ကျောက်တော် ရန်ကုန်-စစ်တွေလမ်း တိုက်ခိုက်မှု ရွာမီးလောင်၊ ရွာသားနှစ်ဦး သေဆုံး

နှစ်ရွာပေါင်း နေအိမ် ၁၅၀ ခန့် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, နှစ်ရွာပေါင်း နေအိမ် ၁၅၀ ခန့် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေပြော

ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှုတွေ မြင့်မားနေချိန် ရခိုင်မြောက်ပိုင်း ကျောက်တော်မှာ မနေ့ စက်တင်ဘာ ၃ ရက် ညနေပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ရွာသားနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရွာနှစ်ရွာကို တပ်စစ်ကြောင်းက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ အဲဒီ ဖြစ်စဥ်ဟာ စွပ်စွဲချက်သာ ဖြစ်ပြီး အဲဒီလို လုပ်ဆောင်ခဲ့တာ မရှိဘူးလို့ ဒီကနေ့ စက်တင်ဘာ ၄ ရက် မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ က ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်တွေဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေဟာ ကျောက်တော်မြို့ရဲ့တောင်ဘက် သုံးမိုင်ခန့်အကွာ ရန်ကုန်-စစ်တွေအဝေးပြေး ကားလမ်းမ ပုဏ္ဏားကျွန်း-ကျောက်တော်လမ်းပိုင်းအတွင်းမှာရှိတဲ့ ဘုရားပေါင်းကျေးရွာနဲ့ တောင်ပေါက်ကျေးရွာတွေ ဖြစ်ကြပါတယ်။

သေဆုံးသွားသူနှစ်ဦးဟာ ဘုရားပေါင်းကျေးရွာသားတွေဖြစ်ပြီး အသက် ၃၅ နှစ် နဲ့ ၂၇ နှစ်အရွယ် အမျိုးသားနှစ်ဦး ဖြစ်ပါတယ်။

စက်တင်ဘာ ၃ ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန်မှာ အင်အား ၁၀၀ ကျော်လောက်ပါတဲ့ တပ်မတော်စစ်ကြောင်းတစ်ခုက ဘုရားပေါင်းကျေးရွာအနီးကိုရောက်ရှိလာခဲ့စဉ် ဘုရားပေါင်းကျေးရွာရဲ့မြောက်ဘက် တံတားအနီးမှာ မိုင်းနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲ့ဒီမိုင်းပေါက်ကွဲမှုကြောင့် စစ်ကြောင်းက ရွာထဲကိုဝင်ရောက်လာခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် ရွာသားတွေကို ခေါ်ယူပြီး ကျေးရွာအပြင်ဘက် အဝေးပြေးလမ်းမပေါ်မှာ စုထားပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်၊ ည ၉ နာရီကျော်လောက်မှာ သေဆုံးသူ ကိုဟန်မောင်သိန်းနဲ့ ကိုညွန့်ဝင်းတို့နှစ်ဦးကို ဆက်လက်ခေါ်ထားလိုက်တယ်၊ ပြီးတဲ့နောက်သူတို့ နှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဦးဟန်မောင်သိန်းရဲ့ အဖေဖြစ်သူ ဦးစံထွန်းလှက ပြောပါတယ်။

မီးလောင်မှုကို အဲ့ဒီကျေးရွာတွေရဲ့ မြစ်တစ်ဖက်ကမ်းမှာရှိနေတဲ့ ရွာတွေနဲ့ ကျောက်တော်မြို့ကနေ မြင်ရတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မီးလောင်မှုကို အဲ့ဒီကျေးရွာတွေရဲ့ မြစ်တစ်ဖက်ကမ်းမှာရှိနေတဲ့ ရွာတွေနဲ့ ကျောက်တော်မြို့ကနေ မြင်ရတယ်လို့ဆို

