ကိုရိုနာဗိုင်းရပ်စ် - ရန်ကုန်က မြို့နယ်ခုနစ်ခုမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာ ၆၀ ကျော်ရှိနေ

ဧပြီ ၁၈ ရက် ညနေ ၃ နာရီအထိ ရန်ကုန်က မြို့နယ်ခုနစ်ခုမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာ ၆၂ ဦး ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ဧပြီ ၁၈ ရက် ညနေ ၃ နာရီအထိ ရန်ကုန်က မြို့နယ်ခုနစ်ခုမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာ ၆၂ ဦး ရှိနေပါတယ်။

ကိုဗစ်၁၉ ကူးစက်ရောဂါပျံ့နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ဖို့ ရန်ကုန်တိုင်းထဲက မြို့နယ်တချို့ကို အသွားအလာကန့်သတ်မယ့်အမိန့်ကို အစိုးရက ဧပြီ ၁၈ ရက်နေ့လယ်ပိုင်းမှာ ကြေညာခဲ့ပါတယ်။

အဲဒီမြို့နယ်တွေကတော့ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ အင်းစိန်၊ တောင်ဥက္ကလာ၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တို့ ဖြစ်ပါတယ်။

အဲဒီမြို့နယ်တွေဟာ လောလောဆယ်အထိ အစိုးရထုတ်ပြန်တဲ့ စာရင်းအရ ကိုဗစ်-၁၉ လူနာအများဆုံးတွေ့ရှိထားတဲ့ မြို့နယ် ၇ ခု ဖြစ်နေတာ တွေ့ရပါတယ်။

ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်တဲ့ အမိန့်ထဲမှာ ဖော်ပြပါ မြို့နယ်တွေက ပြည်သူတွေအနေနဲ့ ကိုယ့်အိမ်မှာပဲ ကိုယ်နေကြဖို့ (Stay at Home) လိုအပ်ပြီး ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကို လိုက်နာရမယ် လို့လည်း ပါရှိပါတယ်။

စည်းကမ်းချက်တွေကတော့ အစိုးရဌာန၊ အဖွဲ့အစည်းတွေ ၊ ကုမ္မဏီ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်သူတွေကလွဲပြီး ကျန်သူတွေအားလုံး ကိုယ့်အိမ်မှာပဲကိုယ် နေထိုင်ရမှာဖြစ်ပါတယ်။

အလုပ်သွားအလုပ်ပြန်သူတွေကလွဲလို့ ရပ်ကွက်တွင်း အဝင်အထွက်တွေကို ပိတ်ထားမှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, အလုပ်သွားအလုပ်ပြန်သူတွေကလွဲလို့ ရပ်ကွက်တွင်း အဝင်အထွက်တွေကို ပိတ်ထားမှာဖြစ်ပါတယ်။

မဖြစ်မနေ ဈေးဝယ်ထွက်မယ်ဆိုရင် တစ်အိမ် တစ်ယောက်ပဲ သွားရောက်ရမှာဖြစ်ပါတယ်။ ဆေးရုံဆေးခန်းသွားမယ်ဆိုရင် တစ်အိမ်ကိုနှစ်ဦးပဲ ထွက်ခွင့်ရှိမှာဖြစ်ပြီး အပြင်ထွက်ရင် ပါးစပ်နှာခေါင်းစည်း တပ်ရမှာဖြစ်ပါတယ်။ ဝန်ထမ်းကြိုပို့ယာဉ်တွေနဲ့ ဖြတ်သန်းခွင့်ပြုထားတဲ့ ယာဉ်တွေကို ရပ်ကွက်တွေကို ကျော်လွန်ပြီး သွားလာခွင့်ပြုထားပါတယ်။ ဈေးသွားတာနဲ့ ဆေးရုံဆေးခန်းသွားတဲ့အခါ မော်တော်ယာဉ်သုံးမယ်ဆိုရင် ဈေးသွားရင် ယာဉ်မောင်းအပါအဝင် နှစ်ဦးနဲ့ ဆေးရုံဆေးခန်းဆိုရင် ယာဉ်မောင်းအပါအဝင် သုံးဦးပဲ ခွင့်ပြုထားပါတယ်။

လိုအပ်လို့ လူအရေအတွက် ဒီထက်ပိုများတဲ့ကိစ္စဆောင်ရွက်ဖို့ရှိလာရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို သတင်းပို့ပြီး ခွင့်ပြုချက်နဲ့ သွားလာရမှာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဟာ အလုပ်သွားအလုပ်ပြန်နဲ့ တာဝန်ရှိသူကလွဲလို့ ရပ်ကွက်အတွင်း ဝင်ထွက်သွားလာခွင့်မပြုရန်လို့လည်း ပါရှိပါတယ်။

အခုအမိန့်ကို လိုက်နာဖို့ပျက်ကွက်ရင် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူမယ်လို့ ဖော်ပြထားပြီး ဒီအမိန့်ဟာ ဧပြီ ၁၈ ရက်ညနေကစပြီး သက်ရောက်တာဖြစ်ပါတယ်။

