ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်ကြောင့်တန်နဲ့ချီ ပျက်စီးခဲ့ရတဲ့ တရုတ်နယ်စပ်က ဖရဲသီးများ
မြန်မာနိုင်ငံ ကနေ တရုတ်နိုင်ငံကို နယ်စပ်ကနေ တင်ပို့နေတဲ့ ဖရဲသီးစျေးကွက်ဟာ ကိုဗစ် -၁၉ ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး ဖရဲသီးတွေ တန်နဲ့ချီ ပြီးလမ်းဘေးမှာ ပစ်ခဲ့ရတဲ့အထိ စျေးကွက်မှာ ထိခိုက်မှုတွေရှိခဲ့တယ်လို့ မူဆယ်သစ်သီးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘိုက ဘီဘီစီကိုပြောပါတယ်။
တရုတ်နိုင်ငံဘက်က မြန်မာကားတွေကို ဧပြီလ ၂၀ ရက်ကစပြီး ကိုဗစ် -၁၉ ကြောင့် အဝင်မခံတာက စကာ မူဆယ်နဲ့တရတ်နယ်စပ် ကုန်သွယ်လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့ကြန့်ကြာမှု ဖြစ်လာခဲ့တာပါ။
ကားအစီးရေ ရာနဲ့ချီ ပိတ်မိနေခဲ့ပြီး ဖရဲသီးတွေပျက်စီးခဲ့ ရတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အခုအခါ ဖရဲသီးတွေပျက်စီးတာကြောင့် တရုတ်နယ်စပ်ကို မြန်မာဖရဲကားတွေ အဝင်နည်းသွားပြီး စီးရေ ဆယ်ဂဏန်းလောက်ပဲ ဝင်ပြီး အရောင်းအဝယ် လည်းနည်းသွားတယ်လို့လည်း မူဆယ်နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
တရုတ် ကို တင်ပို့တဲ့ ဖရဲစျေးကွက် ထိခိုက်မှုဟာ မြန်မာ ဖရဲစိုက်တောင်သူတွေသာမက ဖရဲတင်ပို့တဲ့ မြန်မာကားသမားတွေကိုလည်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း ဦးစိုင်းမြင့်ဘိုက ပြောပါတယ်။
"တရုတ်က ကိုဗစ်ကြောင့် အစစ်အဆေးများတယ်။ ကားတွေအကုန် မဝင်ရဘူး။ တရုတ် ယာဉ်မောင်း နဲ့ ချိန်းရတယ်။ ဖရဲကား ကားအစီးရေ ၁၀၀၀ လောက်ဝင်လာရင် တရုတ်ပြည်ထဲကို ကားအစီးရေ ၂၀၀ ၊၃၀၀ လောက်ပဲ ဝင်လို့ရတယ်။ လမ်းမှာ ၇ရက်၊၈ ရက်ကြာကုန်တော့ ဖရဲသီးတွေ လွှင့်ပစ်ရတယ်။ ကားခ မရကြဘူး။ ပိုက်ဆံလည်းမရဘူး "ဟုလို့လည်း နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။
ကားအစီးရေ ထောင်ချီ ဝင်ရောက်ခဲ့တာကြောင့် တချို့သစ်သီးကားတွေက ဖရဲသီး၊သခွားမွှေးတွေဟာ ရက်ကြာလို့ ပုပ်သိုးလာတာကြောင် စွန့်ပစ်လိုက်ရတာတွေ ရှိခဲ့ကြောင်း တစ်ရက်ကို ဖရဲ၊ သခွားမွှေး တန် နဲ့ချီပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက စွန့်ပစ်ခဲ့ရကြောင်းလည်း နယ်စပ်ကုန်သည်တစ်ဦးကပြောပါတယ်။