ရွာသားတွေကို ပြန်လွှတ်လိုက်တဲ့အချိန် ည ၁၀ နာရီဝန်းကျင်လောက်မှာ ကျေးရွာက နေအိမ်တချို့ကို စစ်ကြောင်းက စတင်မီးရှို့ခဲ့တယ်၊ နေအိမ် ၈၀ ကျော်လောက် လောင်ကျွမ်းသွားခဲ့ပြီး ရွာသားအများစုက ညတွင်းချင်း ရွာရဲ့အရှေ့ဘက်မှာရှိတဲ့ ကုလားတန်မြစ်ကိုဖြတ်ကူးကာ ထွက်ပြေးခဲ့ပြီး တချို့က နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးရောက်ရှိလာကြတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒါ့အပြင် နောက်ထပ်ကျေးရွာတစ်ရွာဖြစ်တဲ့ တောင်ပေါက်ကျေးရွာကိုလည်း မီးရှို့ခဲ့ပြီး အဲ့ဒီနှစ်ရွာပေါင်း နေအိမ် ၁၅၀ ခန့် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

မီးလောင်မှုကို အဲ့ဒီကျေးရွာတွေရဲ့ မြစ်တစ်ဖက်ကမ်းမှာရှိနေတဲ့ ရွာတွေကနေ မြင်နေရသလို ကျောက်တော်မြို့ပေါ်ကလည်း မြင်တွေ့လိုက်ရတယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဘီဘီစီကို ပြောပါတယ်။

မနေ့က ဖြစ်ခဲ့တဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး "မနေ့က ညနေ ၆ နာရီခွဲ အချိန်လောက်မှာ စစ်တွေ-ကျောက်တော် အပေါက်ဝ ရဲစခန်းမှာ တာဝန်ထမ်းဆောင်မယ့် ရဲတပ်ဖွဲ့ဝင်တွေကို ပို့ဆောင်ပေးနေတဲ့ကားကို အေအေက ရီမုတ်မိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တာရှိတယ်။ လမ်းမပေါ်မှာပဲ ကျောက်တော်ရဲ့တောင်ဘက် မီတာ လေးထောင်လောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ရှိတယ်။

ရဲ နှစ်ယောက် ဒဏ်ရာရရှိသွားတာ ရှိတယ်။ ပို့ဆောင်ပေးပြီး ပြန်အလာမှာလည်း အဲဒီကားတွေကို အဲဒီနေရာပဲ ဆက်လက်တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီမှာ ရန်သူ့အလောင်းနှစ်လောင်းနဲ့ သေနတ်တစ်လက် ရရှိခဲ့တာ ရှိတယ်။ အဲဒီ ဖြစ်စဥ်တစ်ခုပဲရှိပါတယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စက်တင်ဘာ ၃ ရက် တစ်ရက်တည်းမှာ ကျောက်တော်မြို့နယ်အတွင်း ကုလားတန်မြစ်အထက်ပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အလယ်ကျွန်းကျေးရွာမှာ လက်နက်ကြီးကျည်ကျရောက်တဲ့အတွက် ကိုးတန်းနဲ့ဆယ်တန်းအရွယ် ကျောင်းသူနှစ်ဦးတို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်၊ ကျေးရွာသုံးရွာခန့်က ဒေသခံတွေ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးခဲ့ကြရတာတွေရှိနေတယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။

အဲ့ဒီဒဏ်ရာရရှိသူနှစ်ဦးကို ကျောက်တော်ဆေးရုံကို ပို့ဆောင်ထားပြီး ဆေးဝါးကုသမှုတွေ ပြုလုပ်နေရတယ်လို့သိရပါတယ်။

ကျောက်တော်မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူတွေ တွေ့ရှိနေရပြီး အခုရက်ပိုင်းအတွင်း လက်နက်ကြီးပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ကွာရန်တင်းဝင်နေသူတွေ ကြောက်ရွံ့ထွက်ပြေးမှုတစ်ခုလည်း ဖြစ်ပွားခဲ့ပါတယ်။