ကိုဗစ်-၁၉-ကျောင်းတွေကိုလာမယ့်ဆောင်းရာသီပြန်ဖွင့်သင့်တယ်လို့ ထရမ့်ပြော

ဓာတ်ပုံ ရင်းမြစ်, Drew Angerer
ကိုဗစ်ကာကွယ်ဆေး ရှိရှိမရှိရှိ အမေရိကန်ကို ပုံမှန်ပြန်လည်ပတ်မယ်လို့ သမ္မတ ထရမ့်ကပြောပါတယ်။
ထရမ့်က ကိုဗစ်ကာကွယ်ဆေးကို ဒီနှစ်အတွင်း ရလာနိုင်မယ်လို့ ပြောကြားတာတွေရှိနေပြီး ဒီအပေါ်မှာ ကျန်းမာရေးပညာရှင်တွေကတော့ သံသယဝင်နေပါတယ်။
ဒါပေမဲ့ ထရမ့်ကတော့ ကာကွယ်ဆေးမရှိလည်း အမေရိကန်တွေအနေနဲ့ ပုံမှန်ဘဝကို ပြန်ရောက်ဖို့ စတင်ရမယ်လို့ ဆိုပါတယ်။
"ဒါက ကာကွယ်ဆေးပေါ်မှာပဲ အကုန်လုံး မူတည်နေတယ်ဆိုတာမျိုး လူတွေ စဉ်းစားမနေစေချင်ဘူး။ ကာကွယ်ဆေးရှိရှိမရှိရှိ ကျွန်တော်တို့ကတော့ ပြန်လာပြီ။ ပြီးတော့ လုပ်စရာရှိတာတွေလည်း စလုပ်နေပြီ"လို့ ထရမ့်က မနေ့က ပြုလုပ်တဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်ဖို့ အစီအစဉ်တစ်ရပ်ကို ထရမ့်က အဲဒီသတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာပါ။
Operation Wrap Speed လို့ အမည်ပေးထားတဲ့ အဲဒီစီမံကိန်းက ကာကွယ်ဆေးရှာဖွေပြီး အမြန်ဆုံးထုတ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
များသောအားဖြင့် ဗိုင်းရပ်စ် ဒါမှမဟုတ် တုပ်ကွေးရောဂါတွေ ဖြစ်လာတဲ့အခါ ကာကွယ်ဆေးမရှိပေမယ့် ဒါကို ကျော်လွှားဖြတ်သန်းနေရတာပဲလို့ သူကဆက်ပြောပါတယ်။ တချို့ဆို ကာကွယ်ဆေး ဘယ်တော့မှ မရှိတဲ့အခြေအနေအမျိုးတောင် ရှိတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Noam Galai
"ကျောင်းတွေကို ဆောင်းဦးရာသီမှာ ပြန်ဖွင့်သင့်တယ်လို့ ထင်တယ်"လို့ သမ္မတထရမ့်က ဆက်ပြောပါတယ်။
အိမ်ဖြူတော်က ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ဝင် ထိပ်တန်းဆေးပညာရှင်ဒေါက်တာ အန်တိုနီဖော်စီကတော့ ကျောင်းတွေ လာမယ့်ဆောင်းဦးရာသီမှာ ပြန်ဖွင့်ဖို့က အလှမ်းဝေးလွန်းနေသေးတယ်လို့ ဒီသီတင်းပတ်အစောပိုင်းတုန်းက ဆီးနိတ်မှာ ပြောကြားထားပါတယ်။
ကိုဗစ်ကာကွယ်ဆေး ထုတ်ဖို့ဆိုတာ အနည်းဆုံး တစ်နှစ်လောက်ကြမယ်လို့ ဒေါက်တာဖော်စီနဲ့ ဆေးပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ တစ်သန်းလေးသောင်းကျော်နဲ့ သေဆုံးသူ ရှစ်သောင်းရှစ်ထောင်ကျော်ရှိပါတယ်။ ရောဂါကင်းစင်ပြီးပြန်ကောင်း လာသူက သုံးသိန်းကျော်ရှိနေပါတယ်။
အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအများဆုံးနဲ့ သေဆုံးသူအများဆုံးထိပ်တန်းနိုင်ငံလည်းဖြစ်ပါတယ်။
ကာကွယ်ဆေး မပေါ်သေးပေမယ့်လည်း ကျောင်းတွေပြန်ဖွင့်မှရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောကြားထားပါတယ်။
အဲဒီလိုပြောကြားပြီးနောက်ရက်မှာ မြန်မာနိုင်ငံက အခြေခံပညာစာသင်ကျောင်းတွေကို ဇူလိုင်လမှာဖွင့်ဖို့ ပြင်ဆင်နေတဲ့သတင်းတွေထွက်ပေါ်လာပြီး စာသင်ကျောင်းတွေမှာ ကိုဗစ်ကာကွယ်ရေးအစီအမံတွေ မပြည့်စုံမှာကို စိုးရိမ်ပူပန်တဲ့ ကျောင်းသားမိဘတချို့ရဲ့ ဝေဖန်မှုတွေလည်း ရှိထားပါတယ်။
မြန်မာမှာတော့ ကိုဗစ်အတည်ပြုလူနာက မေ ၁၆ ထိ ၁၈၂ ဦးနဲ့ ပြန်လည်ကျန်းမာလာသူက ၈၉ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိနေပါတယ်။