ဖရဲ၊ သခွားမွှေးတွေကို စစ်ကိုင်း၊မန္တလေး၊ မကွေး၊ ရှမ်း အပါအဝင် နိုင်ငံ အလယ်ပိုင်း၊ အထက်ပိုင်း နေရာဒေသအများအပြားမှာ စိုက်ပျိုးကြပြီး ဒီသီးနှံတွေကို မြန်မာနိုင်ငံက တောင်သူတွေအပြင် တရုတ်နိုင်ငံက လာရောက်စိုက်ပျိုးမှုတွေ ရှိခဲ့ပါတယ်။
တချို့ရက်တွေ ကားတစ်စီးတည်းကို ၁၀ တန်လောက်ပစ်လိုက်ရတာ ရှိခဲ့တယ်လို့လည်း ဖရဲကားမောင်းသူတွေက ပြောပါတယ်။
အခုအခါ မှာတော့ ဖရဲ၊ သခွားမွှေး ကားတွေ ပိတ်တာ မရှိတော့ကြောင်းနဲ့ သရက်သီးကားတွသာ အဝင်ရှိတော့ကြောင်း တရုတ်ဘက်က ကိုဗစ်ကြောင့် မြန်မာ ကားသမားတွေ အဝင်မခံတာက စပြီး အခုလိုပြဿနာ ဖြစ်ရတာ ဖြစ်တာလို့လည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဘီဘီစီကို ပြောပါတယ်။
ဖရဲ၊ သခွားမွှေး အပါအဝင် မြန်မာနိုင်ငံ က သစ်သီးဝလံတင်ပို့ မှုဟာ နှစ်စဉ် တန် တစ်သန်းခန့်ရှိတယ်လို့လည်း ဦးခင်မောင်လွင်က ပြောပါတယ်။
မြန်မာနိုင်ငံဘက်က ဖရဲသီး၊သခွားမွှေးနဲ့သရက်သီး ရေထွက်ကုန်တွေကို ကျင့်စန်းကျော့ ကုန်သွယ်ရေးဂိတ်တစ်ခုတည်းကသာ တရုတ်နိုင်ငံဘက်သို့ တင်ပို့ခွင့်ကို တရုတ်က ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။
"အရင်က ကားတွေဝင်ပြီး ကုန်ချပြီးထွက်လာလို့ရတယ် အခုဖြစ်သွားတာက တရုတ် က ကားသမား ၁၀ ယောက်လောက်ကပဲ ကားတွေကို မောင်းပေးတော့ ကြာကုန်တာ "လို့လည်း မူဆယ်သစ်သီးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘိုက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း ကအခုလို ထိခိုက်မှုတွေရှိခဲ့ပေမယ့်လည်း မြန်မာတရုတ် နယ်စပ် ကုန်သွယ်ရေးအတွက် ကုန်သွယ်မှုမှာ ထိခိုက်ကျဆင်းလာတာမျိုးတော့ မတွေ့ရ ကြောင်းလည်း ဦးခင်မောင်လွင် ကပြောပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ ဖရဲ၊ သခွားတင်ပို့မှုတွေနဲ့ ပတ်သက်ပြီး မဟာဗျူဟာရေးဆွဲဖို့ စီဥ်နေတယ်လို့ ပြောထားပေမယ့်၊ လတ်တလောမှာတော့ ရေရာတိကျတဲ့ မှုဝါဒ ရှိနေတယ် ဆိုတာမျိုးပြောဆိုတာတော့ မရှိသေးပါဘူး။
အခုလိုမြန်မာ ဖရဲသီး၊သခွား တွေအထိနာခဲ့ရတာဟာ ကိုယ်ဘက်က အအေးခန်း ကားတွေနဲ့ မတင်ပို့နိုင်တဲ့ အချက်လည်းပါတယ် လို့ ဦးခင်မောင်လွင် ကပြောပါတယ်။
"အခုဆိုရင် ဖရဲ၊သခွား ရာသီလည်း ကုန်ဆုံးတော့မယ်၊ ဖရဲ၊သခွားရာသီရဲ့ ပေါင်းချုပ်အနေအထားကတော့ စိုက်ပျိုးတောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်ပြီးတော့ ရာသီသိမ်းမယ့် အနေအထားပါ"ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘို ကပြောပါတယ်။