ရုရှားရောက် ပညာတော်သင် မြန်မာတပ်မတော်သား ၃ ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့တဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, THET AUNG/AFP via Getty Images
(၁) ရုရှားရောက် ပညာတော်သင် မြန်မာတပ်မတော်သား ၃ ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့
ရုရှားတက္ကသိုလ်တွေမှာ ပညာတော်သင်အဖြစ် တက်ရောက် ပညာသင်ယူနေတဲ့ မြန်မာတပ်မတော်က သင်တန်းသား ၃ ဦးမှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရတယ်လို့ ရုရှားမှာရှိတဲ့ စစ်သံရုံးရဲ့ တင်ပြချက်အရ သိရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန်ပါတယ်။
Russian University of Transport (MIIT/RUT) တက္ကသိုလ်က သင်တန်းသား ၂ ဦးနဲ့ Moscow Power Engineering Institute(MPEI) တက္ကသိုလ်က သင်တန်းသား ၁ ဦး တို့မှာ ကူးစက်နေတာလို့လည်း ဆိုပါတယ်။
MIIT တက္ကသိုလ်က သင်တန်းသား ၂ ဦးကို ဧပြီလ ၂၇ ရက်နေ့က ပိုးကူးစက်ခံထားရတာကို တွေ့ခဲ့ရပြီး MPEI တက္ကသိုလ်က သင်တန်းသားကိုလည်း ကိုယ်အပူချိန်မြင့်တက်လာတာကြောင့် စစ်ဆေးမှုတွေလုပ်ခဲ့ပြီးနောက် ဧပြီလ ၂၇ ရက်နေ့ ဓာတ်ခွဲစမ်းသပ်မှုအဖြေအရ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ တပ်မတော် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ ပိုးကူးစက်ခံထားရတဲ့ သင်တန်းသား ၃ ဦးဟာ ထူးခြားတဲ့ ဖျားနာဝေဒနာ ခံစားရတာ မရှိဘဲ ကျန်းမာရေးကောင်းမွန်နေတယ်လို့ ဆိုပါတယ်။
၃ ဦးလုံးကိုလည်း ရုရှားကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်အရ အဆောင်မှာ သီးခြားနေထိုင်စေပြီး ဆေးကုသခံယူနေသလို ကြည်း၊ရေ၊လေ စစ်သံရုံးကလည်း ကျောင်းသားတွေနဲ့ ဆက်သွယ်ပြီး လိုအပ်တဲ့ အကူအညီတွေ ပေးထားတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးကူးစက်ပျံ့ပွားနေတာကြောင့် MIIT တက္ကသိုလ်နဲ့ MPEI တက္ကသိုတွေက သင်တန်းသားတွေကို မတ်လ ၁၉ ရက်နေ့ကတည်းကစလို့ အဆောင်တွေကနေ အဝေးရောက်သင်ကြားမှုစနစ်တွေ လုပ်နေတယ်လို့လည်း ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
(၂) WHO မော်တော်ယာဉ် အပစ်ခံရတာနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မတီဖွဲ့စည်း

ဓာတ်ပုံ ရင်းမြစ်, EPA
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ရာမောင်တံတားအနီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ပိုင် မော်တော်ယဉ်ပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဝင် ၄ ဦးပါတဲ့ ကော်မတီတခုကို သမ္မတက ဧပြီလ ၂၈ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။
ကော်မတီဥက္ကဋ္ဌ အဖြစ် ညောင်ဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောက တာဝန်ယူထားပါတယ်။ သူဟာ အငြိမ်းစား တက္ကသိုလ်ဆရာ တစ်ဦးလည်း ဖြစ်ပါတယ်။
ကော်မတီအတွင်းရေးမှူးအဖြစ် နိုင်ငံတော်သမ္မတရုံးက တွဲဖက်တာဝန်ခံ ဗိုလ်မှူးကြီး ထိန်လင်းကို တာဝန်ပေးထားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အရာထမ်း ၁ ဦးနဲ့ ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစားဝန်ထမ်း ၁ ဦးတို့ကို အဖွဲ့ဝင်အဖြစ် ခန့်အပ်ထားပါတယ်။
ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ ပစ်ခတ်ခံရတဲ့ နေရာရဲ့ နောက်ခံအခြေအနေ၊ ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ အသေးစိတ်ဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးမှာဖြစ်ပြီး ပစ်ခတ်ခံရတဲ့နေရာကို ကွင်းဆင်းစစ်ဆေးတာ၊ မျက်မြင်သက်သေ အထောက်အထားတွေ ရှာဖွေစုံစမ်းတာတွေပါမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တပ်မတော် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးက အရာရှိတွေကို ခေါ်ယူမေးမြန်းတာ၊ စာရွက်စာတမ်းတောင်းယူတာတွေ ပါဝင်နိုင်တယ်လို့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာရှိတဲ့ ကိုဗစ်-၁၉ စောင့်ကြည့်လူနာတွေရဲ့ နှာခေါင်းတို့ဖတ် နမူနာတွေကို ဓာတ်ခွဲစစ်ဆေးဖို့ WHO ရဲ့ မော်တော်ယာဉ်ဟာ ရန်ကုန်ကို ယူဆောင်လာစဉ် မင်းပြားမြို့နယ် ရာမောင်တံတားအနီးမှာ ဧပြီလ ၂၀ ရက်နေ့က ပစ်ခတ်ခံရတာဖြစ်ပြီး ယာဉ်မောင်း ကိုပြည့်စုံဝင်းက သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့သလို နောက် ၁ ဦးကလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
(၃) တောင်ကိုရီးယား ဆောက်လုပ်ရေးလုပ်ငန်းခွင် မီးလောင်မှု ၃၈ ဦးထက်မနည်း သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့မှာရှိတဲ့ ဆောက်လုပ်နေဆဲ ကုန်ပစ္စည်းသိုလှောင်ရုံတစ်ခုမှာ မီးလောင်မှု ဖြစ်တာကြောင့် လူ အနည်းဆုံး ၃၈ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာတွေရခဲ့တယ်လို့ တောင်ကိုရီးယား Yonhap သတင်းဌာနက ထုတ်ပြန်ပါတယ်။
ကုန်သိုလှောင်ရုံရဲ့ မြေအောက်ခန်းက မီးလောင်လွယ်တဲ့ ပစ္စည်းတွေကို ကူးစက်တာကြောင့် ပေါက်ကွဲသံတွေနဲ့ မီးတောက်ကြီးတွေ ဖြစ်ခဲ့ရတာလို့လည်း ပြောပါတယ်။
သေဆုံးသူအားလုံးဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင် လုပ်သားတွေ ဖြစ်မယ်လို့လည်း တောင်ကိုရီးယားမီဒီယာတွေက ပြောနေပြီး သေဆုံးသူဟာ ၇၈ ဦးအထိ မြင့်တက်လာနိုင်တယ်လို့လည်း ခန်းမှန်း ပြောဆိုမှုတွေ ရှိနေပါတယ်။
တောင်ကိုရီးယား ဝန်ကြီးချုပ် Chung Sye-kyun ကတော့ ရှာဖွေကယ်ဆယ်ရေးတွေကို တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ကြဖို့ တိုက်တွန်းနေပါတယ်။








