ကိုဗစ်-၁၉ ကာကွယ်ရေး ပိုးသတ်ခန်း မြန်မာနိုင်ငံကကျောင်းသားတွေစုပေါင်းတီထွင်

မြောက်ဥက္ကလာဆေးရုံကြီးမှာ စမ်းသပ်အသုံးပြုနေစဉ်

ဓာတ်ပုံ ရင်းမြစ်, WINTHANDARPHYU'FACEBOOK

ဓာတ်ပုံ ပုံစာ, မြောက်ဥက္ကလာဆေးရုံကြီးမှာ စမ်းသပ်အသုံးပြုနေစဉ်

နည်းပညာကျောင်းသားတွေနဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသား တွေ စုပေါင်းတီထွင်ထားတဲ့ ပိုးသတ်ခန်း( Disinfection chamber)ကို စမ်းသပ်တီထွင်ရာ အောင်မြင်ခဲ့တဲ့ အတွက် ဧပြီ ၆ ရက်နေ့က မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီးကို သွားရောက်လှူဒါန်းခဲ့တယ်လို့ ဒီအစီအစဉ်ကို စတင်အကောင်အထည်ဖော်ဖို့ကြိုးစားခဲ့တဲ့ ကျောင်းသားတစ်ဦးဖြစ်တဲ့ ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ် ((WYTU) ပဉ္စမနှစ် ကျောင်းသား ဖြစ်သူ ကိုဟိန်းထက်က ဘီဘီစီကိုပြောပါတယ်။

အဆိုပါ ပိုးသတ်ခန်းကို ရန်ကုန်၊မန္တလေးနဲ့လွိုင်ကော်မြို့တွေက နည်းပညာတက္ကသိုလ်ကျောင်းသားတွေနဲ့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၀ ဦးက စုပေါင်းပြီး တီထွင်ခဲ့တာဖြစ်ပါတယ်။

'' ကျွန်တော်တို့ ကျောင်းတွေကလည်းပိတ်တော့ အအားမနေတတ်တော့ ဒါကို တီထွင်ဖို့ အကြံရလိုက် တယ်။ ကျန်တဲ့သူတွေကလည်း ပါမယ်ဆိုတာနဲ့ အကုန်စုပေါင်းပြီး လုပ်ခဲ့ကြတာပါ။ ဗီယက်နမ်မှာ လုပ်တာကိုကြည့်ပြီး ငါတို့လည်း လုပ်လို့ရနိုင်တယ်ဆိုပြီး ဝိုင်းလုပ်ခဲ့ကြတာ''လို့ ကိုဟိန်းထက်ကပြောပြပါတယ်။

ပထမဆုံးတီထွင်ခဲ့တဲ့ ပိုးသတ်ခန်းကို မြောက်ဥက္ကလာပဆေးရုံကိုလှူဒါန်းခဲ့

ဓာတ်ပုံ ရင်းမြစ်, WINTHANDARPHYU'FACEBOOK

ဓာတ်ပုံ ပုံစာ, ပထမဆုံးတီထွင်ခဲ့တဲ့ ပိုးသတ်ခန်းကို မြောက်ဥက္ကလာပဆေးရုံကိုလှူဒါန်းခဲ့

ကျောင်းသူကျောင်းသားတွေ စုပေါင်းတီထွင်မှုကို အများပြည်သူကလည်း လိုအပ်တဲ့ငွေကြေးကို ဝိုင်းဝန်း ထောက်ပံ့ခဲ့တဲ့အတွက် တစ်ပတ်အတွင်းမှာ ပိုးသတ်ခန်းကို အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ ပါဝင်သူ ကျောင်းသားတစ်ဦးဖြစ်တဲ့ မန္တလေးနည်းပညာတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုပြည့် ထူးခန့်က ဘီဘီစီကိုပြောပြပါတယ်။

စက်ကို ဘယ်လိုအသုံးပြုမလဲ

ဗီယက်နမ်နိုင်ငံမှာ အသုံးပြုတဲ့စက်ကို ကြည့်ပြီး အတုယူဖန်တီးခဲ့တာဖြစ်ပေမယ့် လူအဝင်အထွက် ကို လက်နဲ့ကိုင်ပါက ပိုးပြန်လည်ဖြန့်ဖြူးတာမျိုးမဖြစ်ရအောင် အဝင်အထွက်ကို ခြေထောက်နဲ့နင်းပြီး ဖွင့်ဝင် လို့ရမယ့် ပုံစံကို ပြောင်းလဲအသုံးပြုထားသလို စက်တစ်ခုလုံးကို သုံးမယ့်သူက ဘာမှထိတွေ့စရာမလိုဘဲ ခလုတ်နှိပ်ပြီး သုံးလို့ရမယ့် auto စနစ်ကို အသုံးပြုထားတယ်လို့လည်း ကိုပြည့်ထူးခန့်က ရှင်းပြပါတယ်။

