စစ်တွေက ထပ်တိုး ကိုဗစ်လူနာ သုံးဦးမှာ နှစ်ဦးက ဘဏ်ဝန်ထမ်း မိသားစုတွေ ဖြစ်နေ

ခရီးသွားလာခြင်းမရှိတဲ့ စစ်တွေမြို့ခံ၃ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, ခရီးသွားလာခြင်းမရှိတဲ့ စစ်တွေမြို့ခံ၃ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ၃ ယောက် ထပ်စစ်ဆေး တွေ့ရှိခဲ့တယ်လို့ ဩဂုတ် ၁၉ ရက် ဒီကနေ့ မနက် ၈ နာရီမှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ့ပိုးတွေ့လူနာ သုံးဦးထဲမှာ နှစ်ဦးက လူနာနံပါတ် ၃၇၅ နဲ့ဆက်စပ်နေတဲ့ ဘဏ်ဝန်ထမ်း မိသားစုတွေထဲက ဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဘီဘီစီကို အတည်ပြု ပြောပါတယ်။

နောက်တစ်ယောက်ကတော့ စစ်တွေမြို့ခံ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျန်းမာရေး အခြေအနေအရ ကိုဗစ်သံသယ ရှိတဲ့အတွက် စစ်တွေဆေးရုံကြီးမှာ စောင့်ကြည့်ထားတဲ့ လူနာ ဖြစ်တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၆ ရက်နေ့က ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့တဲ့ စစ်တွေမြို့က ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦးဟာ ပြည်ပခရီး သွားခဲ့တာမျိုး မရှိဘဲ ဒေသတွင်း ကူးစက်ခံရတဲ့ ဆေးစစ်ချက် အဖြေ ထွက်လာပြီးတဲ့နောက်မှာ အခုလိုမျိုး ဆက်စပ်သူတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုတွေ ရှိနေတာကို ဆက်လက် တွေ့လာရတာ ဖြစ်ပါတယ်။

စစ်တွေ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, ထပ်တိုးလူနာ သုံးဦးမှာ တစ်ဦးက ကိုဗစ်သံသယ ရှိတဲ့အတွက် စစ်တွေဆေးရုံကြီးမှာ စောင့်ကြည့်ထားတဲ့ လူနာဖြစ်

အစိုးရအဖွဲ့ကတော့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မလိုက်နာရင် အရေးယူ ဆောင်ရွက်ဖို့ ရှိပြီး တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်တွေကို ဘယ်လိုလုပ်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ဒီနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာ အစိုးရအဖွဲ့က အစည်းအဝေး လုပ်နေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ဘီဘီစီကို ပြောပါတယ်။

လူနာနံပါတ် ၃၇၇ ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က စစ်ဆေး တွေ့ရှိခဲ့တဲ့ ဒေသတွင်း ကူးစက်မှုလူနာ နံပါတ် ၃၇၅ နဲ့ ထိတွေ့မှု မရှိကြောင်း သိထားတယ်လို့ ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ စေတနာ့ဝန်ထမ်း ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

အခု ထပ်တွေ့လာရတဲ့ ဒေသတွင်း ကူးစက်ခံရသူဟာ INGO ဝန်ထမ်း တစ်ဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ စစ်တွေမြို့ပေါ်လို နေရာတွေမှာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု ရှိနေပြီ ဖြစ်တဲ့အတွက် စိုးရိမ်ရတဲ့ အနေအထားတော့ ရှိလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် ထွက်လာချိန်မှာ ပိုးကူးစက်သူတွေ နေထိုင်တဲ့ ရပ်ကွက်တွေကိုပဲ သီးခြား လော့ခ်ဒေါင်း လုပ်ဖို့ ရှိသလား၊ တခြား ပိတ်ဆို့ကန့်သတ်မှု ရှိဦးမလား ဆိုတာ သိလာရမှာပါ။

no CAPTION

ဓာတ်ပုံ ရင်းမြစ်, MYINT LWIN

စစ်တွေမြို့ CB ဘဏ်က ဝန်ထမ်း ၂၀ ကျော်ကိုတော့ စစ်တွေဆေးရုံကြီးမှာ ကွာရန်တင်း ထားရှိပြီး ဓာတ်ခွဲ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ရာမှာ ရောဂါပိုး ကူးစက်ခံထားရမှု မရှိဘူးလို့ အဖြေထွက်ခဲ့ပေမဲ့ ဩဂုတ်လ ၁၉ ရက်နေ့မှာတော့ သူတို့ရဲ့ မိသားစုတွေမှာ ရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ခဲ့တာဖြစ်ပါတယ်။

