မန္တလေးကိုဗစ်-၁၉ စောင့်ကြည့် လူနာ ၅ဦး ထပ်မံသေဆုံး

မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါ သံသယစောင့်ကြည့်လူနာ ၅ဦး ထပ်မံသေဆုံးသွားကြောင်း မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေး က ကပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်လူနာ တွေဟာ ဧပြီလ ၂၄ ရက်က ၇ ဦး၊ ဧပြီလ ၂၅ ရက်က ၅ ဦးသေဆုံးခဲ့တာဖြစ်ပါတယ် ။

ကိုဗစ်-၁၉ ရောဂါ သံသယစောင့်ကြည့်လူနာ သေဆုံးသူအရေ အတွက်ဟာ မန္တလေးမှာ နှစ်ရက်ဆက်တိုက် ၁၂ ဦးထိ ရှိလာပြီလို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်စုစုဒွေးက ပြောပါတယ်။

"ပထမနေ့ ဆုံးတဲ့ထဲမှာ လေးယောက်က ပိုးမတွေ့ဘူး။ မနေ့ကဆုံးတဲ့ ငါးယောက်ထဲမှာ နှစ်ယောက်က ပိုးမတွေ့ဘူး"လို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနက သေဆုံးလူနာအချို့ရဲ့ ဓာတ်ခွဲအဖြေရလဒ် ထွက်ပြီးအခြေနေကိုသူက ပြောပြပါတယ်။

"သေဆုံးတဲ့ လူနာတွေက သူတို့မှာ အများအားဖြင့် အခံရောဂါရှိတယ်။ ပြင်းထန်ဝေဒနာရှိတဲ့သူပဲ ဖြစ်ပါတယ်။ သံသယစောင့်ကြည့်လူနာတွေဖြစ်လို့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးတာလို့ ပြောလို့မရဘဲ ဓာတ်ခွဲဆေးစစ်ချက် အဖြေရမှသာ ခွဲခြားသိနိုင်ပါတယ်။ ကျန်တဲ့ သေဆုံးလူနာတွေရဲ့ ရလဒ်ကို မသိရသေးပါဘူး။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို သတ်မှတ်တဲ့ အတိုင်း စနစ်တကျ သဂြိုလ်တာဖြစ်တယ် "လို့ ဒေါက်တာစုစုဒွေးက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ကာလမှာ မန္တလေးဆေးရုံကြီးမှာ ခွဲစိတ်ကုသအဖွဲ့နဲ့ ဖျားနာကုသအဖွဲ့ဆိုပြီး နှစ်ပိုင်းခွဲထားပြီး ဖျားနာကုသအဖွဲ့ ထဲက နှလုံး၊ အသည်း၊ ကျောက်ကပ် အထူးကုကိစ္စတွေရှိသလို ချောင်းဆိုး၊ အဆုတ်မကောင်းသူ၊ ကျောက်ကပ်၊ ဆီးချိုရောဂါရှိသူတွေကနေ ပြင်းထန်တဲ့ ရောဂါဖြစ်ခဲ့ရင် ကိုဗစ်-၁၉ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကုသပေးနေတာဖြစ် တယ်လို့ လည်းမန္တလေးဆေးရုံအုပ်ကြီးက ရှင်းပြပါတယ်။

မန္တလေးဆေးရုံကြီးမှာ သံသယ စောင့်ကြည့် လူနာဟာ ဧပြီ ၂၅ရက်ထိ ၃၂၅ဦးရှိပါတယ်။ စောင့်ကြည့်လူနာထဲက အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန ဓာတ်ခွဲအဖြေမှာ ကိုဗစ်-၁၉ ရောဂါ ပိုးမရှိအ ဖြေထွက်လို့ ဆေးရုံဆင်းသွားတဲ့ လူနာ ၁၈၃ယောက်ရှိတယ်လို့ သိရပါတယ်။