တရုတ်ကသူ့ကို ရွေးကောက်ပွဲ ရှုံးစေချင်နေတယ်လို့ ထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူရွေးကောက်ပွဲရှုံးဖို့ဆိုရင် တရုတ်ဟာ ဘာမဆိုလုပ်မှာပဲလို့ ဆိုလိုက်ပါတယ်။

ကိုရိုနာကပ်ဘေးကာလအတွင်း သမ္မတထရမ့်က တရုတ်ကို ဝေဖန်နေရာမှာ အခု အဆင့်တက်ပြီး တိုးဝေဖန်လိုက်တာလည်းဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ရင်တရုတ်ဟာ အမေရိကန်ဆီက လာမယ့် နောက်ထပ် အကျိုးဆက်များစွာကို ရင်ဆိုင်ရစရာရှိတယ်လို့ သမ္မတထရမ့်က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောလိုက်ပါသေးတယ်။

ရောဂါကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး တရုတ်ဟာ ကမ္ဘာကို ပိုစောစော အသိပေးသင့်တယ်လို့လည်း သူက ဆိုပါတယ်။ ဒါပေမယ့် သမ္မတထရမ့် ကိုယ်တိုင်ဟာလည်း ကပ်ဘေးကို တိုက်ခိုက်နှိမ်နင်းဖို့အတွက် လုံလောက်တဲ့ ဆောင်ရွက်ချက်တွေမရှိခဲ့ဘူးလို့ မကြာခဏ စွပ်စွဲခံရသူ တယောက်ပါ။

ကိုရိုနာဗိုင်းရပ်စ်ဟာ နိုဝင်ဘာ ရွေးကောက်ပွဲအတွက် သမ္မတထရမ့်ရဲ့ အဓိက မဲဆွယ်ကွက်ဖြစ်တဲ့ အမေရိကန် စီးပွားရေးကို နင်းချေပစ်ခဲ့ပါတယ်။

တရုတ်နဲ့ ကုန်သွယ် စစ်ဆင်နွှဲခဲ့သူ သမ္မတထရမ့်ဟာအခု တရုတ်ကို ဘယ်လို နောက်ဆက်တွဲ အကျိုးဆက်တွေများ ထပ်ပေးဦးမှာလဲ ဆိုတာကိုတော့ အသေးစိတ်မပြောပါဘူး။

“ကျွန်တော်တို့ လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။ ဘာဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေပါတယ်”လို့ သူကရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

“တရုတ်ဟာ ကျွန်တော်ရွေးကောက်ပွဲ ရှုံးဖို့ဆိုရင် ဘာမဆိုလုပ်မှာပဲ” လို့လည်း ထပ်ပြောပါတယ်။

တရုတ်ဟာ သူ့ထက်စာရင် သူ့ပြိုင်ဘက် ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင်ကိုသာ နိုဝင်ဘာရွေးကောက်ပွဲမှာ နိုင်စေချင်လိမ့်မယ်လို့ သူယုံကြည်ကြောင်းလည်း ပြောပါတယ်။

မစ္စတာဘိုင်ဒင်နိုင်လိမ့်မယ်လို့ ပြဆိုနေတဲ့ ကိန်းဂဏန်းညွှန်းကိန်းတွေကိုတော့ မယုံကြောင်း သမ္မတထရမ့်က ဆိုပါတယ်။

“မဲစစ်တမ်း ကောက်ယူချက်တွေကို ကျွန်တော်မယုံဘူး။ပြည်သူတွေဟာ လိမ္မာပါးနပ်ကြတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။အရည်အချင်းမမီတဲ့ လူတယောက်ကို သူတို့ ရွေးမှာ မဟုတ်ပါဘူး”လို့ သမ္မတထရမ့်က ဆိုပါတယ်။

စစ်တမ်းကောက်ယူချက်အရ လာမယ့်ရွေးကောက်ပွဲမှာ အရေးပါတဲ့ ပြည်နယ်တွေကို သမ္မတထရမ့်လက်လွှတ်ရလိမ့်မယ်လို့ ထုတ်ပြန်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့သောကြာညနေက သူ့နိုင်ငံရေး အကြံပေးတွေ အပေါ်မှာ သမ္မတထရမ့် ပေါက်ကွဲခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

