၁၀နှစ်အကြာ ၂၀၂၀ မှာတော့ အများဆုံးဝင်ပြိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ နှင်းဆီပါတီက ၉ ယောက်ပဲ ကွာပါတော့တယ်။

နှင်းဆီပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးစာရင်းသွင်းခဲ့ပေမဲ့ ကိုယ်စားလှယ်တချို့ ကန့်ကွက်ခံရလို့ ၁၁၃၁ ဦး ဖြစ်ခဲ့တာပါ။

ဒါ့အပြင် ညီညွတ်သော ဒီမိုကရက်တစ်ပါတီလို့ခေါ်တဲ့ နှင်းဆီပါတီ ပါတီဝင်တွေ၊ နှင်းဆီပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ထောက်ပံကြေးပေးခဲ့ပြီး၊တိုင်းဒေသကြီးပြည်နယ်ခရိုင်ပါတီဝင်တွေ တစ်ဦးကို နှစ်သိန်းကိုးသောင်း ကျပ် က နေ သုံးသိန်းကိုးသောင်း ကျပ် ၊ မြို့နယ်ပါတီဝင်တစ်ဦးကို တစ်သိန်းကိုးသောင်း ကျပ်၊ ရပ်ကျေးပါတီဝင်တစ်ဦးကို ကိုးသောင်း ကျပ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း၇၁၆ ဦးကို တစ်ဦးကို ကျပ် သုံးသိန်းစီ နဲ့ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ အားလုံးစုစုပေါင်း ငွေ ကျပ် ၁၂ .၄၃၉ဘီလျံ ရွေးကောက်ပွဲ နဲ့ ပါတီအတွက် ထောက်ပံ့ခဲ့တယ်လို့ ပြောပါတယ်။

ဦးကျော်မြင့်ရဲ့ မြန်မာကျော် ကုမ္ပဏီက နှင်းဆီပါတီအတွက် လှူဒါန်းတာ၊ ထောက်ပံ့တာ ၊လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို အာမခံကြေးထောက်ပံ့ခဲ့တာ စုစုပေါင်း သုံးစွဲခဲ့တဲ့ငွေဟာ ၁၃.၈၉၁ ဘီလျံကျပ် ရှိတယ်လို့လည်း အစိုးရက ပြောပါတယ်။

ဦးကျော်မြင့်ရဲ့ လုပ်ငန်းတွေကို စိစစ်တဲ့အခါမှာလည်း တရားဝင် မှတ်ပုံတင်တာ ၊ အခွန်ဆောင်တာ စတဲ့ လုပ်ငန်းတွေ မတွေ့ရဘဲ၊ ၂ဝ၁၄ ကနေ ၂၀၂၀ အတွင်း တရားဝင် လုပ်ငန်းလုပ်ဆောင်မှုကနေ ရလာတဲ့ ငွေကြေးတွေ မဟုတ်တဲ့အတွက် ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ငွေတွေဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

၂၀၁၄ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၃ အရ ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး၊ ပြစ်မှုကျူးလွန်တဲ့ ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းဖြစ်ပါက ကျပ် သန်း ၅၀၀ ငွေဒဏ်နဲ့ အကျိုးခံစားခံစားခွင့်ရှိသူကို ထောင်ဒဏ် ၇ နှစ် အထိ ချမှတ်ခံရမယ်လို့ ပြဋ္ဌာန်းထား ကြောင်း သတင်းစာရှင်းလင်းပွဲ မှာ ဦးဇော်ဌေးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ငါးနှစ်အတွင်း တိုင်းပြည်မတိုးတက်ရင် ပါတီ ဥက္ကဋ္ဌကို ထောင်ချပါ ဆိုတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ ရဲ့ ၂၀၂၀ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးမှုဟာ ထူးခြားလို့ လူတွေကြားမှာ တဖြည်းဖြည်း လူသိများလာခဲ့ပါတယ်။

ပိုပြီးထူးခြားတာက စက်တင်ဘာ ၂၉ ရက် ညမှာ ပါတီက မဲဆွယ်စည်းရုံးနေသလို ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ တရားခံပြေးအဖြစ် ဖမ်းဆီးခံခဲ့ရတာပါ။

အငြင်းပွားဖွယ်ရာတွေနဲ့ ပြည့်နေတဲ့ လူတစ်ယောက် ဦးဆောင်ပြီး နေ့ချင်းညချင်း ပါတီကြီးတစ်ခုဖြစ်လာတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီဟာ နိုင်ငံရေးစိတ်ဝင်စားသူတွေကြားမှာ စိတ်ဝင်စား စရာဖြစ်လာခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြီးရင် ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးနဲ့ ဒုတိယအများဆုံး ဝင်ပြိုင်မယ့်ပါတီရဲ့ အနာဂတ်ဟာ ခေါင်းဆောင်အဖမ်းခံရပြီးနောက်၊ တရားမဝင် ငွေကြေးတွေနဲ့ ဆက်စပ်တယ်လို့ အစိုးရက ဖော်ထုတ်လိုက်တဲ့ အခါ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကလည်း လူတွေက စိတ်ဝင်တစား ရှိနေကြပါတယ်။

အခုလို ပါတီဝင်တွေကို ထောက်ပံ့ခဲတာ၊ ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ အာမခံကြေးပေးတာတွေဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပုဒ်မနဲ့ ငြိ မငြိဆိုတာကိုစိစစ်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားထားတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။