အဲဒီ့မိသားစုဝင်တွေကို သြဂုတ်လ ၁၉ ရက် မနက်ပိုင်းအထိ သူတို့ရဲ့နေအိမ်တွေမှာ အသွားအလာ ကန့်သတ် ထားရှိပြီး စစ်တွေဆေးရုံကြီးကို ပို့ဆောင်ပေးသွားမယ်လို့ ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

"အဲဒီ့လူတွေက ဟိုတစ်နေ့က နမူနာယူတဲ့ ဘဏ်ဝန်ထမ်းတွေရဲ့ မိသားစုတွေ၊ CB ဘဏ်က ဝန်ထမ်းတွေကို ဆေးစစ်ချက် ယူခဲ့တယ်၊ သူတို့က negative ပဲ။ ဒါပေမဲ့ မိသားစုတွေကို စစ်တဲ့အချိန်မှာ Possitive ထွက်လာတာပေါ့။ နှစ်ယောက်က ဘဏ်ဝန်ထမ်းရဲ့ မိသားစု၊ တစ်ယောက်က ရောဂါလက္ခဏာ ရှိလို့ဆိုပြီး စောင့်နေတဲ့ စောင့်ကြည့်လူနာ ဖြစ်တယ်"လို့ ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

ဒါ့အပြင် ဘဏ်ဝန်ထမ်းတွေထဲမှာလည်း ဆေးစစ်ချက်တွေအရ ပိုးမတွေ့သေးပေမဲ့ ပိုးရှိတဲ့လူတွေ ရှိနေနိုင်တဲ့အတွက် လူစုလူဝေးတွေ မလုပ်ကြဖို့၊ တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာမှာ နေကြဖို့၊ မျက်နှာဖုံးတပ်ကြဖို့ စတဲ့ ကာကွယ်မှု လမ်းညွှန်တွေကို လိုက်နာ နေထိုင်ကြဖို့ လိုအပ်နေပြီလို့ ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့က အစည်းအဝေးထိုင်ပြီး တွေ့တဲ့ ရပ်ကွက်တွေပဲ partial lockdown လုပ်မလား ၊ စစ်တွေကို ပိတ်မလား ဆုံးဖြတ်ဖို့ ရှိ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, ပြည်နယ် အစိုးရ အဖွဲ့က အစည်းအဝေးထိုင်ပြီး စစ်တွေမှာ လော့ခ်ဒေါင်း လုပ်မလုပ် ဆုံးဖြတ်ဖို့ ရှိ

စစ်တွေက ပြည်ပခရီး သွားလာခြင်း မရှိဘဲ ကူးစက်ခံရတဲ့ လူနာနံပါတ် ၃၇၅ နဲ့ ပတ်သက် ဆက်နွှယ်မှုတွေ ရှိနေတဲ့ ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့တွေက လူပေါင်း ၁၅၀ ကျော်ရဲ့ တို့ဖတ် နမူနာတွေကို ဓာတ်ခွဲ စမ်းသပ်မှုတွေ ပြုလုပ် စစ်ဆေးခဲ့ရာမှာ ပိုးကူးစက် ခံထားရသူ နောက်ထပ် သုံးဦးကို တွေ့ရှိခဲ့တာပါ။

အဲဒီ့လူပေါင်း ၁၅၀ ကျော်ကိုတော့ သက်ဆိုင်ရာ မြို့နယ်တွေက ကွာရန်တင်း စင်တာတွေနဲ့ နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ထားတာ ဖြစ်တယ်လို့ ကျန်းမာရေးဌာနရဲ့ ပြောပြချက်တွေ အရ သိရပါတယ်။

စစ်တွေမြို့က ကွာရန်တင်း စင်တာတွေမှာ အသွားအလာ ကန့်သတ် ခံထားရသူတွေဟာ လည်း သူတို့ကို ထားရှိတဲ့ နေရာတွေမှာ စုပြုံပြီး နေထိုင်နေကြရတဲ့အပြင် လိုအပ်တဲ့ အကူအညီတွေနဲ့ ရောဂါကာကွယ်မှု လမ်းညွှန်တွေ လုပ်ပေးတာ မရှိဘူးလို့ ကွာရန်တင်း ဝင်နေသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"ကျွန်တော်တို့ကို အိမ်ကနေ ဒိုင်နာကားနဲ့ လာခေါ်တယ်။ ပြီးတော့ ဒီမှာ ထားတယ်။ ကျွန်တော်တို့မှာ ပါလာတာ ၁၇ ယောက်၊ ဆေးကုမ္ပဏီက ဝန်ထမ်း ၂ ယောက်၊ ပြီးတော့ လေယာဉ် အတူစီးလာတဲ့လူ ၆ ယောက်လောက်၊ စုစုပေါင်း ၂၀ ကျော်လောက်ပဲ ရှိမယ် ထင်တယ်။ လေးယောက် နေတာရှိတယ်။ ရှစ်ယောက် နေတာရှိတယ်၊ အကုန်လုံး စုပြီး နေရတာပေါ့၊ ဟောခန်းတစ်ခုတည်းမှာ ခုတင် ၆ လုံး၊ ၈ လုံး အဲ့လိုမျိုး နေနေကြရပါတယ်။ စိုးရိမ်ရပါတယ်"လို့ ကွာရန်တင်း ဝင်နေသူတစ်ဦးက ပြောပြပါတယ်။

