ကိုဗစ်-၁၉ ရောဂါထပ်တိုးလက္ခဏာသစ်တွေ၊ ပိုးတွေ့လူနာသစ်တွေ့နှုန်းကျလာတဲ့နောက် အပြင်ပြန်ထွက်သူများလာတဲ့ ရန်ကုန် အပါအဝင် တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်

ဒီရက်ပိုင်း ရန်ကုန်မှာအပြင်ထွက်သူတွေ ပြန်များလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN

ဓာတ်ပုံ ပုံစာ, ဒီရက်ပိုင်း ရန်ကုန်မှာအပြင်ထွက်သူတွေ ပြန်များလာပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း လှုပ်ခတ်ခဲ့တဲ့သတင်းတွေကတော့ တပ်မတော်အရာရှိဟောင်းတချို့နဲ့ ရဲအရာရှိတချို့ကို ဗြိတိန်က ဒဏ်ခတ် ပိတ်ဆို့မှုထပ်တိုးလိုက်တာ၊ ပိုးတွေ့ လူနာတွေ့နှုန်းကျလာချိန် ရန်ကုန်မှာ အပြင်ပြန်ထွက်သူတွေများလာတဲ့အပေါ် အမြင်အမျိုးမျိုးနဲ့ ငြင်းခုန်ပြောကြား လာတာတွေရှိခဲ့ပါတယ်။

တစ်ခါ ကိုဗစ်ရောဂါလက္ခဏာပြောင်းလဲလာမှုနဲ့ ထပ်တိုးလက္ခဏာသစ်တွေနဲ့ပတ်သက်ပြီး ဆေးပညာရှင်တွေက ထုတ်ဖော်ပြောကြားလာတာတွေလည်း ရှိပါတယ်။

ရုရှရောက် ပညာတော်သင် တပ်မတော်သားသုံးဦး ကိုရိုနာကူးစက်ခံရတာ၊ ဆေးရုံအားနည်းချက်တွေကို ထောက်ပြပြီးတဲ့နောက် လဝကဥပဒေနဲ့ အရေးယူခံရတဲ့ လူနာနံပါတ် ၄ ရဲ့ ဇနီးရဲ့ သတင်းတွေကလည်း လူပြောများခဲ့ပါတယ်။

ပိတ်ဆို့မှုတွေသက်တမ်းတိုး

ကိုဗစ် ကပ်ရောဂါကြုံနေချိန်မှာ တပ်မတော် ဗိုလ်ချုပ်ဟောင်းတချို့နဲ့ ရဲအရာရှိတွေအပါအဝင် ၁၄ ဦးကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်း တိုးခဲ့ပါတယ်။

ရခိုင်၊ ကချင်နဲ့ ရှမ်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်လိုဆို

ဓာတ်ပုံ ရင်းမြစ်, THET AUNG

ဓာတ်ပုံ ပုံစာ, ရခိုင်၊ ကချင်နဲ့ ရှမ်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်လိုဆို

ရခိုင်ပြည်နယ်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင် ပတ်သက်ခဲ့ တယ်ဆိုပြီး တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူနဲ့ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေ၊ ရဲအရာရှိတွေ အပါအဝင် စုစုပေါင်း ၁၄ ဦးကို စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုကို သက်တမ်းထပ် တိုးလိုက်တယ်လို့ ဗြိတိန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပိတ်ဆို့ခံရတဲ့ ၁၄ ဦးစာရင်းထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဗိုလ်ချုပ် မောင်မောင်စိုး၊ ဗိုလ်ချုပ် ညီညီဆွေ၊ ဗိုလ်မှူးချုပ် အောင်အောင်၊ ဗိုလ်မှူးချုပ် ခင်လှိုင်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ရဲ့ ရဲမှူးချုပ် သူရဆန်းလွင်၊ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် ခင်စိုးတို့ ပါဝင်ပြီး သတ်မှတ်ထားတဲ့ နိုင်ငံခြားဘဏ်တွေမှာ သူတို့ အပ်နှံထားတဲ့ ငွေတွေ၊ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့လိုက်သလို ခရီးသွားလာခွင့်တွေကိုလည်း ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ဧပြီလ ၂၄ ရက်နေ့တုန်းကလည်း ဥရောပသမဂ္ဂ အီးယူကလည်း ရခိုင်၊ ကချင်နဲ့ ရှမ်းမြောက်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် တပ်မတော်ခေါင်းဆောင်တချို့နဲ့ ရဲအရာရှိတချို့အပါအဝင် ၁၄ ဦးကို ၂၀၂၁ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သက်တမ်းထပ်တိုးလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