မြို့နယ်အလိုက်ကိုဗစ်လူနာတွေ့ရှိမှုအခြေအနေ

အခုထုတ်ပြန်လိုက်တဲ့ မြို့နယ် ၇ မြို့နယ်ထဲမှာ အင်းစိန်မြို့နယ်ဟာ ကိုဗစ်-၁၉ လူနာ တွေ့ရှိမှု ၁၉ ဦးနဲ့အများဆုံး ဖြစ်ပါတယ်။

လူနာအမှတ် ၃၊ ၆၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၄၀၊ ၅၄၊ ၅၅၊ ၅၆၊ ၅၈၊ ၅၉၊ ၆၁၊ ၇၂၊ ၇၃၊ ၈၄၊ ၉၃၊ ၉၄ တို့က အင်းစိန်ကဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဧပြီ ၁၈ ရက်မွန်းလွဲပိုင်းထိ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒုတိယအများဆုံးမြို့နယ်ကတော့ ဗဟန်းနဲ့ တောင်ဥက္ကလာတို့ ဖြစ်ပါတယ်။ နှစ်မြို့နယ်လုံးမှာ လူနာ ၁၂ ဦးတွေ့ရှိထားပါတယ်။

ဗဟန်းမှာ ပြင်သစ်ဧည့်လမ်းညွှန်ဖြစ်တဲ့ လူနာနံပါတ် ၈၊ နာမည်ကြီး ရော့ခ်အဆိုတော်တို့ဇနီးမောင်နှံ အပါအဝင် နံပါတ် ၁၁၊ ၁၂၊ ၁၃၊ ၁၅၊ ၂၅၊ ၂၈၊ ၄၁၊ ၄၂၊ ၄၆၊ ၇၁ နဲ့ ၇၉ တို့ ဖြစ်ပါတယ်။

တောင်ဥက္ကလာမြို့နယ်ကလည်း လူနာ ၁၂ ဦး တွေ့ရှိထားပါတယ်။ အဲဒီထဲမှာ နာမည်ကျော် တရားဟောဆရာတစ်ဦး အပါအဝင် လူနာနံပါတ် ၂၁၊ ၂၂၊ ၄၄၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁၊ ၅၂၊ ၈၉၊ ၉၀ နဲ့ ၉၁ တို့ ဖြစ်ပါတယ်။

မရမ်းကုန်းက ခုနစ်ဦး တွေ့ရှိထားပြီး တေးသံသွင်းပိုင်ရှင်တစ်ဦးအပါအဝင် လူနာနံပါတ် ၂၄၊ ၄၃၊ ၄၅၊ ၆၂၊ ၆၃၊ ၇၀ နဲ့ ၈၆ တို့ဖြစ်ပါတယ်။

ပန်းဘဲတန်းကတော့ ငါးဦး ဖြစ်ပြီး လူနာနံပါတ် ၃၉(ကွယ်လွန်)၊ ၆၅၊ ၆၆၊ ၆၇ နဲ့ ၆၈ တို့ ဖြစ်ပါတယ်။

ရွှေပြည်သာမြို့နယ်က သုံးဦးရှိပြီး လူနာနံပါတ် ၃၃၊ ၅၇ နဲ့ ၆၀ တို့ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံသား ၃ ဦးအပါအဝင် ရန်ကုန်က လူနာအားလုံးကို ဝေဘာဂီမှာ ကုသပေးနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ye Myo/MPA

ဓာတ်ပုံ ပုံစာ, ပြင်သစ်နိုင်ငံသား ၃ ဦးအပါအဝင် ရန်ကုန်က လူနာအားလုံးကို ဝေဘာဂီမှာ ကုသပေးနေပါတယ်။

လှိုင်သာယာမှာတော့ လေးဦးဖြစ်ပြီး လူနာနံပါတ် ၂၆ နဲ့ ၆၃ တို့ဟာ ဇနီးမောင်နှံတွေဖြစ်ကြပါတယ်။ ကျန်လူနာနှစ်ဦးကတော့ နံပါတ် ၈၀ နဲ့ ၈၁ တို့ ဖြစ်ကြပါတယ်။

ဧပြီ ၁၈ ရက် ညနေ ၃ နာရီအထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး တွက်ချက်တဲ့အခါ ဒီမြို့နယ် ခုနစ်မြို့နယ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာပေါင်း ၆၂ ဦး ရှိနေတာဖြစ်ပါတယ်။

ဒီ ၆၂ ဦး အပါအဝင်ရန်ကုန်က လူနာအားလုံးကို ဝေဘာဂီဆေးရုံမှာ ကုသပေးနေပြီး အထူးကြပ်မတ်ဆောင်မှာ ကုသပေးနေရသူ ၂ ဦးရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ပိုးတွေ့လူနာနဲ့ သေဆုံးသူအရေအတွက်က ရန်ကုန်က အများဆုံးဖြစ်နေပြီး ရောဂါဖြစ်ပွားတဲ့ ဗဟိုချက်လိုဖြစ်လာမှာစိုးရိမ်သူတွေလည်း ရှိလာနေပါတယ်။