ဘူးသီးတောင်ကူးစက်မှုဟာ စစ်တွေ အမြန်ရေယာဥ်ပေါ်ကလို့ပြော

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က ပြန်လည်စတင်လာတဲ့ စစ်တွေမြို့က ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ဟာဘူးသီးတောင်မြို့နယ်ကို ရောက်ရှိပျံနှံ့လာပြီဖြစ်ပါတယ်။

ဘူးသီးတောင်မြို့နယ်က အခုရက်ပိုင်းကိုရိုနာဗိုင်းရပ်စ် ထပ်မံ ကူးစက်ခံထားရသူတွေဟာ စစ်တွေကနေ မောင်တော ကိုထွက်လာတဲ့အမြန်ရေယာဥ် ပေါ်ကနေတစ်ဆင့် ကူးစက်ခံရတာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဘီဘီစီကို ပြောပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့ ကကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကထုတ်ပြန်ခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေရှိသူ လူနာ ၂၄ ဦးထဲမှာ ဘူးသီးတောင်မြို့နယ်က ၄ ဦး ပါဝင်နေတာလည်းဖြစ်ပါတယ်။

ရခိုင်မှာ ကိုဗစ်-၁၉ ဒေသတွင်းကူးစက်ခံရသူ တစ်ပတ်ကျော်အတွင်း ၈၀ ကျော်ထိရှိလာနေပြီး မြို့နယ်လေးခုအထိ ပြန့်ပွားနေတာဖြစ်ပါတယ်။ အခုလို ကူးစက်မှုမြန်ဆန်နေတဲ့ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေမှုကို ကျန်းမာရေးနဲ့ သက်ဆိုင်ရာဌာနတွေအနေနဲ့ ဖိဖိစီးစီး မထိန်းချုပ်နိုင်လို့ရှိရင် ရခိုင်ပြည်နယ်အတွက် အလွန်စိုးရိမ်ရတဲ့အခြေအနေရှိ နေတယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ဒေသတွင်းကူးစက်မှု အခြေအနေ ဟာ မြန်ဆန်လွန်းနေပြီး ဒီရောဂါပိုးဟာ မျိုးဗီဇပြောင်းလဲနေတဲ့ ဗိုင်းရပ်စ်ဖြစ်နိုင်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဌာနက အသိပေး ထုတ်ပြန်ထားတာဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ကိုဗစ် ၁၉ ရောဂါပိုး ဒေသတွင်းကူးစက်မှုဖြစ်ပွားနေတဲ့ မြို့နယ် လေးမြို့နယ်အထိရှိလာနေပြီဖြစ်ကာ စစ်တွေ၊ မြောက်ဦး၊ သံတွဲနဲ့ နောက်ဆုံးကူးစက်မှု ဖြစ်ပွားခဲ့တာကတော့ ဘူးသီးတောင်မြို့နယ်ဖြစ်ပါတယ်။

ဘူးသီးတောင်မြို့နယ်က ကူးစက်ခံထားရသူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်တွေမြို့ကနေ အမြန်ရေယာဉ်နဲ့ လိုက်ပါလာခဲ့ကြတာဖြစ်ပြီး အဲ့ဒီအမြန်ရေယာဉ်ပေါ်ပါလာသူ ၈၀ ကျော်ကို ဆေးစစ်ချက်တွေယူပြီး ဓာတ်ခွဲစမ်းသပ်မှုတွေပြုလုပ်ခဲ့ရာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦးတို့မှာ ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

အခုလို ရောဂါပိုးကူးစက်ပျံ့နှံ့မှုတွေ မြန်ဆန်နေတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ကြားထဲ ရောဂါပိုးကူးစက်ခံရမှုတွေကို ဖိဖီစီးစီး မထိန်းချုပ်နိုင်လို့ရှိရင် ရခိုင်ပြည်နယ်အတွက် စိုးရိမ်ရတဲ့အခြေအနေတွေဖြစ်လာနိုင်တယ်လို့ ဦးထွန်းအောင်သိန်းက ပြောပါတယ်။