ရုရှရောက် တပ်မတော်သားသုံးဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ရုရှကို ရောက်နေတဲ့ မြန်မာပညာတော်သင် တပ်မတော်သားအရာရှိတွေအနက် မော်စကိုက တက္ကသိုလ်နှစ်ခုက သင်တန်းသား ၃ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။

လက်ရှိ ဒီ ၃ ဦးရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး ထူးခြားတဲ့ဖျားနာဝေဒနာမရှိကြောင်း၊ သူတို့နေထိုင်ရာအဆာင်မှာ သီးခြားနေထိုင် ဆေးကုသခံယူနေကြောင်းနဲ့ မြန်မာစစ်သံရုံးက လိုအပ်တဲ့ကူညီစောင့်ရှောက်မှုတွေလုပ်ပေးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ တပ်မတော်မှာ ပထမဆုံး ပိုးတွေ့လူနာ ၃ ဦးဖြစ်ပြီး ပြည်တွင်းမှာ တပ်မတော်သားတွေကို သံသယလူနာအဖြစ် စောင့်ကြည့်မှုတချို့ရှိပေမယ့် အခုထိ တော့ ပိုးတွေ့လူနာ တွေ့ရှိခြင်းမရှိသေးပါဘူး။

တပ်မတော်မှာ ရောဂါပိုးတွေကို စစ်ဆေးနိုင်တဲ့ ကိုဗက် ၆၈၀၀ စက်နှစ်လုံးရှိပြီး ဒီစက်မှာ ဧပြီ ၂၄ ရက်က စလို့ ကိုဗစ်ရှိမရှိ စစ်ဆေးဖို့ အသင့်ပြင်ထား တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။

ကိုဗစ်ရောဂါလက္ခဏာသစ်တွေက ဘာတွေလဲ

ဒီရက်ပိုင်း မြန်မာမှာ ကိုဗစ်ကူးစက်သူ အသစ်ထပ်တွေ့နှုန်း ကျလာပေမယ့် လုံးဝမတွေ့ရတော့တာတော့ မဟုတ်ပါဘူး။ မေ ၃ ရက်ထိ နောက်ဆုံးတွေ့ထား တဲ့ လူနာ ၁၅၁ ဟာ ပြည်ပခရီးသွားရာဇဝင်မရှိ၊ အတည်ပြုလူနာနဲ့ထိတွေ့မှုမရှိထားသူပါ။ သူဟာ အနံ့အရသာမရတော့တာ ငါးရက်လောက်ရှိပြီမို့ ဓာတ်ခွဲစစ်ဆေးရာကနေ ကိုဗစ်၁၉ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာပါ။

မြန်မာမှာ ပိုးတွေ့လူနာသစ်တွေ့နှုန်းကျသွားပေမယ့် ကူးစက်သူလုံးဝမရှိတော့တဲ့အခြေအနေမျိုးတော့ ဖြစ်မလာသေး

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, မြန်မာမှာ ပိုးတွေ့လူနာသစ်တွေ့နှုန်းကျသွားပေမယ့် ကူးစက်သူလုံးဝမရှိတော့တဲ့အခြေအနေမျိုးတော့ ဖြစ်မလာသေး

ဒီအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာသစ်တွေကို ဆေးပညာရှင်တချို့က ထုတ်ပြောလာပါတယ်။

