ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ်- မြန်မာမှာ ကိုဗစ်-၁၉ အုပ်စုလိုက် ကူးစက်မှုတွေ ဘယ်လိုစဖြစ်ခဲ့တာလဲ
မြန်မာမှာ မေလ ၁၁ ရက် ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈၀ ရှိပါပြီ။ အဲဒီထဲက ထက်ဝက်ကျော်ဟာ အုပ်စုလိုက်ကူးစက်မှု တွေဖြစ်ပါတယ်။
အထင်ရှားဆုံးနဲ့ ကူးစက်မှုအများဆုံး ဖြစ်စဉ်ကတော့ ဘာသာရေးပွဲတစ်ခုက အစပြုပါတယ်။
အဲဒီဘာသာရေးပွဲကတစ်ဆင့် တိုက်ရိုက်နဲ့တစ်ဆင့်ခံကူးစက်သူဟာ မေလ ၁၁ ရက်အထိဆို ၇၀ ကျော် သွားပါပြီ။
ဒီဘာသာရေးပွဲတက်ရောက်ခဲ့သူတချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကို သိခဲ့ရတဲ့နောက် အာဏာပိုင်တွေက သူတို့နဲ့ ထိတွေ့သူတွေကို နောက်ကြောင်းပြန်ခြေရာခံ ဖော်ထုတ်ရာကနေ တစ်နေ့တည်း ပိုးတွေ့လူနာဟာ ၂၁ ဦးထိ စံချိန်တင်တွေ့ခဲ့ရပါတယ်။
ဘာသာရေးပွဲကို ဘယ်လိုကျင်းပခဲ့ကြလဲ
အစိုးရက ဘာသာရေးအခမ်းအနားလို့ ထုတ်ပြန်ခဲ့တဲ့အဲဒီ ဝတ်ပြုဆုတောင်းပွဲကို ရန်ကုန်မြို့၊ ၈ မိုင်က ညီအစ်ကိုတော်များအသင်းတော် ခြံဝင်းထဲက အဆောက်အဦတစ်ခုမှာ မတ် ၁၆ ရက်ကနေ ဧပြီ ၆ ရက်ထိ ကျင်းပခဲ့တာပါ။
မူလက လူထောင်ကျော်နဲ့ ကျင်းပဖို့ စီစဉ်ထားပေမယ့် မတ် ၁၃ မှာ အစိုးရက လူစုလူဝေးမလုပ်ဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အတွက် လူ ၂၀ လောက်နဲ့အကျဉ်းချုံး ကျင်းပခဲ့ပါတယ်။
ဒီပွဲကို တရားဟောဆရာ ဒေးဗစ်လားနဲ့ တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့က ဦးဆောင်ကျင်းပခဲ့တာလို့ မရမ်းကုန်းမြို့မရဲစခန်းရဲ့ ပထမသတင်းပေးတိုင်ချက်မှာ ဖော်ပြထားပါတယ်။
အကျဉ်းချုံးကျင်းပတာဖြစ်လို့ တစ်ကမ္ဘာလုံးက ဘာသာဝင်တွေ ကြည့်နိုင်ဖို့ လူမှုကွန်ရက်ကနေ live ပြန်လွှင့်ခဲ့ပါတယ်။
ဒီဝတ်ပြုဆုတောင်းပွဲကို ရန်ကုန်မှာ ပုံမှန်လာတတ်တဲ့သူရှိသလို ရက်ခြားသွားတဲ့သူတွေလည်း ရှိခဲ့ပါတယ်။
ဘယ်လိုစတင်ကူးစက်ခဲ့တာလဲ
အစိုးရထုတ်ပြန်ချက်အရ ဒီဘာသာရေးပွဲကိုတက်ခဲ့တဲ့ လူနာနံပါတ် ၂၄ ကနေ အုပ်စုလိုက် ကူးစက်မှုတွေစတင်တယ်လို့ ဆိုပါတယ်။
ဒီတော့ လူနာ နံပါတ် ၂၄ က ဘယ်သူပါလဲ။
သူဟာ အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်ပြီး စင်ကာပူမှာ အလုပ်လုပ်ကိုင်သူဖြစ်ပါတယ်။
မရမ်းကုန်းမှာနေထိုင်ပြီး မတ် ၁၉ မှာ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။