"အခုဖြစ်တဲ့ကူးစက်မှုက ရန်ကုန်မှာ ကူးစက်တာထက် ပိုပြီးတော့မြန်တယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ အဲ့ဒီအတွက် ကြောင့် ဒါကိုထိန်းချုပ်နိုင်ဖို့အတွက် အလွန် အရေးကြီးပါတယ်။ ကူးစက်မြန်တဲ့ အခြေအနေတွေရှိတဲ့အတွက် ကျန်းမာရေးဌာနက ဒါတွေကို ဖိဖိစီးစီးဆောင်ရွက်သင့်တယ်လို့မြင်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်နေတဲ့ကြားမှာ ကျန်းမာရေးစောင့်ရှောက်ကာကွယ်မှုတွေ မပြုလုပ်ဘူးဆိုရင် ရခိုင်ပြည်နယ်ရဲ့ အခြေအနေအတွက် အလွန် စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ် "လို့ ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ဒါ့အပြင် မြောက်ဦးမြို့နယ်အတွင်းမှာလဲ အလားတူကူးစက်ခံရသူ ၃ ဦးရှိနေပြီး အဲ့ဒီကူးစက်ခံရသူတွေဟာ INGO ဝန်ထမ်းတွေဖြစ်ကြတယ်လို့သိရပါတယ်။

အဲ့ဒီ INGO ဝန်ထမ်းတွေသွားရောက်ခဲ့တဲ့ ဒုက္ခသည်စခန်းတွေနဲ့ကျေးရွာတွေကိုတော့ အသွားအလာကန့်သတ်ထားရှိတယ် လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

အခုလိုကူးစက်မှုတွေဖြစ်ပွားနေရတာဟာ ဒေသခံတွေအနေနဲ့ ပေါ့ဆမှုတွေကြောင့် အကာအကွယ် ပစ္စည်းတွေကို အသုံပြုမှုနည်းပါးခဲ့တဲ့အတွက် အခုလိုကူးစက်မှုတွေ ဖြစ်ပွားလာခဲ့ရတာဖြစ်တယ်လို့ သူကပြောပါတယ်။

"အဲ့ဒီကူးစက်ရောဂါဖြစ်လာတဲ့အပေါ်မှာ ဒေသခံတွေအနေနဲ့လဲ ပေါ့လျော့မှုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဒေသမှာက အဲ့လောက်ထိ ကူးစက်မယ်မထင်ဘူးပေါ့နော်။ ကူးစက်မယ်မထင်လို့ ကာဘာဖြစ်တဲ့ Mask တို့ နောက်ပြီးတော့ လက်အိတ်တို့၊ လက်သန့်ဆေးရည်တို့ အဲ့ဒါတွေကိုလည်း လူတွေက သုံးစွဲမှုကိုမတွေ့ရဘူး။ အဲ့ဒါကြောင့်လဲ တစ်ချက်ပါမယ်လို့ထင်ပါတယ်။"

ရခိုင်ပြည်နယ်အတွင်း ဒေသတွင်းကူးစက်မှုမြင့်မားလာနေပြီး ရောဂါကူးစက်ခံရတွေတွေ့ရှိရတဲ့ မြို့နယ် လေးခုအနက် စစ်တွေ၊ မြောက်ဦးနဲ့ ဘူးသီးတောင်မြို့နေတွေမှာ လူဦးရေသိပ်သည်းစွာနေထိုင်နေကြတဲ့ စစ်ဘေးရှာင်ဒုက္ခသည်ခစန်းတွေလဲ အများအပြားရှိနေတာဖြစ်ပါတယ်။

ရခိုင်မှာ ဒီရောဂါပိုးကူးစက်မှုစတင်ဖြစ်ပွားခဲ့တာဟာ စစ်တွေမြို့မဈေးကြီးကနေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဌာနရဲ့တွေ့ရှိချက်တွေအရ သိရကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သြဂုတ်လ ၂၄ ရက်နေ့ကမိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဩဂုတ်လ ၁၆ ရက်နေ့နောက်ပိုင်း စစ်တွေကနေ တခြား ပြည်နယ်နဲ့တိုင်းဒေသကြီးတွေဆီ ပြန်လာသူတွေ ကျန်းမာရေးဌာနကို သတင်းပေးပိုကြဖို့နဲ့ ရခိုင်ကို ဝင်ထွက်ခွင့်စနစ်တကျကြပ်မတ်ဖို့ လိုက်နာရမယ့်အချက်တွေကို နေပြည်တော်ကောင်စီက ထုတ်ပြန်ထားပါတယ်။