ကိုရိုနာဗိုင်းရပ်စ်-ကာကွယ်ဆေး နှစ်ကုန်ပိုင်းလောက် ရနိုင်တယ်လို့ ထရမ့်ယုံကြည်

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်သိန်းထိ ရှိလာနိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်က နှစ်နာရီကြာပြုလုပ်တဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့တာဖြစ်ပြီး သူ့အစိုးရရဲ့ ဗိုင်းရပ်စ်ကိုင်တွယ်ပုံပေါ် စီမံခန့်ခွဲမှု နှေးကွေးလွန်း တယ်ဆိုတဲ့အချက်တွေ ကိုလည်း ငြင်းဆန်ခဲ့ပါတယ်။

လောလောဆယ် အမေရိကန်မှာ ကိုဗစ်-၁၉ နဲ့ သေဆုံးသူက ၆၇,၀၀၀ ရှိသွားပါပြီ။ ဒါဟာ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းအများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတွေကတော့ ၁၂လ ကနေ ၁၈ လအထိ ကြာနိုင်မယ်လို့ ခန့်မှန်းထားပေမယ့် ထရမ့်ကတော့ ဒီနှစ်ကုန်ပိုင်းမှာ အမေရိကန်အနေနဲ့ ကာကွယ်ဆေး ပိုင်ဆိုင်နိုင်လောက်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ဒီနှစ်ကုန်ပိုင်းလောက်မှာ ကျွန်တော်တို့ ကာကွယ်ဆေးရနိုင်မယ်လို့ ထင်ပါတယ်။ ဆရာဝန်တွေကတော့ပြောလိမ့်မယ်။ ဒီလိုမပြောသင့်ဘူး ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ကျွန်တော်ထင်တာပြောရရင်တော့ သိပ်မကြာခင်မှာ ကာကွယ်ဆေးရလာတော့မှာပါ" လို့ ထရမ့်က ဖောက်စ်နယူး သတင်းဌာနကို ပြောခဲ့ပါတယ်။

ထရမ့်ရဲ့ ဒီခန့်မှန်းချက်နဲ့ပတ်သက်လို့ ပညာရှင်တွေကြားမှာ ကွဲလွဲမှုတွေရှိနေပါတယ်။

အမေရိကန်ရဲ့ထိပ်တန်းကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်သူ ဒေါက်တာဖော်စီကတော့ ကာကွယ်ဆေးတစ်ခု ထုတ်ဖို့ အချိန် ၁၈ လလောက်ယူရမယ်လို့ ကနဦးတုန်းက ပြောခဲ့ပါတယ်။

အင်္ဂလန်ကျန်းမာရေးနဲ့ဆေးဘက်ဆိုင်ရာအရာရှိချုပ် ပါမောက္ခ ခရစ္စဝှိုက်တီကတော့ လာမယ့်နှစ်အတွင်း ထိရောက်တဲ့ကာကွယ်ဆေး၊ ဒါမှမဟုတ် ကုသဆေးရဖို့ အလွန်အခွင့်အလမ်းနည်းပါးကြောင်း ပြီးခဲ့တဲ့လက ပြောကြားထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုတွေ စတင်ခဲ့တဲ့အချိန်မှာ ထရမ့်အစိုးရဟာ လုံလောက်တဲ့ဆောင်ရွက်မှုတွေကို မြန်မြန်ဆန်ဆန်မလုပ်ခဲ့ဘူးဆိုတဲ့ အချက်ကိုလည်း ထရမ့်က ငြင်းဆန်ခဲ့ပါတယ်။

ဗိုင်းရပ်စ်အရေး မှန်ကန်တဲ့ဆောင်ရွက်ချက်တွေ လုပ်ခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။

အဲဒီလို သူ့အစိုးရအပေါ် ပြစ်တင်မှုတွေကို ငြင်းပယ်ခဲ့သလို တရုတ်နိုင်ငံက ဗိုင်းရပ်စ်ပြန့်ပွားမှု ရပ်တန့်အောင်လုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ တရုတ်နိုင်ငံကို ထရမ့်က ထပ်မံစွပ်စွဲပြောကြားခဲ့ပါတယ်။

"သူတို့ဟာ ကြောက်ဖို့ကောင်းတဲ့အမှားကို လုပ်ခဲ့တာလို့ ကျွန်တော်ထင်တယ်။ ဒါကို သူတို့က ဝန်မခံချင်ဘူးလေ။ ကျွန်တော်တို့က စုံစမ်းစစ်ဆေးချင်တယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို ပေးမဝင်ဘူး"လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ထရမ့်ဟာ အမေရိကန်ထောက်လှမ်းရေးတွေကိုလည်း ဗိုင်းရပ်စ်ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့အခြေအနေတွေကို ဇန်နဝါရီ ၂၃ ရက်နေ့အထိတိုင်အောင် ထုတ်ဖော်အသိပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ အပြစ်တင်ခဲ့ပါတယ်။

ဒါပေမဲ့ စီအင်န်အင်န်နဲ့ အေဘီစီသတင်းဌာနတွေကတော့ ဇန်နဝါရီ လဆန်းပိုင်းလောက်တည်းက သမ္မတရဲ့ ထောက်လှမ်းရေးအဖွဲ့က ပြောတဲ့ ကိုရိုနာဗိုင်းရပ်စ် သတင်းတွေကို ကိုးကားပြီး သတင်းထုတ်လွှင့်မှုတွေ လုပ်ခဲ့တာ ရှိထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် အပြင်းအထန်ခံစားရသူတွေကို Remdesivir ဆိုတဲ့ ကိုဗစ်-၁၉ ကုသဆေးနဲ့ ကုသခွင့်ပြုခဲ့ပါတယ်။

ဒီဆေးကို ရောဂါဝေဒနာပြင်းထန်သူတွေကိုပဲ ပေးဖို့ အမေရိကန်အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန FDA ကနေခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ဒီဆေးဟာ ရာဂါဝေဒနာခံစားရတဲ့ ရက်ကို လျှော့ချပေးနိုင်ပြီး မြန်မြန်ပြန်နာလည်ထူနိုင်တယ်လို့လည်း ဆိုပါတယ်။