ကွာရန်တင်း ဝင်နေရသူတွေဟာ ကိုယ့်အိမ်က ပို့တဲ့ထမင်းကိုပဲ စားနေကြရပြီး ဘာအထောက်အကူမှ မရကြသလို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကလည်း လာရောက် ကြည့်ရှုတာတွေ၊ ကျန်းမာရေး အသိပညာပေးတာတွေ မရှိဘူးလို့ ဆိုပါတယ်။

လူနာနံပါတ် ၃၇၅ နဲ့ဆက်စပ်နေတဲ့ ဘဏ်ဝန်ထမ်းမိသားစုတွေထဲကဖြစ်

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, လူနာနံပါတ် ၃၇၅ နဲ့ ဆက်စပ်နေတဲ့ ဘဏ်ဝန်ထမ်း မိသားစုတွေထဲက ဖြစ်

အခုလို ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ကူးစက်ခံရသူတွေ ရှိလာနေတဲ့အတွက် လူတွေအနေနဲ့ အသွားအလာ ဆင်ခြင်ကြဖို့ လိုအပ်လာပြီး စိုးရိမ်ရတဲ့ အခြေအနေတွေလည်း ရောက်လာနိုင်တယ်လို့ စစ်တွေမြို့ခံ တစ်ဦးက ပြောပါတယ်။

"တစ်နေ့က သတင်းနဲ့ ဒီကနေ့မနက် ထုတ်ပြန်တဲ့ သတင်းအရ ဆိုရင်တော့ ကိုဗစ် ဒုတိယလှိုင်းဟာ စစ်တွေမြို့ကနေ စနေပြီလားလို့ ဆိုလို့ရတယ်။ ဒီတော့ ဒါကို ကာကွယ်ဖို့ အတွက် တာဝန်ရှိတဲ့သူတွေရော လူထုတွေရော သတိထားဖို့ အရေးကြီးတယ်။ ပေါ့ပေါ့ဆဆ နေလို့တော့ မရတော့ဘူး။ နောက်တစ်ချက်က အစိုးရအနေနဲ့လည်း လူစုလူဝေး ဖြစ်တဲ့ နေရာတွေကို တားသင့်တယ်လို့ စစ်တွေမြို့က လူမှုကူညီရေး လုပ်ငန်း ဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

ကိုဗစ် ၁၉ ရောဂါဖြစ်ပွားစ အချိန်က လူတွေ သတိထား ဆင်ခြင် နေထိုင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ လူတွေ နေထိုင်မှုက ပေါ့လျော့လာကြတဲ့အတွက် အခုလို ကူးစက်မှု ဖြစ်ပွားလာတာလို့ ထောက်ပြ ပြောဆိုနေကြပါတယ်။

လက်ရှိမှာ လူနာနံပါတ် ၃၇၅ နဲ့ နောက်ဆက်တွဲ ထိတွေ့ခဲ့သူတွေထဲမှာ စစ်တွေမြို့က INGO ဝန်ထမ်းတွေလည်း ပါဝင်နေပြီး နေအိမ်ကွာရန်တင်း ဝင်နေကြရတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

စစ်တွေမြို့ပေါ်မှာ လက်ရှိ ကိုဗစ် ၁၉ ပိုးကူးစက်ခံထားရကြောင်း ဆေးစစ်ချက် အဖြေ ထွက်ရှိသူ တစ်ပတ်အတွင်းမှာ ၃ ယောက်အထိ ရှိလာနေပြီဖြစ်ပြီး ရခိုင် တစ်ပြည်နယ်လုံး မှာတော့ ပိုးကူးစက် ခံရသူပေါင်း ၂၀ ဦးအနက် ပြည်တွင်း ကူးစက်ခံရသူ ၆ ဦးအထိ မြင့်တက်လာနေတာ ဖြစ်ပါတယ်။