မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၇ ဦးရှိလာ၊ အသက်အငယ်ဆုံး တစ်နှစ်ခွဲအရွယ် ကလေး ပါဝင်၊ ရန်ကုန်ပိုးတွေ့လူနာသစ်တွေကို တောင်ဥက္ကလာပအထူးကုဆေးရုံ စပို့ အပါအ၀င် ဧပြီ ၁၉ ရက်မနက် ထိပ်တန်းသတင်းများ

ပိုးတွေ့လူနာအများဆုံးရှိတဲ့ မြို့နယ် ၇ ခုကို အစိုးရက အဝင်အထွက်ကန့်သတ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, ပိုးတွေ့လူနာအများဆုံးရှိတဲ့ မြို့နယ် ၇ ခုကို အစိုးရက အဝင်အထွက်ကန့်သတ်ထားပါတယ်။

(၁) မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၇ ဦးရှိလာ၊ အသက်အငယ်ဆုံး တစ်နှစ်ခွဲကလေးအရွယ် ပါဝင်

မြန်မာမှာ ဧပြီ ၁၉ ရက် မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၁၀၇ ဦးရှိလာပြီး အဲဒီထဲမှာ အသက်အငယ်ဆုံး တစ်နှစ်ခွဲအရွယ် ကလေးငယ် ပါဝင်လာပါတယ်။

ဧပြီ ၁၉ ရက်မနက် ၇ နာရီ ထုတ်ပြန်ချက်အရ မနေ့က တစ်ရက်တည်းမှာ ရောဂါပိုးတွေ့လူနာသစ် ၁၃ ဦး ရှိခဲ့တာကြောင့် လူနာစုစုပေါင်း ၁၀၇ ဦးထိရှိလာပြီဖြစ်ပါတယ်။

အဲဒီ ထပ်တိုး ၁၃ ဦးထဲမှာ အသက် တစ်နှစ်နဲ့ ခြောက်လအရွယ် ကလေးငယ်ဟာ ပန်းဘဲတန်းက ကွယ်လွန်သွားသူ လူနာနံပါတ် ၃၉ ရဲ့ မြစ်တော်စပ်သူဖြစ်တယ်လို့ ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။

ကလေးငယ်က အရမ်းငယ်သေးတဲ့အတွက် ဆေးရုံကိုပို့ဆောင်တဲ့အခါ မိခင်ပါ အတူလိုက်ပါဖို့ ရှိမရှိ မေးမြန်းတဲ့အခါမှာတော့ အသေးစိတ်အခြေအနေ ကိုမသိရသေးကြောင်း ဦးသန်းနိုင်ဦးက ပြောပါတယ်။

လူနာနံပါတ် ၃၉ မှာ မိသားစုဝင်ရှစ်ဦးရှိတဲ့အနက် တချို့ကလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး ဆေးရုံကိုရောက်နေတာကြောင့် အခု ကူးစက်ခံရတဲ့ကလေးငယ်ဟာလည်း ဆေးရုံမှာ သူ့မိသားစုဝင်တွေနဲ့ နီးနီးကပ်ကပ်ရှိနေမယ်လို့ မျှော်လင့်ရကြောင်းလည်း ဦးသန်းနိုင်ဦးက ဆက်ပြောပါတယ်။

အခု ပိုးတွေ့ရှိသူ ၁၃ ဦးလုံးဟာ အသွားအလာကန့်သတ်ထားသူတွေထဲက ဖြစ်ပြီး ၁၂ ဦးက ရန်ကုန်နဲ့ တစ်ဦးကတော့ တာချီလိတ်မြို့က ဖြစ်ပါတယ်။

ဒေါပုံမြို့နယ်ထဲက လူနာသစ်နှစ်ဦးအနက် တစ်ဦးဟာ တရားဟောဆရာတက်ရောက်တဲ့ ဘာသာရေးပွဲမှာ အခမ်းအနားမှူး ပြုလုပ်သူဖြစ်တယ်လို့ ဒေါပုံမြို့နယ် လွှတ်တော်အမတ် ဦးသန့်ဇင်က ဘီဘီစီကိုအတည်ပြုပါတယ်။

