ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တိုင်းပြည်ချစ်စိတ် ပြင်းထန်ရင် ကိုယ့်အသားဖဲ့ပေးမယ်၊ ၅၉ (စ)မပြင်တာ တစ်နိုင်ငံလုံးရဲ့အောင်ပွဲ၊ အာဏာသိမ်းအောင် ဘယ်သူတွေလုပ်တာလဲ အပါအဝင် မှတ်မှတ်သားသား စကားများ
ပြီးခဲ့တဲ့သတင်းပတ်အတွင်း ဖွဲ့စည်းပုံပြင်ရေးမဲခွဲချိန် ပြင်ဆင်ဖို့ လုံလောက်တဲ့ထောက်ခံမဲ မရတဲ့ပုဒ်မတွေအပေါ် အမြင် အမျိုးမျိုးနဲ့ ပြောဆိုတဲ့အထဲက စကားတချို့လည်း ရှိခဲ့သလို ဖွဲ့စည်းပုံဘယ်အချိန်မှ ပြင်နိုင်မလဲဆိုတာကို အဖြေပေးခဲ့တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စကားတို့က လူထုကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သြဝါဒပေးပွဲတစ်ခုလို့ ခေါင်းစဉ်တပ်ထားတဲ့ တွေ့ဆုံပွဲတစ်ခုမှာ သမ္မတဦးသိန်းစိန်(ငြိမ်း) က တိုင်းပြည်ချစ်စိတ်နဲ့ပတ်သက်ပြီး ပြောကြားခဲ့တဲ့ စကားကလည်း ဆွေးနွေးပြောဆိုစရာဖြစ်ခဲ့ပါတယ်။ တစ်ပတ်အတွင်း အဲဒီလှုပ်လှုပ်ခတ်ခတ်စကားတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
၁။ ဒေါ်အောင်ဆန်းစုကြည်(နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်)
ဘယ်လိုအခြေအနေ၊ ဘယ်လိုအချိန်အခါမှာ ပြင်ဆင်ခွင့်ရမလဲဆိုတာတော့ ရှင်းရှင်းလေးပဲ။ ကန့်ကွက်ပိုင်ခွင့်ရှိတဲ့လူတွေက မကန့်ကွက်တဲ့အခါ ပြင်ဆင်ရမှာပေါ့။
(ဖွဲ့စည်းပုံဘယ်တော့ပြင်နိုင်မလဲမေးခွန်းကို မတ် ၁၁ ရွှေဘိုလူထုတွေ့ဆုံပွဲမှာ ဖြေကြားချက်)
၂။ သမ္မတဟောင်းဦးသိန်းစိန်
တို့ မြန်မာမြေပုံ၊ ဘယ်လောက်လှလဲ မြန်မာပြည်မြေပုံလေးဟာ။ နော်။ ထားပါတော့။ ဒီရခိုင်ဘက်ကနေ ဒီလို ကွက်ပြီးဖဲ့ပေးလိုက်မယ်ဆိုရင် မင်းတို့စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ။ ဘယ်လိုမှ တို့ မပေးနိုင်ဘူး။ ဟုတ်တယ်မလား။ ဖြစ်နိုင်လို့ရှိရင် ကိုယ့်တိုင်းပြည်ချစ်တဲ့စိတ်ဓာတ် ပြင်းထန်တယ်ဆိုလို့ရှိရင် ကိုယ့်အသား သာ ဖဲ့ပေးရင် ဖဲ့ပေးမယ်။ ကိုယ့်တိုင်းပြည်ကိုတော့ ဖဲ့မပေးနိုင်ဘူး။ ခုနကလို နော်။ အဲဒီတော့ ခုနကလို တိုင်းပြည် ဖဲ့ပေးရမယ့်အနေအထားတွေ တောင်းဆိုလာတယ်။ သူတို့ တို့ လူမျိုး မဟုတ်တဲ့ လူမျိုးတွေကို ခုနကလို တို့က ကိုယ့်လူမျိုးပါဆိုပြီးတော့ ဒီလို အသိအမှတ်ပြုပေးဖို့ တို့ကို အကြပ်ကိုင်တာ။ နော်။ အကြပ်ကိုင်တာ။ ရခိုင်ပြည်နယ်ရဲ့ အန္တရာယ်က အင်မတန်မှ ကြီးမားပါတယ်။ ဒီပြဿနာကို တို့ ရင်ဆိုင် နေရတယ်။ အိုင်စီဂျေတို့ ဘာတို့ တရားစွဲတယ်ပြုတယ်ဆိုတာ ခုနကလို ဘာမှ လူမျိုးတုံး သတ်တယ်ပြု တယ်ဆိုတာ တို့က ဗုဒ္ဓဘာသာနိုင်ငံလေ။ လူမျိုးတုံးသတ်စရာလည်း ဘာအကြောင်းမှမရှိဘူး။ ဟုတ်တယ် မလား။ ငါတို့လူကြီးဖြစ်ခဲ့တုန်းကလည်း ခါးခါးသီးသီးငြင်းခဲ့တာပဲ။ မရှိဘူး။ ငါတို့တိုင်းပြည်မှာ။ ရိုဟင်ဂျာဆို တာ ကျွန်တော်တို့လူမျိုး မဟုတ်ဘူး။