'' ကျွန်တော်တို့က ဆေးပညာကျွမ်းကျင်သူတွေမဟုတ်လို့ ဖျန်းမယ့်ဆေးမှာ အန္တရာယ်ဖြစ်မှာစိုးလို့ ဆရာဝန်တွေနဲ့လည်း တိုင်ပင်ပါတယ်။ အများပြည်သူအတွက်ရည်ရွယ်ပြီး လုပ်ခဲ့ပေမယ့် ဆေးနဲ့မတည့်တာ တစ်ခုခုဖြစ်မှာစိုးလို့ ဆေးရုံမှာ သံသယလူနာတို့ ပိုးတွေ့လူနာတို့ကို ကြည့်မယ့် ဆရာဝန်တွေကို PPE ဝတ်စုံဝတ်ပြီး ကြည့်ပြီးရင် မချွတ်ခင်မှာ ဝတ်စုံနဲ့ ဒီအခန်းထဲဝင်ပြီးပိုးသတ်လိုက်ရင်ရပြီ။ အဲလိုသုံးမယ်လို့ တော့ သိရတယ်။''လို့ ကိုပြည့်ထူးခန့်က ပြောပြပါတယ်။

ဧပြီ ၆ ရက်နေ့က မြောက်ဥက္ကလာဆေးရုံကို သွားရောက်လှူဒါန်းရာမှာ အသုံးပြုပုံပြုနည်းတွေကို ရှင်းပြခဲ့ သလို ဆရာဝန်တွေကိုယ်တိုင် ပိုးသတ်တာကို စမ်းသပ်အသုံးပြုပြီးအဆင်ပြေတယ်လို့လည်း သူကပြော ပါတယ်။

တီထွင်သူလူငယ်တွေကို သွားရောက်အားပေးခဲ့တဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, Naw Pann Thinzar Myo

ဓာတ်ပုံ ပုံစာ, တီထွင်သူလူငယ်တွေကို သွားရောက်အားပေးခဲ့တဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး

ပိုးသတ်ခန်းကို အရေအတွက်များများနဲ့ထုတ်နိုင်ပြီလား

အလှူရှင်တွေရဲ့ လှူဒါန်းတဲ့ငွေနဲ့ ပစ္စည်းအကောင်းတွေကိုသာ အသုံးပြုပြီး ပြုလုပ်ခဲ့တဲ့အတွက် ပထမဆုံးတီထွင်ခဲ့တဲ့ ဒီပိုးသတ်ခန်းရဲ့ကုန်ကျစရိတ်ဟာ ကျပ်၇သိန်းခွဲဝန်းကျင်ရှိခဲ့ပြီး ကနဦးဖြစ်တဲ့အတွက် ပိုမိုကုန်ကျခဲ့တာတွေလည်းရှိခဲ့တယ်လို့ ကျောင်းသားတွေက ပြောပြပါတယ်။

' ' အကုန်လုံးတိုင်ပင်ကြတယ်။ အခက်အခဲက ဆိုင်တွေပိတ်ထားတော့ ပစ္စည်းတွေကဝယ်မရဘူး။ အားလုံး ဒီဇိုင်းဆွဲလို့ အဆင်ပြေပြီဆိုမှ အားလုံး ရန်ကုန်ဆင်းလာပြီး ဆုံကြ။ လုပ်ကြရတာ။ အခုတော့ အကုန်လုံး နယ်တွေပြန်ကုန်ကြတော့ လူအင်အားကတော့ နည်းနေပြီ။ ဒီလူတွေနဲ့ များများထုတ်ဖု့ိတော့ မလွယ်ဘူး ။''လို့ နည်းပညာတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ မမေပြည့်စုံကျော်ကရှင်းပြပါတယ်။

မြောက်ဥက္က္လလာပ ဆေးရုံနည်းတူ နောက်ထပ် ပိုးသတ်ခန်းတစ်ခုကို မန္တလေးကန်တော်နဒီဆေးရုံအတွက် ထပ်မံတည်ဆောက်ပေးဖို့ရှိတယ်လို့လည်း အဆိုပါကျောင်းသားတွေကပြောပါ တယ်။

' 'လောလောဆယ် ကိုဗစ် ကြောင့် မိဘတွေကလည်း သွားဖို့လာဖို့ကို သဘောမတူတော့ အားလုံးစုပြီး ထပ်လုပ်ဖို့တော့မလွယ်ဘူး။ ဒါပေမယ့်ကျွန်တော်တို့ လုပ်ထားတာကို research paper ထုတ်သွားဖို့ ရှိတယ်။ တခြားလုပ်မယ့်သူတွေရှိရင် ကျွန်တော်တို့ ဆွဲထားပြီးသားဒီဇိုင်းကိုယူပြီး လုပ်လို့လည်းရနိုင်တယ်''လို့ ကိုပြည့်ထူးခန့်ကပြောပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ COVID-19ကြောင့် လူသေဆုံးမှုတွေထဲ ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးမှု တွေလည်းရှိနေပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေအတွက် အခုလို ပိုးသတ်ခန်းတွေရှိလာပါက ရောဂါကာကွယ်ရေးဝတ်စုံတွေကို မချွတ်ခင်မှာ ပိုးသန့်စင်နိုင်တဲ့အတွက် ရောဂါကူးစက်နိုင်ခြေကို လျှော့ချနိုင်မှာဖြစ်တယ်လို့လည်း ကျောင်းသား ကျောင်းသူတွေကပြောပါတယ်။