"ယမုံနာ ၁ ရပ်ကွက်ထဲကပါ။ ကမ်နားဘက်ကျပါတယ်။ သင်္ဘောဒေါက်ကျင်းတွေရှိတဲ့နားကပါ။ တစ်ယောက်က ဒေးဗစ်လားနဲ့အဖွဲ့က တစ်ယောက်ပါ။ သူက announcer လုပ်တာပါ။ သူကတော့ တစ်ယောက်တည်းနေတယ်။ အဲဒီမတိုင်ခင်မှာတော့ သူနဲ့ ထိတွေ့တဲ့ သုံးဦး ရှိတယ်လို့ ပြောလို့ ဆက်စပ်တဲ့သူ တွေကို လော့ဒေါင်းလုပ်ထားပါတယ်။ နောက်တစ်ယောက်ကတော့ မိသားစုသုံးဦးရှိတယ်။ သူက အင်းမဘက်မှာဖြစ်တာ။ အင်းမ က ကွာရန်တင်းစင်တာမှာဝင်နေတာပါ" လို့ ဦးသန့်ဇင်က ပြောပါတယ်။

ဒါ့အပြင် မြောက်ဒဂုံက ပိုးတွေ့လူနာ နှစ်ဦးဟာလည်း ဘာသာရေးပွဲနဲ့ ဆက်စပ်သူတွေဖြစ်တယ်လို့ မြောက်ဒဂုံအမတ် ဒေါက်တာခင်မောင်မောင်က ဘီဘီစီကိုပြောပါတယ်။

"မြောက်ဒဂုံ ၄၀ ရပ်ကွက်မှာနေတဲ့သူပါ။ လူနာနံပါတ် ၁၀၁ နဲ့ ၁၀၇ ပါ။ ဇနီးမောင်နှံလို့ သိရပါတယ်။ ထိတွေ့မှုက တရားပွဲကနေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို သံသယလူနာအဖြစ် သီးသန့်ထားစောင့်ကြည့်ပြီး စစ်ဆေးခဲ့တာပါ။ သူတို့က အဲဒီမှာ ထမင်းချက်ပေးတဲ့သူတွေလို့ပြောပါတယ်" လို့ ဒေါက်တာ ခင်မောင်မောင်က ပြောပါတယ်။

ရပ်ကွက် ၇ ခုမှာ ဧပြီ ၁၉ ရက်မနက် ထုတ်ပြန်ချက်တွေပေါ်တွက်ချက်မှုအရ ပိုးတွေ့လူနာ စုစုပေါင်း ၆၃ ဦးရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NurPhoto

ဓာတ်ပုံ ပုံစာ, ဧပြီ ၁၉ ရက်မနက် ထုတ်ပြန်ချက်တွေပေါ်တွက်ချက်မှုအရ ရပ်ကွက် ၇ ခုမှာ ပိုးတွေ့လူနာ စုစုပေါင်း ၆၃ ဦးရှိနေပါတယ်။

မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၇ ဦး၊ သေဆုံး ၅ ဦးနဲ့ ပြန်လည် ကောင်းမွန်လာသူ ၅ ဦး တို့ ရှိနေပါတယ်။ အဲဒီထဲမှာ အုပ်စုလိုက်ကူးစက်မှု နှစ်ခုရှိထားပြီး ဘာသာရေးပွဲပြုလုပ်ခဲ့တဲ့ ၈ မိုင်အုပ်စုနဲ့ ဒီအခမ်းအနားနဲ့ ဆက်စပ်တဲ့ အင်းစိန်ဘက်က အုပ်စုလိုက် ကူးစက်မှုနှစ်ခုဖြစ်တာကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

(၂) ရန်ကုန်ပိုးတွေ့လူနာသစ်တွေကို တောင်ဥက္ကလာပအထူးကုဆေးရုံ စပို့

ရန်ကုန်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူလူနာတွေကို ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ကုသမှုပေးနေရာကနေ အခုတော့ တောင်ဥက္ကလာအထူးကု ဆေးရုံကို စတင် ပို့ဆောင်ကုသနေပြီဖြစ်ပါတယ်။

ဝေဘာဂီဆေးရုံမှာ နာမည်ကြီးရော့ခ်အဆိုတော်အပါအဝင် လူနာ ခုနစ်ဆယ်ကျော်တက်ရောက်ကုသနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win

