ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆန်တန် ငါးသောင်းနဲ့ ဆီတန် တစ်သောင်းကျော် အစိုးရက အရန်ရိက္ခာ အဖြစ်ဝယ်မယ်
ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေရှိနေချိန်မှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်း ရိက္ခာ ဖူလုံရေး အတွက် ဆန် နဲ့ ဆီ တွေကို အစိုးရက အရန်ရိက္ခာ အဖြစ် ဝယ်ယူမှာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဘီဘီစီကို ပြောပါတယ်။
ဒီဆန်တွေကို လာမယ့် ဧပြီလ၂၇ ရက်နေ့ ကစပြီး ပြည်ပတင်ပို့ခွင့်ပြုသူတွေဆီကနေ ၁ဝရာခိုင်နှုန်း ကို ခွဲတမ်းအဖြစ် သတ်မှတ်ကာ အရန်ဆန် အတွက် ရောင်းပေးဖို့ သတ်မှတ်ထားတယ်လို့လည်း သူက ပြောပါတယ်။
နိုင်ငံအရေးပေါ် ရိက္ခာအတွက် ဆန်နဲ့ ဆီ ကျပ် ၃၈ ဘီလျံဖိုး ဝယ်ယူသိုလှောင်ဖို့ စီစဥ်နေ ပြီး သမ္မတ အရေးပေါ်ရန်ပုံငွေကနေ ထုတ်ယူသုံးစွဲခွင့် ရရှိပြီးဖြစ်တယ်လို့လည်း ဦးခင်မောင်လွင်က ဘီဘီစီကို ပြောပါတယ်။
အရန်ဆန် အတွက် ဝယ်ယူမယ့် ဆန်အမျိုးအစားက ဧည့်မထဆန် ၂၅ မှတ်ဖြစ်ပြီး၊ ဆန်တန်ချိန် ငါးသောင်းနဲ့ အရန်ဆီ အဖြစ် စားအုံးဆီတန်ချိန် တစ်သောင်းနှစ်ထောင်တို့ကို ဝယ်ယူမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အရန်ဆန်အတွက် ဆန်လုပ်ငန်းရှင်တွေ ပို့ကုန်လိုင်စင် လျှောက်ထားတဲ့အခါ စုစုပေါင်းပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကို ရောင်းချစေတဲ့နည်းလမ်းနဲ့ ဝယ်ယူဖို့ အစိုးရက စီစဥ်ထားတာဖြစ်ပြီး ၊ ပင်လယ်ရေကြောင်း က တင်ပို့သူတွေက ရန်ကုန်မြို့မှာ ဆန်အပ်ရမှာ ဖြစ်သလို ၊ နယ်စပ်ထွက်ပေါက်ကနေ တင်ပို့သူတွေကတော့ မန္တလေးမြို့မှာ ဆန်အပ်ရမှာ ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။
ဒီအရန်ဆန်တွေ လက်ခံရေးအတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သည်စက်မှု အသင်းချုပ်နဲ့ ဆန်စက်ပိုင်ရှင်တွေ စုပေါင်းပြီး ညှိနှိုင်းစီစဥ်ထားတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အခုအခါ နွေစပါးတွေပေါ်နေပြီး ၂၅ မှတ် ဧည့်မထ စပါးတင်းတစ်ရာကို ကျပ် ၅သိန်း ၃ သောင်း စျေးပေါက်တယ်လို့ ပဲခူးတိုင်း သာယာဝတီနယ်က လယ်သမားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အရန်ဆန် ဝယ်တဲ့အတွက် နိုင်ငံက သတ်မှတ်ထားတဲ့ အခြေခံစပါးစျေးလဲ ၅သိန်းအောက် ရောက်မှာ ကို ထိန်းထားသလို ဖြစ်တယ်လို့လည်း ဧရာဝတီတိုင်းက ဆန်ကုန်သည်တချို့က ပြောပါတယ်။
မတ်လအတွင်း ပြည်ပပို့ကုန်လိုင်စင် ခွင့်ပြုဖို့ လျှောက်ထားတဲ့ ဆန်ပမာဏဟာ တန်ချိန်တစ်သိန်းကျော်ရှိပြီး အရေးပေါ်ရိက္ခာဆန် တန်ချိန်တစ်သောင်းကို အဲဒီကနေ ရနိုင်တယ်လို့လည်း လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။