ချောင်းဆိုး၊နှာချေ၊ လည်ချောင်းနာ အသက်ရှူကြပ်၊ ကိုယ်ပူ စတဲ့ ကိုဗစ်ရဲ့ ကနဦး လက္ခဏာတွေ တခြားလက္ခဏာတွေခံစားရတဲ့ ကိုဗစ်ကူးစက်လူနာသစ်တွေထပ်တွေ့လာရတယ်လို့ အပူပိုင်းနဲ့ ကူးစက်ရောဂါဌာန ပါမောက္ခဒေါက်တာမိုးမိုးစမ်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အွန်လိုင်းဆွေးနွေးခန်းမှာ ပြောကြားခဲ့ပါတယ်။

ဧပြီ ၁၇ ရက်မှာလည်း အမေရိကန်ဗဟိုကူးစက်ရောဂါထိန်းချုပ်ရေးဌာန USCDC က ဒီဗိုင်းရပ်စ် လက္ခဏာသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်က ထုတ်ပြန်တဲ့လက္ခဏာသစ်တွေကတော့ ချမ်းတာ၊ ချမ်းစိမ့်ပြီး တုန်တာ၊ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ၊ အနံ့အရသာမရတော့တာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ကိုဗစ်၁၉ အတည်ပြုလူနာ ၁၅၀ ကျော်ရဲ့ ရောဂါလက္ခဏာတွေကိုခွဲခြမ်းစိတ်ဖြာမှုအရ အန်တာ၊ ဝမ်းလျှောတာနဲ့ ဗိုက်အောင့်တာ၊ အနံအရသာမရတော့တာ ဆိုတဲ့ အချက်တွေကို ရောဂါလက္ခဏာအဖြစ် ထပ်ထည့်ထားတာကို ဧပြီ ၂၅ ရက် အစီရင်ခံစာက စတင်ပြီး ဖော်ပြထားတာတွေ့ရပါတယ်။

ဒါပေမဲ့ အမေရိကန်က ထုတ်တဲ့ ရောဂါလက္ခဏာသစ်တွေဟာ မြန်မာမှာ ဖြစ်မဖြစ်ဆိုတာကတော့ ရေခံမြေခံနဲ့ လူမှုနေထိုင်မှုတွေကွာခြားတဲ့အတွက် တထစ်ချမပြောနိုင်ဘူးလို့ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအမေရိကန်မှာ ကိုဗစ်၁၉ ပြင်းထန်ဝေဒနာခံစားရသူတွေကို ကုသဆေးအဖြစ် ပေးဖို့ ရမ်ဒမ်စီဗီရာ ဆေး (Redemsivir) ကို ခွင့်ပြုလိုက်တဲ့အပေါ် ဒေါက်တာသန်းနိုင်စိုးက ကုသဆေးတစ်ခု အဆင်ပြေမပြေနဲ့ သုံးစွဲနိုင်မှုရှိမရှိက အချိန်ယူရမယ်လို့ ဆိုပါတယ်။

ကိုဗစ်နဲ့ဆိုင်တဲ့နောက်သတင်းတစ်ပုဒ်ကတော့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ အွန်လိုင်းကနေ ဆွေးနွေးချိန် ကန်တော်နဒီဆေးရုံမှာလိုအပ်ချက်တချို့ပြောခဲ့တဲ့ လူနာနံပါတ် ၄ နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

သူဟာအမေရိကန်နိုင်ငံသားဖြစ်တာကြောင့် သူ့ကို လက်ခံနေထိုင်ခွင့်ပြုခဲ့တဲ့ သူ့ဇနီးကို နိုင်ငံခြားသားကို အိမ်မှာလက်ခံတာကို သတင်းပို့ရန်ပျက်ကွက်မှုနဲ့ အရေးယူခဲ့တာဖြစ်ပါတယ်။

ဧပြီ ၂၄ ရက်မှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူခဲ့တာဖြစ်ပြီး ဒဏ်ငွေငါးသိန်း ဒါမှမဟုတ် ထောင်ဒဏ် ၆ လ ကျခံဖို့ အမိန့်ချခဲ့တာပါ။ ဒါကြောင့် ဒဏ်ငွေ ငါးသိန်းပေးဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

လူနာနံပါတ် ၂၄ နဲ့ အတိုင်ပင်ခံတို့ ဆွေးနွေးခန်းဟာ ဧပြီ ၂၈ မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီနောက် ဧပြီ ၃၀ ရက်မှာ သူ့ဇနီးကို အရေးယူတဲ့ သတင်းတွေ တက်လာတာဖြစ်ပါတယ်။