သူ့ရဲ့အကြံပေးတချို့က မစ္စတာထရမ့်ဟာ အရေးပါတဲ့ စစ်မြေပြင်တွေဖြစ်တဲ့ ဖလော်ရီဒါ၊ ဝစ္စကွန်ဆင်၊ အရီဇိုးနားတို့မှာ နိုင်ချင်မှနိုင်လိမ့်မယ်လို့ သံသယဝင်နေကြပြီး တချို့ကတော့ မစ်ရှီဂန်ကို လက်လွှတ်လိုက်ရတော့မလို အထိ ယူဆကြကြောင်း အေပီ သတင်းဌာနကဆိုပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်အဖွဲ့နဲ့ အွန်လိုင်းအစည်းအဝေးမှာ “ဂျိုးဘိုင်ဒင်ကို ငါမရှုံးဘူး”လို့ ဒေါနဲ့မောနဲ့ ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

ဖလော်ရီဒါမှာ မဲဆွယ်စည်းရုံးရေးလုပ်တဲ့ သူ့ရဲ့မဲဆွယ်မန်နေဂျာ ဘရက်ပါစကယ်ကိုလည်း သမ္မတထရမ့်က ထိုးနှက်ပြောဆိုခဲ့တယ်လို့ သတင်းထွက်ပါတယ်။

သူဟာမစ္စတာပါစကယ်ကို ကျိန်ဆဲပြောဆိုတဲ့အပြင် တခါကဆိုရင် တရားစွဲမယ်လို့တောင် ပြောကြောင်း စီအန်အန်နဲ့ ဝါရှင်တန်ပို့စ်တို့က သတင်းရေးသား ဖော်ပြပါတယ်။

တရားစွဲမယ်ဆိုတဲ့စကားဟာ ဘယ်လောက် လေးလေးနက်နက် ပြောတာလဲဆိုတာတော့ သိပ်မရှင်းလင်းပါဘူး။

လူချင်းခွာနေရမယ်ဆိုတဲ့ လူမှုအလှမ်းခွာရေးစည်းကမ်းကိုလည်း ကြာသပတေးနေ့ ရက်ပြည့်သွားရင် ထပ်မတိုးတော့ဘူးလို့ သမ္မတထရမ့်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အဲဒီစည်းကမ်းအရ အမေရိကန်နိုင်ငံသားတွေဟာ အိမ်ကနေ အလုပ်လုပ်ပြီး လူစုဝေးတာကို ရှောင်ရှားရမှာဖြစ်ပါတယ်။ ရောဂါဟောင်းအခံရှိသူတွေက ကိုယ့်ဘာသာ သီးခြားခွဲနေထိုင်ဖို့လည်း အကြံပြုထားပါတယ်။

အခုအခါမှာတော့ မစ္စတာထရမ့်က နောက်သီတင်းပတ်ဆိုရင် အရီဇိုးနားပြည်နယ်ကို ခရီးထွက်ဖို့ စီစဥ်ထားတယ်လို့ ဆိုနေပါတယ်။ ထောင်နဲ့ချီတဲ့ သူ့ကို ထောက်ခံသူတွေ စုဝေးပြီး လူထုအစည်းအဝေးလုပ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သတင်းထောက်တွေကို ဖွင့်ပြောခဲ့ပါတယ်။

တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်းရဲ့ သုံးပုံတပုံဟာ အမေရိကန်ပြည်ထောင်စုက ဖြစ်ပါတယ်။ သီတင်းခြောက်ပတ်အတွင်း သေဆုံးသူစုစုပေါင်းဟာ ၆ သောင်းကျော်ခဲ့ပါပြီ။

အလုပ်လက်မဲ့ ပမာဏဟာ ကိုဗစ်မတိုင်မီ မကြာသေးခင်အချိန်က စံချိန်သစ်တင်နိမ့်ကျခဲ့ပေမယ့် အခုတော့ အလုပ်လက်မဲ့ဦးရေ ၂၆ သန်း ရှိသွားပါပြီ။

အမေရိကန် စီးပွားရေးပမာဏဟာလည်း ၅ ရာနှုန်းကျုံ့သွားတဲ့အတွက် ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ်နောက်ပိုင်းမှာ အများဆုံးကျဆင်းမှုဖြစ်ပါတယ်။