ဧပြီ ၁ ရက်မှာ စတင်ဖျားနာလာပေမယ့် ဆေးရုံဆေးခန်းမသွားဘဲ သက်သာခဲ့ပါတယ်။
ဧပြီ ၆ ရက်မှာ လည်ချောင်းနာချောင်းဆိုးတာကြောင့် ဧပြီ ၈ ရက်မှာ မရမ်းကုန်းဒေသန္တရကျန်းမာရေးဌာနကို သွားရောက်ပြသပါတယ်။
အဲဒီကနေ မြောက်ဥက္ကလာပဆေးရုံကြီးကို သံသယလူနာအဖြစ် ညွှန်းပို့ခဲ့ပြီးတဲ့နောက် ဧပြီ ၁၀ မှာ အတည်ပြုလူနာဖြစ်လာပါတယ်။
သူ့ကို အတည်ပြုလူနာအဖြစ် ထုတ်ပြန်စဉ်က ဘာသာရေးအခမ်းအနားနဲ့ပတ်သက်တာမပါခဲ့ပါဘူး။
ဒါပေမဲ့ ဧပြီ ၁၃ ရက်မှာ အတည်ပြုလူနာတချို့ကို ထုတ်ပြန်တဲ့အခါ လူနာနံပါတ် ၂၄ ဟာ ဘာသာရေး အခမ်းအနားတက်ခဲ့တဲ့ရာဇဝင်ရှိတယ်လို့ စတင်ဖော်ပြလာပါတယ်။
အဲဒီနောက်ပိုင်း အစိုးရအစရင်ခံစာတွေမှာ သူ့ကို မူတည်ပြီး ကူးစက်သူတွေကို စတင်ဖော်ပြလာပါတယ်။
သူကနေ တိုက်ရိုက်နဲ့ တစ်ဆင့်ခံ ကူးစက်သူတွေကိ ၈ မိုင်နဲ့ အင်းစိန်အုပ်စုလို့ ခွဲခြားဖော်ပြခဲ့ပါတယ်။
၈ မိုင်အုပ်စု
၈ မိုင်အုပ်စုအောက်မှာတော့ ဘာသာရေးပွဲ တက်ရောက်ခဲ့သူတွေ အများစုပါဝင်ပြီး အဲဒီထဲကနေ ထပ်ဆင့် ကူးစက်ခံရသူတချို့ရှိခဲ့ပါတယ်။
လူနာနံပါတ် ၂၄ ကနေ တိုက်ရိုက် ကူးစက်ခံရသူတွေထဲမှာ အထင်ရှားဆုံးက လူနာနံပါတ် ၄၂ ကနေ ၅၂ ထိ ၁၁ ဦးအုပ်စုဖြစ်ပါတယ်။ ဒီထဲမှာ အဆိုတော်မျိုးကြီး၊ အင်ပါယာတီးဝိုင်းရဲ့ နာမည်ကျော်ဒရမ်းတီးခတ်သူဟောင်း ဝေထွန်းနဲ့ တရားဟောဆရာဒေးဗစ်လားတို့ လို လူသိများသူတချို့ပါဝင်နေတာပါ။ ဒါ့အပြင် လူနာနံပါတ် ၈၄ ဖြစ်တဲ့ အဆိုတော် နီတာဟာလည်း ၂၄ကနေ တိုက်ရိုက်ကူးစက်ခံရသူဖြစ်ပါတယ်။
ဒီလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့အထဲက အဆိုတော် ဇော်ဝင်းထွဋ်၊ ဟစ်ဟော့ပ်အဆိုတော်ဂျေမီ၊ သရုပ်ဆောင်သီရိရှင်းသန့်တို့လည်း အသွားအလာကန့်သတ်စောင့်ကြည့်ခံယူခဲ့ပြီး သူတို့အားလုံးမှာတော့ ရောဂါပိုးမရှိအဖြေထွက်ခဲ့ပါတယ်။
မေလ ၁ ရက်နေ့ အစိုးရရဲ့ အစီရင်ခံစာပေါ်မူတည်ပြီး ဘီဘီစီက ရေးဆွဲထားတဲ့ ကူးစက်မှုပြဇယားမှာဆိုရင် ၈ မိုင်အုပ်စုဘက်မှာ လူနာနံပါတ် ၂၄ ကနေ တိုက်ရိုက်နဲ့ တစ်ဆင့်ခံကူးစက်သူပေါင်း ၅၀ ဦးထိရှိနေပါတယ်။
သေဆုံးသူက နှစ်ဦးရှိပြီး လူနာနံပါတ် ၈၆ နဲ့ ၁၁၀ ဖြစ်ပါတယ်။ လူနာနံပါတ် ၈၆ ဟာ လူနာနံပါတ် ၁၀၅ ရဲ့ ခင်ပွန်းဖြစ်ပြီး သူ့မှာ သွေးတိုးနဲ့ ဆီးချို ရောဂါအခံတွေရှိထားတယ်လို့ ဆိုပါတယ်။
