ကိုဗစ်၁၉-ကိုရိုနာဗိုင်းရပ်စ် ဘယ်ကစတာလဲနဲ့ပတ်သက်ပြီး အမေရိကန်အငြိမ်းစားဒုဗိုလ်မှူးကြီး ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, MMWB
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းအများဆုံးဖြစ်လာတဲ့အမေရိကန်ပြည်ထောင်စုနဲ့ ဒီဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံတို့ကြား ဗိုင်းရပ်စ် ဘယ်ကစဖြစ်လဲဆိုတဲ့ အငြင်းပွားမှုတချို့ ရှိလာခဲ့ပါတယ်။ အပြန်အလှန်စွပ်စွဲချက်တွေကိုလည်း ကမ္ဘာ့မီဒီယာတချို့က ဖော်ပြလာကြပါတယ်။
တရုတ်မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကိုလာရောက်တဲ့ အမေရိကန်စစ်တပ်က ဒီဗိုင်းရပ်စ်ကို ယူဆောင်လာတာလို့ တရုတ်ဘက်က ပြောကြားတာ တွေရှိသလို ဒီကိစ္စကို အလျင်အမြန်ဖြေရှင်းဖို့ အမေရိကန်ကို တရုတ်နိုင်ငံခြားရေးဌာနဘက်က တောင်းဆိုတာတွေရှိခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်ဗိုင်းရပ်စ်ကို သုံးနှုန်းခဲ့ပါတယ်။
အခုတော့ ဒီဗိုင်းရပ်စ် ကူးစက်မှုကို တရုတ်က အတန်အသင့်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပေမယ့် အမေရိကန်ကတော့ ကူးစက်သူတစ်သိန်းကျော်နဲ့ မတ်လကုန်ပိုင်းမှာ ကမ္ဘာ့နံပါတ်တစ်နေရာကို ရောက်သွားပါပြီ။
ဗိုင်းရပ်စ် ဘယ်ကစ
တရုတ်နိုင်ငံ၊ ဟူဘေပြည်နယ်က ဝူဟန်မြို့မှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာလမှာ ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါတစ်မျိုးစတင်ပျံ့နှံ့ခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ဇန်နဝါရီဆန်းပိုင်းမှာတော့ ဝူဟန်က သားစိမ်းငါးစိမ်းတွေရောင်းတဲ့ Wet market လို့ခေါ်တဲ့ ပင်လယ်စာအစုံရောင်း ချတဲ့ဈေးကနေ ဒီဗိုင်းရပ်စ်စတင်ပြန့်ပွားတယ်လို့ ပြောလာကြပါတယ်။
အကြောင်းက ဖျားနာကိုယ်ပူချောင်းဆိုးပြီး လာပြတဲ့သူတွေ သုံးဆယ်ကျော်လောက်က ဝူဟန်ဈေးနဲ့ ဆက်စပ်သူတွေဖြစ်နေလို့ပါ။
အဲဒီနောက်ပိုင်းမှာ ဟူပေတစ်ပြည်နယ်လုံးကို တရုတ်အစိုးရက ပိတ်ဆို့ကန့်သတ်လိုက်တော့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STEEVE JORDAN
ဖေဖော်ဝါရီလဆန်းလောက်မှာတော့ တရုတ်တင်မက တောင်ကိုရီးယား၊ အီရန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေကို စတင်ကူးစက်ရာကနေ ခုတော့ နိုင်ငံပေါင်း ရာကျော် ဒီဗိုင်းရပ်စ် ကူးစက်ရောက်ရှိနေတာဖြစ်ပါတယ်။
မတ်လလယ်ကစလို့ ဒီဗိုင်းရပ်စ်က အမေရိကန်က သယ်လာတာလို့ တရုတ်က စွပ်စွဲလာခဲ့တာပါ။
ဒါနဲ့ပတ်သက်လို့ အမေရိကန်စစ်တပ်မှာ အငြိမ်းစားဒုတိယဗိုလ်မှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာ အမေရိကန်စစ်တပ်နဲ့ တွဲပြီး စစ်ဘက်အရပ်ဖက်သင်တန်းတွေပို့ချနေတဲ့ ဟာအိုင်အီမှာနေထိုင်တဲ့ ဒေါ်မီမီဝင်းဘတ်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ဒီဗိုင်းရပ်စ်ဘယ်ကစဖြစ်တာလဲ၊ ဘယ်လိုကူးစက်တာလဲဆိုတာကို အမေရကန်ရေတပ်က သိပ္ပံပညာရှင်ဆရာဝန်တွေနဲ့ ကူးစက်ရောဂါပျံ့ပွားမှုကာကွယ်ရေးသိပ္ပံပညာရှင်တွေရဲ့ လတ်တလောတွေ့ရှိထားမှုနဲ့ပတ်သက်ပြီး ဒေါ်မီမီဝင်းဘတ်က ခုလိုပြောပါတယ်။