(မတ်လ ၉ ရက်က နေပြည်တော်မှာ ပြောကြားချက်)
၃။ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း
သမိုင်းကြောင်းထဲမှာ ဒါဟာ တပ်မတော်ကနေပြီးတော့ တိုင်းပြည်ကို အာဏာနဲ့ အုပ်ချုပ်လိုက်တာ။ တကယ်တမ်းလည်း အဲဒီလိုဖြစ်သွားတယ်။ ဒါပေမဲ့ အဲဒီလို တပ်မတော်တွေက အာဏာသိမ်း လောက်အောင် အခြေအနေတွေကို ဘယ်သူဖန်တီးခဲ့တာလဲ။ တိုင်းပြည် ဗရုတ်ဗရက်ဖြစ်ပြီးတော့ တပ်မတော် အာဏာသိမ်းလောက်အောင် ဘယ်သူတွေက ဖန်တီးနေကြတာလဲ။ ပြည်သူတွေက ဖန်တီးနေတာမဟုတ်ဘူးလား။
(မတ်လ၇ ရက်က ကျောက်တံခါးမြို့နယ်အတွင်း လူထုတွေ့ဆုံပွဲမှာ ပြောကြားချက်)
၄။ ဦးသောင်းအေး(ပြည်ခိုင်ဖြိုးအမတ်)
အားလုံးစိတ်ဝင်စားနေတဲ့ ၅၉ (စ) ကတော့ ဒါ ၇၅ ရာခိုင်နှုန်းကျော်နဲ့ပယ်ဖျက်ဖို့ ကြိုးစားပေမယ့်လည်း လူအင်အားပေါင်း ၃၉၃ ဦးပဲ ထောက်ခံတဲ့အတွက် နိုင်ငံတော်အတွက် ဘာပဲပြောနေနေ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းရင်းသား ပြည်သူတွေလက်ထဲကနေ တိုင်းတပါးသြဇာအာဏာ လွှမ်းမိုးမှုကို အန္တရာယ်ကနေ ကာကွယ်လိုက်နိုင်တယ်လို့ မှတ်ချက်ပြုရမှာဖြစ်ပါတယ်။ ဒါကတော့ အမျိုးသားရေးလို့ပြောနေတာထက် တစ်နိုင်ငံလုံးအောင်ပွဲလို့ပြောရမှာပဲ။ ဘာကြောင့်လဲဆိုတော့ ခုနက ဒီပြဌာန်းထားတဲ့ဥပဒေက ကိုယ့် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေလက်ထဲမှာရှိအောင်၊ တခြား ဘယ် ပြည်ပ ပယောဂ မှ ဝင်မစွက်ဖက်နိုင်အောင်၊ ဒီဟာကို ပြည့်ပြည့်စုံစုံပြဌာန်းထားလိုက်တာလေ။ အဲဒီတော့ ပြည့်ပြည့်စုံစုံပြဌာန်းထားတာကို ပြည်သူအများစုက လက်ခံတယ်။ ယုံကြည်တယ်။ ဒါကို ပယ်ဖျက်တာကို မလိုလားဘူး။ ဒီအတွက် ဒါ အားလုံးနဲ့သက်ဆိုင်တဲ့ အောင်မြင်မှုလို့ပဲ မြင်ပါတယ်။
(မတ် ၁၁ ရက် ပုဒ်မ ၅၉ (စ) မဲခွဲရှုံးနိမ့်မှုအပေါ် မှတ်ချက်)
၅။ ဒေါ်နန်းမိုး(တအာင်းပလောင် အမျိုးသားပါတီ အမတ်)
ဒီနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှု ရလဒ်နဲ့ပတ်သက်ပြီးတော့ အရမ်းအရေးကြီးတဲ့တစ်ချက်က ပါတီအင်အားဘယ်လောက်ပဲ ကြီးမားနေပါစေ။ တစ်ပါတီတည်းနဲ့ ရပ်တည်လို့မရဘူး။ တိုင်းရင်းသား တွေရဲ့အခန်းကဏ္ဍကလည်း အရမ်းကို အရေးပါတယ်။ တခြားပါတီတွေရဲ့အခန်းကဏ္ဍကလည်း အရမ်းကို အရေးကြီးပါတယ်ဆိုတဲ့ဟာကို ဒါ မျက်မြင်သက်သေပေါ့နော်။ ပြသလိုက်ပါတယ်လို့ ကျွန်မကတော့ အဲဒီလိုမြင်တယ်။
(ဖွဲ့စည်းပုံပြင်ရေးပထမဆုံးနေ့မဲခွဲအပြီး ပြောကြားချက်)