လူနာနံပါတ် ၁၁၀ ကတော့ ဘာသာရေးပွဲကို တက်ရောက်ခဲ့တာမရှိပေမယ့် အတူနေမိသားစုဝင်ဟာ ဘာသာရေးပွဲကို တက်ရောက်ထားသူဖြစ်ပြီး သူကနေ တစ်ဆင့် ထိတွေ့ကူးစက်ခံရတာဖြစ်ပါတယ်။ သူ့မှာလည်း သွေးတိုး၊ ဆီးချိုနဲ့ ကျောက်ကပ်လို ရောဂါအခံတွေရှိပြီး သေဆုံးရတဲ့အကြောင်းက ရုတ်တရက် အသက်ရှူလမ်းကြောင်းပြင်းထန်တဲ့ဝေဒနာကြောင့်လို့ ဆိုပါတယ်။
၈ မိုင်အုပ်စုမှာ တရားဟောဆရာ ဒေးဗစ်လား၊ ၊ မျိုးကြီး တို့ အပါဝင် ပြန်သက်သာလာသူတွေရှိပါတယ်။
အင်းစိန်အုပ်စု
နောက်ထပ် အုပ်စုလိုက် ကူးစက်မှုက အင်းစိန်ကပါ။ အင်းစိန်မှာ တကယ်တော့ ဘာသာရေးအခမ်းအနား ကျင်းပခဲ့တာမျိုးမရှိပါဘူး။ ၈ မိုင်မှာပဲ ဘာသာရေးအခမ်းအနားကျင်းပခဲ့တာပါ။
ဒီလိုဆို အင်းစိန်ဘက်က လူအုပ်စုလိုက်ဟာ ၈ မိုင်ဘာသာရေးပွဲကနေ ဘယ်လိုဆက်နွယ်ကူးစက်ခဲ့တာလဲ။
တကယ်တော့ ဒီအုပ်စုနှစ်ခုကြား အဓိကကျတဲ့သူက လူနာနံပါတ် ၄၁ ဖြစ်ပါတယ်။
၄၁ ဟာ ဧပြီ ၃၊ ၄ ၊ ၅ ရက်ထိ သုံးရက်ကြာ ၈ မိုင်ညီအစ်ကိုများအသင်းတော်မှာ ပြုလုပ်တဲ့ဘာသာရေးဆုတောင်းပွဲကို သုံးကြိမ်သွားခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
သူဟာ ဧပြီ ၁၃ ရက်မှာ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာဖြစ်လာပါတယ်။
သူကနေမှ ကူးစက်မှုအစကို လေ့လာတဲ့အခါ အခုလိုတွေ့ပါတယ်။
အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ ကျမ်းစာသင်ကျောင်းလမ်းထဲက တစ်အိမ်တည်း အတူနေ သူ လေးဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကြောင်း ဧပြီ ၁၂ မှာ တွေ့ရှိခဲ့ပါတယ်။ အဲဒီလေးဦးကတော့ လူနာနံပါတ် ၃၄၊ ၃၅၊ ၃၆၊ ၃၇ တို့ဖြစ်ပါတယ်။
သူတို့လေးဦးလုံးဟာ လူနာနံပါတ် ၄၁ နဲ့ ထိတွေ့သူတွေထဲ ပါဝင်နေတာ တွေ့ရပါတယ်။
ဒီလေးဦးက တစ်ဆင့် အင်းစိန်ဘက်မှာ ဆက်လက် ကူးစက်သူ ၁၇ ဦးထိရှိလာပြီး အဲဒီထဲမှာ အသက်အငယ်ဆုံး ၇ နှစ်သမီးငယ်တစ်ဦး ပါဝင်ပါတယ်။
ဒီအုပ်စုထဲမှာတော့ သေဆုံးသူ မရှိသေးဘဲ ပြန်လည်သက်သာလာလို့ ဆေးရုံကဆင်းခွင့်ရသူတွေရှိထားပြီး အဲဒီထဲမှာ ၇ နှစ်သမီးအရွယ်လူနာနံပါတ် ၅၄ လည်းပါဝင်ပါတယ်။
ဒီဘာသာရေးပွဲကနေ ဆက်နွှယ်ကူးစက်သူတွေထဲမှာ အသက်အငယ်ဆုံး ၇ ကနေ အသက်အကြီးဆုံး ၇၈ နှစ်အထိ ပါဝင်နေပါတယ်။
ကျားမအချိုးအစားကတော့ အမျိုးသား ၃၆ ဦးနဲ့ အမျိုးသမီး ၃၁ ဦးဖြစ်ပါတယ်။
ကူးစက်သူအများစုရဲ့ အသက်အပိုင်းအခြားကတော့ အသက် ၃၀ ကနေ ၅၅ နှစ်ကြားဖြစ်ပါတယ်။