""တစ်နေ့က ကျွန်မတို့ဆီကို အမေရိကန်ရေတပ်က ကူးစက်ရောဂါပျံ့ပွားမှုနဲ့ ကာကွယ်ရေးဆိုင်ရာပညာရှင်တွေလာပြီး briefing (စစ်ရေးဆိုင်ရာညွှန်ကြားပို့ချချက်) ပေးတဲ့အခါမှာ သူတို ပြောသွားတယ်။ ဝူဟန်ဈေးမှာရောင်းတဲ့ ပင်ဂလန်(Pingolin) ဆိုတဲ့အကောင်လေး သူက အကြေးခွံတွေ ပါတယ်။ အဲဒီအကောင်ကနေ ဗိုင်းရပ်စ်က ထွက်လာတာ။ ဖွတ်လိုအကောင်မျိုးပါ။ endangered species(မျိုးသုဉ်းမယ့်အန္တရာယ်ရှိနေတဲ့ မျိုးစိတ်) ပေါ့။ ဒီအကောင်ကို ဈေးထဲမှာရောင်းတယ်။ ကျက်အောင်မချက်ဘဲ စားလိုက်တဲ့အခါမှာ အဲဒီဗိုင်းရပ်စ်က လူကို ကူးလိုက်တာကို သွားတွေ့တယ်လို့ ပြောပါတယ်" လို့ ဒေါ်မီမီဝင်းဘတ်က ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STEEVE JORDAN
ကမ္ဘာတဝန်း ဆေးပညာရှင်တွေသိပ္ပံပညာရှင်တွေကလည်း ကိုဗစ်၁၉ ဗိုင်းရပ်စ် ဟာ တရိစ္ဆာန်ကနေ လူကို ကူးစက်တယ်လို့ မှတ်ချက်ချထားပါတယ်။ ဒီဗိုင်းရပ်စ်စပြန့်တော့ လင်းနို့တွေကနေ လူကို ကူးစက်တယ်လို့လည်း ယူဆချက်တွေရှိထားပါတယ်။
ဒါနဲ့ပတ်သက်လို့ အမေရိကန်သိပ္ပံပညာရှင်တွေ ရဲ့မှတ်ချက်က ဘယ်လိုရှိလဲဆိုတာကို ဒေါ်မီမီဝင်းဘတ်က
"ဒီ ကိုဗစ်၁၉ က ပင်ဂလန်ကနေ လာတာ။ ကိုရိုနာဗိုင်းရပ်စ်က အများကြီးပဲ။ အဲဒီအောက်မှာ ကိုဗစ် ၁၉ က တစ်ခုပေါ့။ လင်းနို့က လာတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ခပ်ဆင်ဆင်တူတယ်လို့ ပြောပါတယ်" လို့ ဆိုပါတယ်။
အခုတွေ့ရှိချက်နဲ့ပတ်သက်လို့ တရုတ်အာဏာပိုင်တွေရဲ့ တုံ့ပြန်ချက်ကိုတော့ မသိရသေးဘူးလို့ ဒေါ်မီမီဝင်းဘတ်က ဆိုပါတယ်။
အခု ဒီဗိုင်းရပ်စ် ဇာစ်မြစ်ကို ရှာဖွေနေတဲ့ အမေရိကန်ရေတပ်က သိပ္ပံပညာရှင်တွေဟာ ဆရာဝန်တွေဖြစ်ပြီး လူကိုကုတဲ့ဆရာဝန်မဟုတ်ဘဲ ကူးစက်ရောဂါပျံ့ပွားမှုနဲ့ ကာကွယ်ရေးကို အဓိက လေ့လာသုတေသနပြုတဲ့ ပညာရှင်တွေဖြစ်တယ်လို့ ဒေါ်မီမီဝင်းဘတ်က ရှင်းပြပါတယ်။
ဒီပညာရှင်တွေဟာ နိုင်ငံရေးအရ ပါဝင်ပတ်သက်မှုမရှိဘဲ ဗိုင်းရပ်စ် ကာကွယ်ဆေးဖော်ထုတ်နိုင်ဖို့အတွက် ရောဂါပျံ့ပွားမှုဇာစ်မြစ်ကို ရှာဖွေလေ့လာနေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
"ကျွန်မတို့က ဒီကိစ္စကို focus(အဓိကအာရုံစိုက်) နေတာက ဘယ်ကလာလဲ။ ဘယ်လို စကူးသွားလဲ။ ဒါကို ဘယ်လို vaccine (ကာကွယ်ဆေး) တွေနဲ့ ကုလို့ရမလဲ ဒါတွေကိုအဓိကထားတာပါ" လို့ အမေရိကန်စစ်တပ်အငြိမ်းစားဒုဗိုလ်မှူကြီးက ပြောပါတယ်။
တရုတ်သုတေသန ပညာရှင်တချို့ကလည်း ဗိုင်းရပ်စ်ဟာ လင်းနို့ကနေ လူကို တိုက်ရိုက်ကူးစက်တာမဟုတ်ဘဲ သင်းခွေချပ်ကနေတစ်ဆင့် ကူးစက်ခဲ့တာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CHAIDEER MAHYUDDIN