အပြင်ပြန်ထွက်သူများလာ

ပြီးခဲ့တဲ့အပတ်က ၄၈ နာရီအတွင်း ပိုးတွေ့လူနာသစ် ထပ်မတွေ့ခဲ့တဲ့နောက် ရန်ကုန်မှာအပြင်ထွက်တဲ့လူတွေ ပြန်များလာခဲ့ပါတယ်။

ဘတ်စ်ကားတချို့မှာ ခရီးသည်တွေ ပြည့်ကျပ်လာတာတွေရှိသလို ရန်ကုန်ရဲ့ အဓိကလမ်းမကြီးတချို့ ကားလမ်းပြန်ကြပ်လာတွေလည်းရှိပါတယ်။

လမ်းသွယ်တွေ၊ ဈေးဝယ်စင်တာတချို့တွေမှာ လူတွေပြန်များလာသလို လက်လီကုန်အရောင်းဆိုင်တချို့မှာ လာဝယ်သူများလာတာနဲ့ ခေတ္တပိတ်လိုက်တဲ့ နည်းနဲ့ဖြေရှင်းရတာတွေရှိလာပါတယ်။

တကယ်တော့ မြန်မာမှာ ဗိုင်းရပ်စ်ကြောင့် ကန့်သတ်မှုတွေကို မေလလယ်ထိ တိုးမြှင့်ထားတာပါ။

အဲဒီကန့်သတ်မှုတွေထဲမှာ ညမထွက်ရအမိန့် ပါသလို၊ လူချင်းခပ်ခွာခွာနေဖို့၊ တတ်နိုင်သမျှ အိမ်မှာနေကြဖို့တွေပါဝင်ပါတယ်။

ကမ္ဘာမှာ ဖြစ်ပွားမှုနှုန်းပြန်ကျလာနေတဲ့ အီတလီ၊ အမေရိကန်၊ စပိန်နဲ့ ဗြတိန်တို့လို နိုင်ငံတွမှာ ကန့်သတ်မှုတွဖြေလျှော့ဖို့ ပြင်ချိန် မြန်မာမှာလည်း အပြင်ထွက်သူပြန်များလာနေတာပါ။

ဒီလိုအပြင်ပြန်ထွက်လာသူများလို့ ကျန်းမာရေးဝန်ထမ်းတချို့က လူတွေကို တတ်နိုင်သမျှ အပြင်မထွက်ဘဲနေကြဖို့ ၊ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ လူနာများလာပြီး မနိုင်မနင်းနဲ့ ကုသမှုမပေးနိုင်မှာကို စိုးရိမ်ပြီး တိုက်တွန်းထားတာတွေ လူမှုကွန်ရက်မှာပျံ့နှံ့လာခဲ့ပါတယ်။

ဒီတော့ ကန့်သတ်မှုတွေ တရားဝင်ပြီးဆုံးနိုင်ဖွယ်ရှိတဲ့ မေလ ၁၅ ရက်နောက်ပိုင်းမှာရော အိမ်ထဲဆက်နေမလား ဗိုင်းရပ်စ်ကာကွယ်ရေးတွေသတိပြုရင်း အပြင်ထွက် ပုံမှန်လည်ပတ်သင့်ပါသလား။

ဒါနဲ့ပတ်သက်ပြီး စီးပွားရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဆောင်းပါးရှင် ဦးဇေယျသူကို မေးကြည့်ထားပါတယ်။

အပြင်ထွက်သူပြန်များလာလို့ ကျန်းမာရေးဝန်ထမ်းတချို့က စိုးရိမ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win

ဓာတ်ပုံ ပုံစာ, အပြင်ထွက်သူပြန်များလာလို့ ကျန်းမာရေးဝန်ထမ်းတချို့က စိုးရိမ်နေကြပါတယ်။