ဓာတ်ပုံ ပုံစာ, ဝေဘာဂီဆေးရုံမှာ နာမည်ကြီးရော့ခ်အဆိုတော်အပါအဝင် လူနာ ခုနစ်ဆယ်ကျော်တက်ရောက်ကုသနေပါတယ်။

ဒီမနက်ထပ်တွေ့တဲ့ လူနာသစ်တွေထဲက မြောက်ဒဂုံက ပိုးတွေ့လူနာနှစ်ဦး တောင်ဥက္ကလာပဆေးရုံက အဆောင်သစ်ကို ဒီနေ့ ပို့ဆောင်ဖို့လုပ်နေပြီလို့ မြောက်ဒဂုံအမတ် ဒေါက်တာခင်မောင်မောင်က ဘီဘီစီကို ဧပြီ ၁၉ ရက်မနက် ၇ နာရီခွဲမှာ ပြောကြားပါတယ်။

ဝေဘာဂီဆေးရုံမှာ လူနာ ၉၀ ထိပဲလက်ခံနိုင်ပြီး လက်ရှိဝေဘာဂီက အဆောင် ၃ ဆောင်လုံးမှာ လူနာတွေ ပြည့်သွားပြီလို့ အဲဒီဆေးရုံက ပါမောက္ခ ဒေါက်တာ စပယ်ဖြူက ဧပြီ ၁၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ အတိုင်ပင်ခံနဲ့ အွန်လိုင်းကနေ တိုက်ရိုက်ဆွေးနွေးခန်းက တင်ပြခဲ့ပါတယ်။

လက်ရှိဝေဘာဂီဆေးရုံမှာ လူနာ ၇၂ ဦးရှိပြီး ၃ ဦးကို အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီ ၁၈ ရက် ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝေဘာဂီမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေအတွက် ခုတင်ပြည့်သွားပြီလို့ ဆေးရုံတာဝန်ရှိသူက ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win

ဓာတ်ပုံ ပုံစာ, ဝေဘာဂီမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေအတွက် ခုတင်ပြည့်သွားပြီလို့ ဆေးရုံတာဝန်ရှိသူက ပြောထားပါတယ်။

ဒီမနက်ထုတ်ပြန်တဲ့ ပိုးတွေ့လူနာ ၁၃ ဦးအနက် တစ်နှစ်နဲ့ခြောက်လအရွယ် ကလေးငယ်ကို ဝေဘာဂီဆေးရုံကို ပို့ဆောင်မှာဖြစ်ပြီး တာချီလိတ်က လူနာနံပါတ် ၉၆ ကို ကျိုင်းတုံပြည်သူ့ဆေးရုံကို ပို့ဆောင်မှာဖြစ်ပါတယ်။ ကျန်တဲ့လူနာ ၁၁ ဦးလုံးကိုတော့ တောင်ဥက္ကလာပအထူးကုဆေးရုံကို ပို့ဆောင်မှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ရဲ့ ဧပြီ ၁၉ ရက် မနက် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ကျန်ဒေသတွေက လူနာတွေထဲမှာ တီးတိန်ပြည်သူ့ဆေးရုံမှာ ၄ ဦး၊ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးနဲ့ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတို့မှာ နှစ်ဦးစီ၊ လားရှိုး၊ မော်လမြိုင်၊ တောင်ကြီး၊ မကွေးပြည်သူ့ဆေးရုံကြီးတွေနဲ့ မန္တလေးကန်တော်နဒီဆေးရုံတို့မှာ တစ်ဦးစီ ကုသမှုခံယူနေပါတယ်။

ရန်ကုန်မှာ ကိုဗစ်-၁၉ လူနာတွေကို ကုသဖို့ ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာပဆေးရုံအပြင် ဖောင်ကြီးဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းကိုလည်း ဆေးရုံအသွင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

