အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး လိမ်ပြောတယ်လို့ တရုတ် ဝေဖန်

ဝူဟန်မှာရှိတဲ့ ဓာတ်ခွဲခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, AFP / Getty

ဓာတ်ပုံ ပုံစာ, ဝူဟန်မှာရှိတဲ့ ဓာတ်ခွဲခန်းတစ်ခု

ကိုရိုနာ ဗိုင်းရပ်စ် ဟာ ဝူဟန်မှာရှိတဲ့ ဓာတ်ခွဲခန်းတစ်ခုက စတင်ခဲ့တဲ့ သက်သေ ခိုင်ခိုင်လုံလုံ ရထားတယ်ဆိုတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယို ရဲ့ ပြောဆိုမှုဟာ အလိမ်အညာတွေသာ ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဋ္ဌာနက တုံ့ပြန်လိုက်ပါတယ်

မေလ ၃ ရက်နေ့မှာ ဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ သူ့ရဲ့ မှတ်ချက် စကားကို မစ္စတာ ပွန်ပီယိုဟာ ပြောဆိုခဲ့ပြီး၊ အသေးစိတ် အချက်အလက် တွေကိုတော့ ထည့်သွင်း ပြောဆိုတာ မရှိခဲ့ပါဘူး။

တရုတ် သတင်းဋ္ဌာန တစ်ခု ဖြစ်တဲ့ ဂလိုဘယ်တိုင်းမ် သတင်းစာက အယ်ဒီတာ အာဘော်မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟာ ကိုယ်ကျင့်တရား မရှိသူလို့ ရေးသား ခဲ့ပါတယ်။

အမေရိကန်ရဲ့ ပြောဆိုမှုတွေဟာ ထင်မြင်ချက်တွေသာ ဖြစ်ပြီး၊ တိကျတဲ့ သက်သေတွေ မရှိဘူး လို့လည်း ကမ္ဘာ့ကျန်းမာ‌ရေး အဖွဲ့ကြီး WHO ဘက်က ဆိုပါတယ်။

တရုတ် သတင်း ဌာနဘက် က ဘာပြောလဲ။

တရုတ် သတင်းဋ္ဌာနရဲ့ အယ်ဒီတာ့ အာဘော်ဆိုတာ အမြဲတမ်း တရုတ် အစိုးရရဲ့ အတွေးအမြင် တွေကို ဖော်ပြလေ့ ရှိတာပါ။ လက်တလော အချိန်အထိတော့ မိုက် ပွန်ပီယိုရဲ့ ပြောဆိုမှု ကို တရုတ် အစိုးရ ဘက်က တရားဝင် ပြန်လည် တုံ့ပြန်တာမျိုးတော့ မရှိသေးပါဘူး။

မေလ ၅ရက်နေ့ မတိုင်ခင် မေလ ၄ရက် တနင်္လာနေ့တုန်းကလည်း မစ္စတာ ပွန်ပီယို ရဲ့ သီအိုရီတွေဟာ အဓိပ္ပာယ် မရှိတဲ့ အကြောင်းနဲ့ လုပ်ကြံပြောဆိုတဲ့ အချက်အလက်တွေသာ ဖြစ်တယ်လို့လည်း ဂလိုဘယ် တိုင်းမ် သတင်းစာ က ဖော်ပြ ခဲ့ပါသေးတယ်။

မစ္စတာ ပွန်ပီယိုဟာ သမ္မတ ထရမ့် ရွေးကောက်ပွဲ ပြန်လည် အနိုင်ရရေး လုပ်ဆောင်နေပြီး တရုတ် ဆိုရှယ်လစ် စနစ်ကို မုန်းတီးသူ တစ်ယောက် ဖြစ်တာကြောင့် အခုလို ပြောဆိုမှုဟာ ‘’ခဲတစ်လုံး နဲ့ ငှက်နှစ်ကောင်ကို သတ်တဲ့’’ ပြောဆိုမှုလို့ ဂလိုဘယ်တိုင်းမ် က ရေးပါတယ်။

ဗီဒီယို ပုံစာ, "The Chinese Communist Party has refused to co-operate with world health experts" - Mike Pompeo

