ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်းစိန် ခဝဲခြံ ၂ လမ်းက ပိုးတွေ့သူတစ်ဦး ထပ်တိုး ၊ တစ်လမ်းတည်းက ကူးခံရသူ ၂၀ ဦးရှိလာ။
မေလ ၁၀ ရက်နေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဋ္ဌာန ထုတ်ပြန်ချက် မှာ ပါရှိတဲ့ အသက် ၂၁နှစ်အရွယ် အမျိုးသားတစ်ဦး လူနာအမှတ်- ၁၇၉ ဟာ ခဝဲခြံ ၂ လမ်းမှာ နေထိုင်သူတစ်ဦးဖြစ်တယ်လို့ အင်းစိန်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဘီဘီစီကိုပြောပါတယ်။
သူဟာ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ခဝဲခြံ ၂လမ်းက လူနာ အမှတ်၁၆၂ ၊လူနာ အမှတ်၁၇၇ တို့ အိမ် မှာ အတူနေထိုင်သူတစ်ဦးဖြစ် ကြောင်း လည်းသူကပြောပါတယ်။
"ဟုတ်တယ် တစ်လမ်းတည်းက ကူးတာ အယောက် ၂၀ မြောက်ဖြစ်တယ်" လို့ ဘီဘီစီကိုပြောပါတယ်။
မေလ ၈ ရက်နေ့က အင်းစိန်ဆေးရုံ မှာ စောင့်ကြည့်ကုသမှုခံယူနေ တဲ့အသက်၈၄နှစ်အရွယ် အမျိုးသမီးကြီး လူနာအမှတ် ၁၆၂ ရဲ့မိခင် ဟာ ကိုရိုနာ ဗိုင်းရပ်စ် တွေ့ရှိခဲ့ပြီး အင်းစိန် ကြို့ကုန်းအနောက်ရပ်ကွက် ခဝဲခြံ ၂လမ်း အုပ်စုမှ ၁၉ဦးမြောက် ကူးစက်ခံရသူဖြစ် တယ်လို့လည်း သူကပြောပါတယ်။
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာက မေ ၁၀ ရက်နေ့လယ်ထိ ၄၃ ဦးရှိပြီး အဲဒီထဲမှာ ခဝဲခြံ ၂ လမ်းတစ်လမ်းတည်းက စုစုပေါင်း ၁၉ ဦးထိ ရှိပါတယ်။
ဒီအုပ်စုဟာ နေအိမ်နှစ်အိမ်မှာ အတူနေမိသားစုဝင်တွေဖြစ်ပြီး လူနာနံပါတ် ၁၅၁ က ထိတွေ့ခဲ့သူတွေကို ခြေရာခံ ဖော်ထုတ်စစ်ဆေးတာကနေ တွေ့ရှိတာဖြစ်ပါတယ်။
အခု ခဝဲခြံ ၂ လမ်းကို အသွားအလာကန့်သတ်ထားပြီး ပိုးသတ်ဆေးတွေ နေ့တိုင်းဖြန်းနေပါတယ်။
အစိုးရက တရားဝင်ထုတ်ပြန်တဲ့မေလ ၁၀ရက်နေ့မှာ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၈၀ ဦး အထိ ရှိလာပြီဖြစ်ပြီး အင်းစိန် မြို့နယ်မှာ ရောဂါပိုးတွေ့သူ ၄၄ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။
လူနာအမှတ် ၁၇၉ ခဝဲခြံ၂ လမ်းက တစ်ဦးနဲ့အတူ ဒီနေ့ရောဂါပိုးတွေ့ရှိရ သူ နောက်တစ်ဦးကတော့ မရမ်းကုန်းကဖြစ်ပြီးတော့ ခရီးသွားရာဇဝင်မရှိသူ လူနာအမှတ် ၈၆ နဲ့ ထိတွေ့ဆက်ဆံ မှု ရှိသူလို့လည်းထုတ်ပြန်ချက်မှာပါ ရှိပါတယ်။