အင်းစိန်က နောက်ထပ်ကူးစက်မှုတစ်ခု
အခုတော့ အင်းစိန်မှာနောက်ထပ်အုပ်စုလိုက် ကူးစက်မှုတစ်ခု ထပ်ရှိလာပါတယ်။
အင်းစိန်မြို့နယ်၊ ခဝဲခြံ ၂ လမ်းထဲက နေအိမ်နှစ်လုံးကနေ ကိုဗစ်အတည်ပြုလူနာဟာ မေ ၁၁ ရက်ညပိုင်းအထိ ၂၀ ဦး ရှိနေပါတယ်။
တစ်အိမ်ဟာ မိသားစုဝင် ၁၆ ဦးနေထိုင်ပြီး ခုချိန်ထိအဲဒီအိမ်က မိသားစုဝင် ၁၅ ဦးမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။
နောက်တစ်အိမ်ကတော့ သူနာပြုဆရာမလေးဦး၊ ကျောင်းဆရာမတစ်ဦး နေထိုင်တဲ့ အဆောင်ဖြစ်ပြီး အဲဒီငါးဦးလုံးဟာလည်း ကိုဗစ်အတည်ပြုလူနာတွေဖြစ်ပါတယ်။
အဲဒီထဲက သူနာပြုဆရာမလေးဦးဟာ မိသားစုဝင် ၁၅ ဦးကူးစက်ခံရတဲ့အိမ်ကိုအဝင်အထွက်ရှိထားပါတယ်။
ဒီကူးစက်မှုကို ဘယ်လိုစသိတာလဲ
သူနာပြုတွေနေထိုင်ရာအဆောင်နေအိမ်ကနေ လူနာနံပါတ် ၁၅၁ ဟာ အရင်ဆုံး ကိုဗစ်ရောဂါလက္ခဏာကိုခံစားရပါတယ်။
ဒါကြောင့်အင်းစိန် ဖျားနာကုဆေးခန်းကို သွားရောက်ပြသရာကနေ စောင့်ကြည့်လူနာဖြစ်ပြီးဆေးစစ်တဲ့အခါ ကိုဗစ် ၁၉ အတည်ပြုလူနာဖြစ်လာပါတယ်။
အဲဒါကြောင့် သူနဲ့ထိတွေ့သူတွေကို လိုက်လံဖော်ထုတ်ပြီးအသွားအလာကန့်သတ်စောင့်ကြည့်တဲ့အခါ အတူနေအခန်းဖော်အပါအဝင် ကွယ်ကဘောဆေးရုံက သူနာပြုလေးဦးနဲ့ အဝင်အထွက်ရှိထားတဲ့ မိသားစုဝင် ၁၆ ဦးနေအိမ်ကိုအသွားအလာကန့်သတ်ပြီး ဆေးစစ်ခဲ့ပါတယ်။
အဲဒီနောက် သူနာပြုလေးဦးမှာရော မိသားစုဝင် ၁၆ ဦးအနက် ၁၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဒီအုပ်စုလိုက်ကူးစက်မှုမှာ လူနာနံပါတ် ၁၅၁ အပါအဝင် စုစု ပေါင်း ကူးစက်သူ ၂၀ ဦးထိ ရှိထားပါတယ်။
လူနာနံပါတ် ၁၅၁ ဟာ ပြည်ပခရီးသွားရာဇဝင်မရှိ၊ အတည်ပြုလူနာနဲ့ထိတွေ့မှုမရှိဘူးလို့ အစိုးရကထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဒီအုပ်စုလိုက်ကူးစက်မှုဟာ နောက်ကြောင်းပြန်လိုက်ရမယ့်အခြေအနေဖြစ်နေတယ်လို့အာဏာပိုင်တွေကပြောပါတယ်။
မိသားစုဝင် ၁၆ ဦးနေထိုင်တဲ့အိမ်ဟာ လူမှုရေးလုပ်ငန်းလုပ်ကိုင်တာဖြစ်ပြီး ဒီအိမ်ကိုအဝင်အထွက် အထိတွေ့ ရှိထားသူတွေကို အာဏာပိုင်တွေက ဆက်လက်စုံစမ်းဖော်ထုတ်နေပါတယ်။
ခဝဲခြံ ၂ လမ်းကိုတော့ အခုအခါ အသွားအလာကန့်သတ်တားမြစ်ထားပါတယ်။
အင်းစိန်တစ်မြို့နယ်တည်းမှာ ကိုဗစ်အတည်ပြုလူနာ ၄၄ ဦးထိ ရှိနေပြီး တစ်နိုင်ငံလုံးမှာ လူနာအများဆုံးမြို့နယ်လည်း ဖြစ်ပါတယ်။