ဒါပေမယ့် တရုတ် ရဲ့ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကနဦး တန်ပြန်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အပြစ်အနာ အဆာ ရှိခဲ့တယ်လို့ ဂလိုဘယ်တိုင်းမ် က ဖော်ပြခဲ့ပေမယ့် ထိန်းချုပ်ရေး လုပ်ဆောင်ချက် ကောင်းလို့ ဒီကိစ္စကို ပြေလည်စေခဲ့တယ်လို့လည်း ဆိုပါတယ်။

ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံကနေ စတင်ပြီး လူတွေဆီကို ကူးစက် သွားခဲ့တယ် ဆိုတဲ့ အချက်ကတော့ ဖြစ်နိုင်တယ်ဆိုပြီးတော့လည်း ဂလိုဘယ်တိုင်းမ် ဘက်က ရေးသားခဲ့ပါတယ်။

အခုလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဆီကို ဦးတည်ပြီး တုံ့ပြန်ချက်တွေကို ရေးသား ခဲ့တာ ကတော့ ဂလိုဘယ် တိုင်းမ် သတင်းစာ တစ်ခုတည်းတော့ မဟုတ်ပါဘူး။

ပြည်သူ့ နေ့စဥ် သတင်းစာ ကလည်း မိုက် ပွန်ပီယိုမှာ သက်သေ မရှိဘဲ ပြောဆိုတဲ့ လုပ်ရပ်လို့ ပြောခဲ့သလို၊ စီစီတီဗီ သတင်းဌာနကလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ယုတ်မာတဲ့ လုပ်ရပ် ဆိုပြီးဖော်ပြခဲ့ပါတယ်။

မိုက်ပွန်ပီယို ဘာပြောခဲ့တာလဲ။

ကိုရိုနာ ဗိုင်းရပ်စ်ဟာ ဝူဟန်မှာ ရှိတဲ့ ရောဂါ ပိုးမွှား လေ့လာရေး ဋ္ဌာနကနေ ပေါ်ထွက် လာတာ ဆိုတဲ့ ခိုင်မာတဲ့ သက်သေတွေ ရှိခဲ့ကြောင်း မစ္စတာ ပွန်ပီယို က တနင်္ဂနွေနေ့မှာ အမေရိကန် အေဘီစီ သတင်းဌာနဲ့ မေးမြန်းခန်းမှာ ပြောဆို ခဲ့တာဖြစ်ပါတယ်။

အဲဒီ မေးမြန်းခန်းမှာတော့ ‘’တရုတ်က စံချိန်မမီတဲ့ ဓာတ်ခွဲခန်းတွေကြောင့် ကမ္ဘာကြီးဟာ ပိုးမွှား ကူးစက်ခံရတဲ့ သမိုင်းကြောင်းတွေ ရှိတာကို အမှတ်ရပါ။’’ လို့ မစ္စတာ ပွန်ပီယို က ဆိုခဲ့ပါတယ်။

ဒီဗိုင်းရပ်စ် ဟာ လူလုပ် ဗိုင်းရပ်စ် ဒါမှမဟုတ် မျိုးဗီဇ ပြောင်းလဲ ထားတာ လိုတော့ သူ့အနေနဲ့ မထင်မိကြောင်း စီအိုင်အေ ထောက်လှမ်းရေး အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဖြစ်ခဲ့ဖူးသူ မစ္စတာ ပွန်ပီယိုဟာ ပြောခဲ့ပါသေးတယ်။

ဝူဟန် ဓာတ်ခွဲခန်းဟာ လင်းနို့တွေမှာရှိတဲ့ ကိုရိုနာ ဗိုင်းရပ်စ် အကြောင်းကို လေ့လာမှုတွေ လုပ်နေတာပါ။ ဒီဓာတ်ခွဲခန်း က လုံခြုံရေး လျော့ရဲမှုကြောင့် လက်ထောက် တစ်ဦးနဲ့ သူ့ရဲ့ ချစ်သူ အမျိုးသား တို့ ကူးစက်မှု ခံခဲ့ရတယ် ဆိုတဲ့ သတင်းတွေကို ဧပြီလမှာတုန်းက သမ္မတ ထရမ့် ကမေးခွန်း ထုတ်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး ထရမ့် အနေနဲ့ သက်သေတွေရှိသလား လို့ သတင်းဋ္ဌာနတွေက ဝိုင်းမေးကြပါတယ်။