"အပြင်ထွက်ဖို့လိုတဲ့သူတွေပြန်ထွက်ပေါ့။ ဒါပေမဲ့ မျက်နှာဖုံးတပ်တာတို့၊ တတ်နိုင်သမျှခပ်ခွာခွာနေတာတို့၊ လက်ဆေးတာတို့၊ ပြီးရင် မထွက်သင့်တဲ့သူ၊ ထွက်ဖို့မ လိုတဲ့သူတွေပေါ့။ ဒီလူတွေကတော့ မထွက်နဲ့ပေါ့။ ပြီးရင် ပွဲလမ်းသဘင်တွေ၊ ဖျော်ဖြေရေးတွေအဲဒါတွေကတော့ မလုပ်ပါနဲ့ဦး။ အဲဒီသုံးခု လောက်လုပ်ရင် ရပါတယ်။ ဘာလို့ ဆို လူက ထွက်တော့ထွက်ရမှာပဲ။ အခုလည်း ဆေးရုံတို့၊ ဓာတ်ဆီဆိုင်တို့၊ မီဒီယာသမားတွေ လိုအရေးကြီးတဲ့သူတွေ နိုင်ငံဆက်လည်ပတ်ဖို့ကအစိုးရပိုင်းရော ပုဂ္ဂလိကပိုင်းကလည်း လိုနေတာကိုး။ ကျွန်တော်တို့ဆီမှာ အသေအပျောက်နှုန်းကလည်း သင်္ချိုင်းတွေမှာ ပုံနေတာမျိုး ဖြစ်တဲ့အထိမရှိဘူး။ ပြီးတော့ ဧပြီတစ်လလုံးက အလုပ်မလုပ်လိုက်ရဘူး။ မေလကလည်း စီးပွားရေးက တော်တော်လေးတုံ့ဆိုင်းသွားတယ်။ ဒါကြောင့် အလုပ်ကတော့ ပြန်စမှရမယ်။ ထွက်သင့်တဲ့သူပဲထွက်။ မထွက်သင့်တဲ့သူ လုံးဝမထွက်နဲ့။ ကျန်းမာရေးဂရုစိုက် အဲဒါမျိုးဆို ဘာပဲပြောပြော တဖြည်းဖြည်းနဲ့ ပြန်အဆင်ပြေလာမယ်ထင်တယ်" လို့ ပြောပါတယ်။

အစိုးရရဲ့အစီအမံ

အစိုးရအနေနဲ့ သိန်းဂဏန်းလောက်ရှိတဲ့ ပြည်တော်ပြန်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွေနဲ့ မုတ်သုံနဲ့အတူ ကြုံရမယ့် တုပ်ကွေး၊ သွေးလွန်တုပ်ကွေးလို့ ရောဂါတွေကိုလည်း ကျော်ဖြတ်ရဖို့ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

ဒီလ ၁၈ ရက်မှာ လွှတ်တော်ပြန်ခေါ်ထားပြီး ကိုဗစ်အတွက် ဖြည့်စွက်ဘတ်ဂျတ်တွေအတည်ပြုဖို့ဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကပြောပါ တယ်။

၀န်ကြီးဌာနတွေက ကျပ်သိန်းနှစ်ထောင်စီပြန်သွင်းခိုင်းပြီး ကိုဗစ်အတွက်လိုတဲ့ရန်ပုံငွေတွေ ဖြည့်ပေးမယ်။

ဓာတ်ပုံ ရင်းမြစ်, THET AUNG

ဓာတ်ပုံ ပုံစာ, ၀န်ကြီးဌာနတွေက ကျပ်သိန်းနှစ်ထောင်စီပြန်သွင်းခိုင်းပြီး ကိုဗစ်အတွက်လိုတဲ့ရန်ပုံငွေတွေ ဖြည့်ပေးမယ်။

ဒါကြောင့် ဝန်ကြီးဌာနတစ်ခုကနေ ကျပ် သိန်းနှစ်ထောင်စီ ပြန်သွင်းခိုင်းထားပြီး အဲဒါကို ကိုဗစ်ရန်ပုံငွေအတွက် ဘတ်ဂျက်ထပ်တိုးမယ်လို့ ဆိုပါတယ်။

အဓိကက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လိုအပ်တာမှန်သမျှအတားအဆီးမရှိ ဘတ်ဂျက်ချပေးနိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။