"အရန်ဆန်အပ်ပြီးမှ လိုင်စင်ခွင့်ပြုမှာပါ။ ဆန်စပါးအသင်းချုပ်နဲ့လည်း သဘောတူညီမှု ရပြီးပါပြီ" လို့လည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ရှင်းပြပါတယ်။
"တကယ်လို့ ဒီထက် မြန်မြန်ဆန်ဆန် အရေးပေါ်လိုအပ်လာရင်တော့ ပြည်တွင်းမှာ တင်ဒါခေါ်ယူသွားမယ် "လို့လည်း သူက ပြောပါတယ်။
ဒီလို အရန်ဆန် ၁ဝ ရာခိုင်နှုန်း အစိုးရကို ရောင်းပေးရတာနဲ့ ပတ်သက်လို့ ပြည်ပ ပို့ကုန် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်းကတော့ "လုပ်ငန်းရှင်တွေအတွက် အဆင်ပြေပါတယ်။ နည်းနည်းတော့ ရှုံးတယ်"လို့ လည်း ဘီဘီစီကို ပြောပါတယ်။
အစိုးရကို ၁ဝရာခိုင်နှုန်း အရန်ဆန်အပ်ရမယ့် အစီအစဥ်မှာ ဆန်ကွဲတင်ပို့သူတွေကိုလည်း အစိုးရကို အရန်ဆန် အပ်ဖို့ သတ်မှက်ထားတယ်လို့လည်း လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်က ပြောပါတယ်။
ပြည်ပကတင်သွင်းတဲ့ စားအုန်းဆီကို တော့ အရန်ရိက္ခာအဖြစ် အစိုးရက တန် တစ်သောင်းနှစ်ထောင် ဝယ်ယူမယ့် အပြင် ဆီတင်သွင်း တဲ့ လုပ်ငန်းရှင်တွေ လက်ဝယ်မှာ နေ့စဥ် စုစုပေါင်း တန်ချိန် တစ်သောင်းနှစ်ထောင် အပိုထားဖို့ စီစဉ်နေတယ်လို့လည်း ဦးခင်မောင်လွင်က ပြောပါတယ်။
"လုပ်ငန်းရှင်တွေဆီက စုစုပေါင်းတန်ချိန် တစ်သောင်းနှစ်ထောင် နိုင်ငံတော်က လိုအပ်တဲ့အချိန် ချက်ချင်းထုတ်ပေးဖို့ကိုလည်း ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းနဲ့ ညှိနှိုင်းထားပါတယ်" လို့ ဦးခင်မောင်လွင်က ပြော ပါတယ်။
အခုဝယ်ယူမယ့် ဆန်နဲ့ဆီအတွက် စုစုပေါင်းသုံးစွဲမယ့် ငွေပမာဏမှာ ဈေးကွက်ပေါက်ဈေးအပေါ် အခြေခံတွက်ချက်ထားတာဖြစ်ပေမယ့် အတိအကျကိုတော့ သက်ဆိုင်ရာအသင်းတွေနဲ့ ညှိနေဆဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံဟာ လူဦးရေ ၅၄ သန်းကျော်ရှိပြီး ဆန်နဲ့ဆီ စားသုံးမှု မြင့်မားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။လူတစ်ဦး တစ်နှစ် ဆန်စားသုံးနှုန်းမှာ မြန်မာနိုင်ငံ ဆန် စပါးအဖွဲ့ ရဲ့ သုတေသနလေ့လာချက်အရ ပျမ်းမျှ ၁၅၅ ကီလိုဂရမ်ရှိပြီး တစ်နှစ်ကို ဆန်တန် ၈ ဒသမ ၅ သန်းခန့်လိုအပ်ချက်ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ဆန်စပါးထုတ်လုပ်မှုက တစ်နှစ်ကို တန်ချိန် ၁၃ သန်းကျော်ခန့်ရှိတယ်လို့ တရားဝင်စာရင်းတွေ အရ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာ တွေ့ရှိပြီးနောက် ရုတ်တရက် အခြေခံစားကုန်တွေကို အလုအယက် ဝယ် ယူစုဆောင်းတာ တွေရှိလာသလို၊ လက်လီဈေးကွက်မှာ ဆန်၊ဆီစတဲ့ အခြေခံစားကုန်တွေလည်း ဈေးအနည်းငယ်မြင့်တက်တာတွေလည်း ရှိခဲ့ပါတယ်။