တရုတ်နိုင်ငံက South China Agricultural University က သပ္ပံပညာရှင်တွေက ဖေဖော်ဝါရီ ၇ ရက်က ပြောကြားထားတာဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ သင်းခွေချပ်ကို ကျန်းမာရေးကောင်းအောင် စားကြသလို သင်းခွေချပ်ရဲ့ အကြေးခွံတွေကိုလည်း ဆေးဘက်ဝင်တယ်ဆိုပြီး တိုင်းရင်းဆေးဖော်စပ်ရာမှာ အသုံးပြုပြီး ဒီအကြေးခွံကအစ ဈေးအရမ်းကြီးတယ်လို့လည်း ဆိုပါတယ်။
ဟာဝိုင်အီမှာ အသက်ရှူစက်တွေမလုံလောက်
ဒေါ်မီမီဝင်းဘတ်ဟာ အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီကျွန်းမှာ နေထိုင်တာပါ။ ကျွန်းလေးပေါ်က မြို့လေးဖြစ်လို့ သဘာဝဘေးနဲ့ပတ်သက်ရင် မြို့နေ လူထုက အမြဲသတိထားတတ်လေ့ရှိပြီး အခု ကပ်ရောဂါဘေးမှာလည်း ဒေသအာဏာပိုင်တွေညွှန်ကြားတာကို အတိအကျလိုက်နာတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ethan Miller
"ဒီကျွန်းမှာက အမြဲလိုလို သဘာဝဘေးပေါ့။ ဆူနာမီလို မုန်တိုင်းလို အမြဲ သတိပေးချက်တွေရှိတော့ လူထုက အသားကျနေတာပေါ့နော်။ အစိုးရကပြောလိုက်တာနဲ့ လူထုက လိုက်နာတဲ့အကျင့်ရှိနေပြီ။ အခု social distancing တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာမှာနေဆိုလည်း နေကြတယ်။ နောက် မဖြစ်မနေ ကိစ္စကလွဲလို့အပြင်မထွက်ဖို့၊ လူမစုဖို့ ဒါတော်တော်လေးလိုက်နာကြပါတယ်။ ဒီမှာ လူတစ်သန်းလောက်ရှိတယ်။ အခု ရောဂါဖြစ်ပွားတာက တစ်ရာကျော်။ အဲဒီတစ်ရာကျော်က နှစ်ပတ်အတွင်း ခုန်တက်သွားတာဆိုတော့ ဟာဝိုင်အီအာဏာပိုင်တွေက ကူးစက်သူ ဆယ်ယောက်မပြည့်ခင်မှာပဲ မြို့ကို ဝင်ထွက်ကန့်သတ်တာတွေလုပ်ထားတာပါ" လို့ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။
အစားအစာဝယ်ဖို့ စားသောက်ကုန်ဆိုင်လောက်ပဲ ဖွင့်ခွင့်ပြုထားပြီး ဆိုင်တိုင်းမှာ လက်ဆေးဖို့၊ ဝယ်သူတစ်ယောက်နဲ့တစ်ယောက် ၆ ပေခွာနေဖို့ ၊ တွန်းလှည်းတွေကို အမြဲ ပိုးသတ်ဆေးနဲ့ ပိုးသတ်ဖို့ စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
ဟာဝိုင်အီတစ်ကျွန်းလုံးမှာ ဆေးရုံခုတင် ၃၀၀၀ မှာ ခုတင် ၂၀၀၀ လောက်က လက်ရှိအခြားရောဂါနဲ့နားမကျန်းသူတွေကို ကုသပေးနေရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ethan Miller
"ဒါကြောင့် တကယ်လို့ ကိုဗစ်၁၉ ကူးစက်မှုနှုန်းမြင့်တက်လာရင် ကုသမှုပေးဖို့ ခုတင်မလုံလောက်တာ၊ နောက်ပြီး အသက်ရှူစက်ကလည်း အလုံးရေ ၆၅၀ ပဲရှိတယ်။ တကယ်လို့ အသဲအသန်ဖြစ်လာရင် မနိုင်မနင်းဖြစ်မှာ ပြည်နယ်အစိုးရက အရမ်းကြောက်တယ်လေ။ အဲဒါကြောင့် ကူးစက်သူ ၁၀ ယောက်တောင်မပြည့်သေးဘူး။ ဒီပိတ်ပင်ကန့်သတ်မှုတွေကို စလိုက်တာ" လို့ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။
အမေရိကန်စစ်တပ်က စစ်သင်္ဘောနှစ်စီးကို အခု ခုတင်တစ်ထောင်ဆံ့ ဆေးရုံအဖြစ် အသွင်ပြောင်းပြီးကိုဗစ်လူနာတွေကုဖို့ ပြင်ဆင်ပေးနေပြီလို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ မတ်လ ၂၉ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း တစ်သိန်းကျော်၊ သေဆုံးသူ ၁၇၀၀ ကျော်ရှိနေပါတယ်။