(၁) စပိန်မှာ ကလေးများအတွက် ဖြေလျှော့မှုတွေပေးမယ်လို့ ဝန်ကြီးချုပ်ကတိပေး

ကလေးငယ်တွေအတွက်သန့်ရှင်းတဲ့လေကောင်းလေသန့်ရဖို့လိုအပ်တာကို ဝန်ကြီးချုပ်က သဘောတူပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကလေးငယ်တွေအတွက်သန့်ရှင်းတဲ့လေကောင်းလေသန့်ရဖို့လိုအပ်တာကို ဝန်ကြီးချုပ်က သဘောတူပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကိုထိန်းချုပ်ဖို့ ကန့်သတ်မှုတွေ ပြုလုပ်ထားတဲ့ စပိန်မှာ ကလေးငယ်တွေအတွက် ဖြေလျှော့မှုတွေ လုပ်ပေးမယ်လို့ စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်က ကတိပြုလိုက်ပါတယ်။

စပိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ် ၁၄ ရက်က စပြီး အိမ်ထဲမှာပဲ နေထိုင်ဖို့ တားမြစ်ကန့်သတ်ထားတာဖြစ်ပါတယ်။

ဘာစီလိုနာမြို့တော်ဝန်က ကလေးတွေကို ဒီသတင်းပတ်မှာ အပြင်ထွက်ခွင့်ပေးဖို့ အစိုးရကို ပန်ကြားခဲ့တာဖြစ်ပါတယ်။

စပိန်မှာကလေးငယ် ရှစ်သန်းဟာ အိမ်ထဲမှာ သီတင်းငါးပတ်ကြာ နေထိုင်ခဲ့ရပြီး ခုတော့ သူတို့ကျန်းမာရေးအတွက် စိုးရိမ်မှုတွေရှိလာနေကြပါတယ်။

ကလေးငယ်တွေကို အခုလိုတားမြစ်ပိတ်ပင်မှုတွေကြောင့် သူတို့ရဲ့ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ကြုံလာရနိုင်တယ်လို့ စပိန်ကလေးသူငယ်အခွင့်အရေးစောင့်ရှောက်ရေးညွန့်ပေါင်းအဖွဲ့က သတိပေးထားပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို အပြင်ထွက်ပြီး ကစားခွင့်ပြုဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာလေ့ကျင်ခန်းလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ ခွင့်ပြုသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

စပိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်သောင်းကျော်ရှိပြီး ကူးစက်ခံရသူ နှစ်သိန်းနီးပါး ရှိနေပါတယ်။

စပိန်ဝန်ကြီးချုပ်မစ္စတာဆန်းချက်ဇ်က စပိန်ဟာ ကူးစက်ရောဂါရဲ့ ရက်စက်စွာတိုက်ခိုက်ချေမှုန်းမှုတွေနဲ့ အဆိုးရွားဆုံးအခြေအနေတွေကို ချန်ထားနိုင်ခဲ့ပြီလို့ မနေ့က ရုပ်မြင်သံကြားကနေ တစ်ဆင့် ပြောခဲ့ပါတယ်။

ကလေးတွေကို ငါးပတ်ကြာ အိမ်ထဲနေခိုင်းတဲ့အပေါ် ဝေဖန်မှုတွေတိုးလာချိန် ဝန်ကြီးချုပ်က အခုလို တုံ့ပြန်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, SPANISH GOVERNMENT

ဓာတ်ပုံ ပုံစာ, ကလေးတွေကို ငါးပတ်ကြာ အိမ်ထဲနေခိုင်းတဲ့အပေါ် ဝေဖန်မှုတွေတိုးလာချိန် ဝန်ကြီးချုပ်က အခုလို တုံ့ပြန်ခဲ့တာပါ။

ဒါပေမဲ့ အခုချိန်ထိ ကြိုးပမ်းထားတာတွေ အချည်းနှီးမဖြစ်ရအောင် အရေးပေါ်အခြေအနေကို မေလ ၉ ရက်အထိ ထပ်တိုးဖို့ လွှတ်တော်ကို တောင်းဆိုဖို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

စပိန်မှာ မနေ့က တစ်ရက်အတွင်း သေဆုံးသူ ၅၆၅ ဦးရှိပြီး ဒါဟာ သေဆုံးနှုန်းကျလာတာ ဖြစ်ပါတယ်။

စပိန်မှာ ပြီးခဲ့တဲ့တနင်္လာနေ့ကစပြီး ဆောက်လုပ်ရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေလို လုပ်ငန်းခွင်တွေကို ပြန်လည်ဝင်ရောက်လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ် ဘာကြောင့် အဖျက်စွမ်းအား ကြီးမားသလဲ