ဒီမေးခွန်းတွေကိုတော့ သူက ဟုတ်ပါတယ်။ သူ့မှာ ရှိပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အသေးစိတ်ကို တော့ ထုတ်မပြော နိုင်ပါဘူး လို့ ဆိုခဲ့ပြန်ပါတယ်။

အဆိုပါ ဓာတ်ခွဲခန်းကို အမေရိကန် တာဝန်ရှိသူ တစ်ဦး သွားလေ့လာခဲ့ဖူးပြီး ဘေးကင်းရေးနဲ့ ပတ်သက်လို့ အစိုးရကို တင်ပြခဲ့ဖူးတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာ က ပြီးခဲ့တဲ့ လက ရေးခဲ့ဖူးတာ ရှိပါတယ်။

ကျွမ်းကျင်သူတွေက ဘာပြောလဲ။

ဗိုင်းရပ်စ် စတင်ခဲ့ရာ နေရာ နဲ့ ပတ်သက်လို့ အမေရိကန် က အချက်အလက် ဒါမှမဟုတ် သက်သေ အထောက်အထား ရရှိထားတာ မရှိဘူးလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO ရဲ့ အရေးပေါ် ဋ္ဌာန ညွှန်ကြားရေးမှူး မိုက်ကယ် ရိုင်ယန် က တနင်္လာနေ့မှာ ပြောဆိုပါတယ်။

ဒါကြောင့် သူ့တို့ဘက်က အမြင်မှာတော့ ဒီလို ပြောဆိုမှုတွေဟာ ထင်မြင်ချက်တွေဟာ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ တပတ်တုန်းကလည်း ဒီဗိုင်းရပ်စ်ဟာ လူလုပ်ဗိုင်းရပ်စ် သို့မဟုတ် မျိုးဗီဇကို ပြုပြင်ထားတာ မဟုတ်ဘူးလို့ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ထုတ်ပြောထားတာ ရှိပါတယ်။

ဒါပေမယ့် တရိစ္ဆာန်ဆီက တဆင့်ကူးစက်တာလား၊ ဓာတ်ခွဲခန်း မတော်တဆကြောင့် ပျံ့နှံ့သွားတာ လားဆိုတာကိုတော့ ဆက်လက် စုံစမ်း မယ်လို့ ဆိုထားပါတယ်။

ဗိုင်းရပ်စ်ဟာ တောရိုင်း တိရစ္ဆာန် ရောင်းချတဲ့ စျေးကနေ ပျံ့နှံ့တာ ဖြစ်နိုင်တယ် ဆိုတဲ့ အချက်ကိုတော့ သြစတြေးလျ ဝန်ကြီးချုပ် စကော့ မောရစ်က အင်္ဂါနေ့မှာ ထုတ်ပြောပါတယ်။ ဒါပေမယ့်သူ့အနေနဲ့ ဓာတ်ခွဲခန်း ကနေ ပျံ့နှံ့တယ်ဆိုတဲ့ အယူအဆ ကိုလည်း ဖယ်ထုတ်လိုက်ဖို့ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒီစွပ်စွဲချက်တွေအပေါ်မှာ သေချာတဲ့ လေ့လာမှုတွေ၊ လွတ်လပ်တဲ့ အဖွဲ့အစည်း တွေရဲ့ ပွင့်လင်း မြင်သာတဲ့ သုံးသပ်မှုတွေလုပ်နိုင်မှသာ ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ သင်ခန်းစာ ယူနိင်မယ်လို့ ထုတ်ပြောပါတယ်။

အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေး အဖွဲ့ အတော်များများ ကတော့ ဒီဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်း ကနေ ပေါ်ထွက်လာတယ်ဆိုတဲ့ အထောက်အထားတွေ မရှိဘူးလို့ သတင်းဋ္ဌာနတွေကို ပြောဆိုထားကြပါတယ်။